စိုက်မွေးထုတ်ကုန်များနှင့် ပြည်ပဈေးကွက်
မြန်မာနိုင်ငံသည် ရေ၊ မြေအရင်းအမြစ်တို့ ပေါများသည့်အလျောက် စိုက်ပျိုးရေးအခြေခံသည့် စီးပွားရေးအပေါ် အမှီပြုခဲ့ရသည်မှာ သမိုင်း တစ်လျှောက်လုံးပင်ဖြစ်သည်။ နိုင်ငံတစ်ခုလုံး ကိုလိုနီဘဝကျရောက် ခဲ့ရသည့်အခါ နယ်ချဲ့အရင်းရှင်တို့က မိမိတို့နိုင်ငံမှထွက်သည့် သယံ ဇာတများနှင့် ဆန်စပါး၊ ကျွန်းသစ်စသည်တို့ကိုသာ ထုတ်ယူသွားခဲ့ ကြပြီး စက်မှုလုပ်ငန်းများ ထူထောင်ခဲ့ခြင်းမရှိခဲ့။ ဆန်စက်၊ သစ်စက်၊ ရေနံချက်စက်နှင့် ရေနံမြေကဲ့သို့သော လုပ်ငန်းများမှာလည်း ဒုတိယ ကမ္ဘာစစ်ကာလတွင် မြေလှန်စနစ်ဖြင့် မီးရှို့ဖျက်ဆီးသွားခဲ့ခြင်းနှင့် ဗုံးကြဲဖျက်ဆီးခြင်းတို့ နှစ်ကြိမ်တိုင်တိုင်ခံခဲ့ရပြီးနောက် ပြာပုံမျှသာ ကျန်ရစ်ခဲ့ရသည်။