လူငယ်တို့၏အနာဂတ်မပျက်စီးရေး နိုင်ငံတော်ကပေးသည့်စေတနာ
မိမိတို့နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး ဆောင်ရွက်လျက်ရှိရာ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှု အရည်အသွေးများနှင့် ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးနိုင်ရန် လိုသည်။ တန်ဖိုးမြင့်မားသည့် လူသား အရင်းအမြစ် တစ်နည်းအားဖြင့် ပညာတတ်များ ပေါများကြွယ်ဝ ခြင်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ခြင်းတို့မှာ တစ်ဆက်တစ်စပ်တည်း ပင်ဖြစ်သည့်အလျောက် အမျိုးသားပညာရေး မြင့်မားအောင် ခိုင်ခိုင်မာမာ တည်ဆောက်သွားရမည်ဖြစ်သည်။