Skip to main content

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများမှ ဥပဒေဘောင်အတွင်း ဝင်လိုသူများနှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ခြင်း

တိုင်းရင်းသားလူမျိုးများစွာ မှီတင်းနေထိုင်လျက်ရှိသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအတွက် အချင်းချင်းသွေးစည်းညီညွတ်မှုရှိမှသာ ပြည်ထောင်စုကြီးမပြိုကွဲဘဲ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲမည်ဆိုသည်ကို အတိတ်သမိုင်းမှ သင်ခန်းစာများ ရရှိခဲ့ပြီးဖြစ်ပါသည်။ အနာဂတ်တွင်လည်း အလားတူ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ကျစ်လစ်ခိုင်မာသည့် ညီညွတ်သောစုပေါင်းအားကို ဆက်လက်ကြိုးပမ်းတည်ဆောက်သွားရမည် ဖြစ်ပါသည်။ နိုင်ငံရေးအရ သဘောထားကွဲလွဲမှု၊ တိုင်းရင်းသားအရေးအရ သဘောထားကွဲလွဲမှုများကြောင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ရပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်ခဲ့ရပါသည်။

အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH နှင့် NUG တို့က နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်းရေးကိုဦးတည်ကာ အကြမ်းဖက်သတ်ဖြတ်မှုများကို လုပ်ဆောင်ရန် စည်းရုံးသိမ်းသွင်းခံထားရသူများသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးအမျိုး အမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်မှုများကို ပြုလုပ်လာခဲ့ကြပါသည်။ ထိုသို့ဆောင်ရွက်နေမည်ဆိုပါက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီထွန်းကားရေးကို ထိခိုက်နှောင့်နှေးစေမည် ဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ် အနက်မှ “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်ပေးနိုင်ရေး ဆောင်ရွက်သွားမည်” ဟူသည့် ရှေ့လုပ်ငန်းစဉ်အရလည်းကောင်း၊ “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှု အပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်ရေး” ဟူသည့် နိုင်ငံရေးဦးတည်ချက်အရလည်းကောင်း စစ်မှန်၍စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက်ဖော်ဆောင်နိုင်ရေးအတွက် ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည် ဆိုသည့်အချက်နှင့်အညီ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းဆောင်ရွက်မှသာ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

သို့ပါ၍ PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သတင်းထုတ်ပြန်ရေးအဖွဲ့