ဆေးလိပ်၊ ကွမ်းယာဖြတ်ကြဖို့ ဆုံးဖြတ်လိုက်ကြစို့
ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးအပေါ်ဆိုးရွားစွာ ထိခိုက်စေ နိုင်စေကြောင်းကို ဆေးလိပ်သောက်သူအားလုံးလိုလိုက သိကြသည်။ သို့ရာတွင် ချက်ချင်းလက်ငင်း ကျန်းမာရေးထိခိုက်မှုကို မတွေ့ရ ခြင်းနှင့် ကျန်းမာရေးထိခိုက်သူများကို တွေ့ရသည့်တိုင် ဆေးလိပ် ကြောင့်ဟူ၍ ပေါ်လွင်ထင်ရှားစွာ မတွေ့ရခြင်းတို့ကြောင့် အလေး အနက်မရှိကြ။ တစ်ဖက်တွင်လည်း ဆေးလိပ်ထုတ်လုပ်သည့် လုပ်ငန်းသည် အကျိုးအမြတ်ကြီးမားစွာ ရရှိသည့်လုပ်ငန်းဖြစ်ခြင်း ကြောင့် ဈေးကွက်တွင် ဆက်လက်ရပ်တည်နေနိုင်ရေးအတွက် ဆေးလိပ်ကုမ္ပဏီကြီးများက နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းနေခြင်း ကြောင့်လည်း ဆေးလိပ်သောက်သူများ အသစ်အသစ်ပေါ်ပေါက် လျက်ရှိသည်။