Skip to main content

ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်အရ မျိုးရိုးဗီဇ အစီအစဉ် (Genome Sequencing) တွေ့ရှိရမှုများနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း

နေပြည်တော် (၁၁-၁၂-၂၀၂၁) ရက်နေ့

ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့်အညီ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီး ဌာန၊ ဆေးသုတေသနဦးစီး ဌာနတို့အနေဖြင့် တပ်မတော်ဆေးသုတေသနတပ်နှင့်ပူးပေါင်း၍ “ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည်ရှုခြင်းလုပ်ငန်းစဉ်အဖြစ် မျိုးရိုးဗီဇအစီအစဉ် လေ့လာခြင်းလုပ်ငန်း” (Genome Sequencing) ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပါသည်။ ထိုလုပ်ငန်းစဉ်အရ  မြန်မာနိုင်ငံတွင် မျိုးရိုးဗီဇပြောင်းကိုဗစ်-၁၉ ရောဂါပိုးများဖြစ်သည့် Alpha, Beta kappa နှင့် Delta တွေ့ရှိမှုများအား ပြည်သူလူထုသို့ (၁၅-၆-၂၀၂၁) ရက်နေ့နှင့် (၃၁-၈-၂၀၂၁) ရက်နေ့ တို့တွင် သတင်းထုတ်ပြန်ပြီး ဖြစ်ပါသည်။ 

ကမ္ဘာ့နိုင်ငံများတွင် Omicron ဖြစ်ပွားမှုနှင့် ပတ်သက်၍ (၁၁-၁၂-၂၀၂၁) ရက်နေ့၊ နံနက်ပိုင်း သတင်းထုတ်ပြန် ချက်များအရ မျိုးရိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (Omicron) ကို ကမ္ဘာ့နိုင်ငံ (၆၃) နိုင်ငံတွင် တွေ့ရှိနေပြီ ဖြစ်ပါသည်။  ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ် ကြည်ရှု ခြင်းလုပ်ငန်းစဉ်အရ မျိုးရိုးဗီဇအစီအစဉ် လေ့လာခြင်းလုပ်ငန်း (Genome Sequencing) ကို  နိုင်ငံ ခြားမှ ပြန်လည်ရောက်ရှိလာသူများအနက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများနှင့် အခြားဦးစားပေး အုပ်စုများရှိ ရောဂါပိုးတွေ့ရှိသူများတွင် ဆောင်ရွက်လျှက်ရှိပါသည်။ (၆-၁၂-၂၀၂၁) ရက်နေ့တွင် တောင်ကြီး၊ မန္တလေး၊ မော်လမြိုင်၊ ကျိုင်းတုံ၊ နေပြည်တော်၊ ရန်ကုန်မြို့တို့မှ ဓါတ်ခွဲနမူနာ (၁၆) ခုကို တပ်မတော်ဆေးသုတေသနတပ်တွင် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ဒယ်လ်တာ (Delta) ပိုးတွေ့ရှိသူ (၁၆) ဦးကိုသာ တွေ့ရှိရပြီး အိုမီခရွန် (Omicron) ပိုး ယနေ့အထိ မတွေ့ရှိ ရပါ။အဆိုပါ ဒယ်လ်တာ (Delta) ပိုး တွေ့ရှိသူများတွင် ထိုင်းနိုင်ငံမှ ပြန်လည် ရောက်ရှိလာသူ (၄) ဦး၊ လာအိုနိုင်ငံမှ ပြန်လည် ရောက်ရှိလာသူ (၂) ဦး၊ မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ (၂) ဦးတို့ ပါဝင်ပါသည်။

၎င်းအပြင် ဓါတ်ခွဲနမူနာများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထိုင်းနိုင်ငံ၊ ရည်ညွှန်း ဓါတ်ခွဲခန်းသို့ လည်း ပေးပို့ထားရှိပြီးစစ်ဆေးလျှက်ရှိကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန နှင့် တပ်မတော်ဆေး သုသေတနတပ်တို့သည်  “ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ် ကြည်ရှုခြင်း လုပ်ငန်း စဉ်အဖြစ် မျိုးရိုးဗီဇအစီအစဉ် လေ့လာခြင်းလုပ်ငန်း” အား အချိန်နှင့် တစ်ပြေးညီ ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းထုတ်ပြန် အပ်ပါ သည်။

ကျန်းမာရေးဝန်ကြီးဌာန