ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ငြိမ်းချမ်းရေးဆွေးနွေးမှုနှင့် ပတ်သက်၍ အသိပေးထုတ်ပြန်ချက်
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်
၂၀၂၂ ခုနှစ် ၊ ဇွန်လ ၁၄ ရက်
၁။ နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးရရှိရန် ဦးတည်၍ ယခု ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလည်း ဧပြီလ ၂၂ ရက်နေ့တွင် ငြိမ်းချမ်းရေးမိန့်ခွန်းတစ်ရပ်ပြောကြား၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဥက္ကဋ္ဌခေါင်းဆောင်ဦးစီးအဖွဲ့ဝင် ၂ ဦးဖြင့် ငြိမ်းချမ်းရေးအတွက် ရိုးသားပွင့်လင်းစွာဆွေးနွေးနိုင်ရေး ဖိတ်ခေါ်ကမ်းလှမ်းခဲ့သည်။
၂။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုအရ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နှင့် လက်မှတ်ရေးထိုးရခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့တို့က ပြည်ထောင်စုအကျိုး၊ ဒေသအကျိုးကို ဆောင်ရွက်လိုသည့် စိတ်ဆန္ဒများဖြင့် လာရောက်ဆွေးနွေးမည်ဖြစ်ကြောင်း အကြောင်းပြန်ခဲ့ကြသည်။
၃။ ယခုအချိန်အထိ ငြိမ်းချမ်းရေးလာရောက်ဆွေးနွေးမည့် အဖွဲ့ ၁၀ ဖွဲ့အနက် အဖွဲ့ ၆ ဖွဲ့မှ ငြိမ်းချမ်းရေးကိုယ်စားလှယ်များသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကိုယ်တိုင်ကိုယ်ကျတွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်သူလူထုဆန္ဒနှင့်ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသခံများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့် ဒေသတစ်ခုချင်းမှအစပြု၍ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး စုပေါင်းနေထိုင်လျက်ရှိသည့် အမိပြည်ထောင်စုနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရိုးသားပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်ခဲ့ပြီး ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်သည့်၊ ကောင်းမွန်သည့် တွေ့ဆုံဆွေးနွေးမှုရလာဒ်များကို ဖော်ဆောင်နိုင်ခဲ့သည်။
၄။ ဆက်လက်၍ တွေ့ဆုံဆွေးနွေးရန်ကျန်ရှိသည့် အဖွဲ့ ၄ ဖွဲ့နှင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆက်လက်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပြီး ပြည်ထောင်စုကြီးတစ်ရပ်လုံး ထာဝရငြိမ်းချမ်းရေးရရှိရေးကို ဦးတည်အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်သည်။
၅။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ခိုင်မြဲစွာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
၆။ ယခုငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တိုင်းပြည်၏ ပကတိအနေအထားနှင့် ကိုက်ညီပြီး ဖြစ်သင့်ဖြစ်ထိုက်သည်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တောင်းဆိုချက်များ၊ အမှန်တကယ် ဖြစ်နိုင်ဖွယ်ရှိသည်များ စသည်တို့ကို အသေးစိတ် အကြေအလည် ဆွေးနွေးအဖြေရှာ ဆောင်ရွက်သွားမည်ဖြစ်သည်။
၇။ သို့ဖြစ်ပါ၍ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ရောက်ရှိလာခြင်းမရှိသေးသည့် NCA လက်မှတ်ရေးထိုးပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ရေးထိုးရခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တိုင်းပြည်အကျိုး၊ ဒေသအကျိုးကို မြင်အောင်ကြည့်စေလိုပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ထပ်မံဖိတ်ခေါ်အပ်ပါသည်။ တက်ရောက်ဆွေးနွေးမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အသီးသီးမှ ဥက္ကဋ္ဌ သို့မဟုတ် ကိုယ်စားအဆုံးအဖြတ်ပေးနိုင်မည့် ခေါင်းဆောင်နှင့် အဖွဲ့ဝင် ၂ ဦး၏ အမည်စာရင်းကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ ပြန်ကြားပေးစေလိုကြောင်းနှင့် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံပြီး ငြိမ်းချမ်းသည့်ပြည်ထောင်စုနိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ရန်အတွက် ပြည်ထောင်စုသားအားလုံး၏ အကျိုးကိုရှေးရှု၍ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းနှိုးဆော် အသိပေးထုတ်ပြန်အပ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ