၁။ ၂၀၂၁ ခုနှစ်အတွင်း လူ့အခွင့်အရေးဖောက်ဖျက်ခံရသည်ဟုဆိုကာ ကော်မရှင်သို့ ပေးပို့လာသော တိုင်တန်းချက်စောင်ရေ (၂၇၇) စောင်ကို လက်ခံရရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှ တိုင်တန်းချက်လက်ကျန် (၃၁) စောင်ရှိသဖြင့် စုစုပေါင်းတိုင်တန်းချက် (၃၀၈) စောင်ကို ကော်မရှင်စုံစမ်းစစ်ဆေးရေးအဖွဲ့ အစည်းအဝေးက အောက်ပါအတိုင်း စိစစ်ဆောင်ရွက်ခဲ့ပါသည်-
(က) သက်ဆိုင်ရာအစိုးရဌာနများ၊ အဖွဲ့ အစည်းများသို့ စိစစ်ဆောင်ရွက်နိုင်ရန် အကြောင်းကြားခြင်း ၇၂ မှု
(ခ) တိုင်တန်းသူများထံ လိုအပ်ချက်နှင့် အကြံပြုချက်များ အကြောင်းကြားပေးပို့ခြင်း ၅၆ မှု
(ဂ) ကွင်းဆင်းစုံစမ်းစစ်ဆေးခြင်း ၁ မှု
(ဃ) မှတ်တမ်း ထိန်းသိမ်းထားရှိခြင်း ၁၇၉ မှု
စုစုပေါင်း ၃၀၈ မှု
၂။ ကော်မရှင်သို့ ပေးပို့လာသော တိုင်တန်းချက်များနှင့်ပတ်သက်၍ လက်ခံရရှိမှုကိုလည်း တိုင်တန်း သူများထံ ပြန်ကြားစာများ ပေးပို့ခဲ့ပါသည်။
၃။ မှတ်တမ်းထားရှိသော တိုင်တန်းချက် (၁၇၉) စောင်သည် ကော်မရှင်ဥပဒေပုဒ်မ ၃၂ ပုဒ်မခွဲ (ခ) (ဂ) နှင့် ကော်မရှင်ဥပဒေပုဒ်မ ၃၇ ပုဒ်မခွဲ (က)၊ (ခ) တို့အရ စိစစ်ဆောင်ရွက်ရန် မလိုအပ်သဖြင့် မှတ်တမ်းထားရှိခဲ့ပါသည်။
၄။ ကော်မရှင်မှ လက်ခံရရှိသော တိုင်တန်းချက်များတွင် အများဆုံးရရှိသော အမှုအမျိုးအစားများမှာ မြေအငြင်းပွားမှု ၂၄.၁၈ ရာခိုင်နှုန်း၊ ရဲနှင့်သက်ဆိုင်သောမှု ၅.၄၁ ရာခိုင်နှုန်း၊ တရားရေးနှင့် သက်ဆိုင်သောအမှု ၄.၆၉ ရာခိုင်နှုန်းနှင့် အကျဉ်းထောင်နှင့်သက်ဆိုင်သောအမှု ၄.၃၃ ရာခိုင်နှုန်းတို့ ဖြစ်ပြီး ပေးပို့မှုအများဆုံးအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးမှ ၃၀.၆၈ ရာခိုင်နှုန်း၊ ပဲခူးတိုင်းဒေသကြီးမှ ၁၄.၄၄ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးမှ ၁၀.၈၃ ရာခိုင်နှုန်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ၁၀.၁ ရာခိုင်နှုန်းတို့ ဖြစ်ကြပါသည်။
၅။ တိုင်တန်းချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များသို့ စိစစ် ပေးနိုင်ရန် ညှိနှိုင်းအကြောင်းကြားပေးပို့ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်အတွင်း စိစစ်ပြန်ကြားစာ (၂၂၇) စောင် လက်ခံရရှိမှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပြီး ယင်းပြန်ကြားချက်များကို သက်ဆိုင်ရာ တိုင်ကြားသူများထံ အသိပေးပြန်ကြားပေးခဲ့ပါသည်-
(က) ၂၀၁၈ ခုနှစ် တိုင်တန်းချက်များအပေါ် ပြန်ကြားချက် ၂ စောင်
(ခ) ၂၀၁၉ ခုနှစ် တိုင်တန်းချက်များအပေါ် ပြန်ကြားချက် ၁၄ စောင်
(ဂ) ၂၀၂၀ ပြည့်နှစ် တိုင်တန်းချက်များအပေါ် ပြန်ကြားချက် ၁၅၂ စောင်
(ဃ) ၂၀၂၁ ခုနှစ် တိုင်တန်း ချက်များအပေါ် ပြန်ကြားချက် ၅၉ စောင်
စုစုပေါင်း ၂၂၇ စောင်
၆။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ၂၀၂၁ ခုနှစ်အတွင်း အကျဉ်းထောင် (၁၀) ခု၊ အချုပ်ထောင် (၁) ခု၊ အလုပ်စခန်း (၉) ခု၊ ရဲစခန်းအချုပ်ခန်း (၁၂) ခုနှင့် တရားရုံးအချုပ်ခန်း (၃) ခုတို့ကို ကုလသမဂ္ဂက ပြဋ္ဌာန်းထားသည့် အကျဉ်းသားများအပေါ် ပြုမူဆက်ဆံမှုနှင့် စပ်လျဉ်းသော အနိမ့်ဆုံးစံနှုန်းများနှင့်ညီမညီ၊ လူ့အခွင့်အရေးနှင့်သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာနှင့် ပြည်တွင်း ဥပဒေများနှင့်အညီ လူသားချင်းစာနာထောက်ထားမှုဖြင့် စောင့်ရှောက်ထားခြင်း ရှိ/မရှိတို့ကို ကြည့်ရှုစစ် ဆေးခဲ့ပါသည်။
၇။ ကြည့်ရှုစစ်ဆေးမှုနှင့်စပ်လျဉ်း၍ အကျဉ်းသားအိပ်ဆောင်၊ သန့်ရှင်းသောသောက်သုံးရေ ရရှိစေရေး၊ အကျဉ်းထောင်ဆေးခန်းနှင့် သန့်ရှင်းရေးဆိုင်ရာများ၊ မိလ္လာစနစ်ကောင်းမွန်ရေး၊ မိသားစုနှင့် ဆက်သွယ် ခွင့်ရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်ခွင့်ရရှိရေး၊ အကျဉ်းထောင်စာကြည့်တိုက်နှင့် အစားအသောက်၊ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားခွင့်ဆိုင်ရာများပါဝင်သော အကြံပြုချက်များကို ပြည်ထဲရေး ဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပါသည်။ ကြည့်ရှုစစ်ဆေးရာတွင် ယခင်ကြည့်ရှုစစ်ဆေးစဉ်က အကြံပြုချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်း စစ်ဆေးခဲ့ပါသည်။ ကြည့်ရှုစစ်ဆေးရေးအဖွဲ့နှင့် သီးခြားတွေ့ဆုံလိုသည့် အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူ (၉၀) ဦးတို့ကို လက်ခံ တွေ့ဆုံခဲ့ပြီး ယင်းတို့၏တင်ပြချက်များအပေါ် မှတ်တမ်းတင်စိစစ်ကာ တွေ့ရှိချက်များနှင့် အကြံပြုချက် များကို သက်ဆိုင်ရာဌာနများသို့ ညှိနှိုင်းအကြောင်းကြားခြင်းများ ပြုလုပ်ခဲ့ပါသည်။
၈။ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကော်မရှင်ဥပဒေ။ ပြဌာန်းချက်များနှင့်အညီ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့် အမျိုးသမီးကလေးများ သင်တန်းကျောင်း (မလိခ) ကိုလည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့ရှိ အမျိုးသမီးကလေးများ သင်တန်းကျောင်းသို့လည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ လူငယ်သင်တန်းကျောင်းများတွင် ထိန်းသိမ်းစောင့်ရှောက်ထားသော ကလေးသူငယ်များအား ပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်ခွင့်၊ မိသားစုနှင့်ပြန်လည်ပေါင်းစည်းခွင့်၊ သန့်ရှင်းသော သောက်သုံးရေရရှိခွင့်စသည့် အခြေခံလူ့အခွင့်အရေး များနှင့် အညီ ထိန်းသိမ်းစောင့် ရှောက်ထားခြင်းရှိမရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ကြည့်ရှုစစ်ဆေး တွေ့ရှိချက်များအပေါ် အကြံပြုချက်များ ပေးပို့ခဲ့ပါသည်။
၉။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ၂၀၂၁ ခုနှစ်အတွင်း အကျဉ်းထောင်များ၊ အလုပ်စခန်းများနှင့် လူငယ်သင်တန်းကျောင်းများ၊ မသန်စွမ်းကျောင်းများသို့ သွားရောက်ကြည့်ရှု စစ်ဆေးစဉ် သုတ၊ ရသ စာအုပ်စာပေ (၃၅၆၀) အုပ်နှင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း မြန်မာပြန်စာသားများ ပါရှိသော မှတ်စုစာအုပ်များကို လှူဒါန်းပေးခဲ့ပါသည်။
၁၀။ တိုင်ကြားနိုင်သည့် နည်းလမ်းများကို သတင်းစာများတွင် အခါအားလျော်စွာ ကြေညာပေးခြင်း၊ www.mnhrc.org.mm တွင် လေ့လာသိရှိနိုင်ရန် ထုတ်ပြန်ထားပါသည်။ လူ့အခွင့်အရေး ဖောက်ဖျက် ခံရခြင်းများတွင် ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနှင့် မသန်စွမ်းသူ၏ အခွင့်အရေး ဖောက်ဖျက်ခံရခြင်းများလည်း အကျုံးဝင်ပါသဖြင့် နိုင်ငံအနှံ့အပြားတွင် ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနှင့် မသန်စွမ်းသူ၏ အခွင့်အရေး ဖောက်ဖျက်ခံရခြင်းများ ခံစားတွေ့ကြုံရပါက လည်း တိုင်တန်းနိုင်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ၊ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်