နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရားမဝင်ကုန်သွယ်မှု ထိရောက်စွာတိုက်ဖျက်
မြန်မာနိုင်ငံတွင် တရားမဝင်ကုန်သွယ်မှု အခြေတည်နေခဲ့သည်မှာ ဆယ်စုနှစ်များစွာကြာခဲ့ပြီဖြစ်သည်။ စီမံကိန်းစီးပွားရေးစနစ် ကျင့်သုံး ခဲ့သည့်ခေတ်တွင် စတင်ပေါ်ပေါက်လာခဲ့သည့် မှောင်ခိုကုန်သွယ်မှု ခေါ် တရားမဝင်ကုန်သွယ်မှုသည် ခေတ်စနစ်များ ပြောင်းခဲ့ပြီးသည့် နောက်တွင်လည်း ပျောက်ကွယ်မသွားဘဲ ဆက်လက်ရှင်သန်နေဆဲ ဖြစ်သည်ကို တွေ့ရသည်။ ၂၀၁၈ ခုနှစ် ကမ္ဘာ့တရားမဝင်ကုန်သွယ်မှု အညွှန်းကိန်းတွင် နိုင်ငံ ၈၄ နိုင်ငံအနက် မြန်မာနိုင်ငံက အဆင့် ၈၂ ဖြစ်သည်။ မြန်မာအောက်မှ နိုင်ငံနှစ်နိုင်ငံမှာ အီရတ်နှင့် လစ်ဗျားတို့ ဖြစ်ရာ မိမိတို့နိုင်ငံ၏ အခြေအနေကို မှန်းဆကြည့်နိုင်သည်။