၁၃၈၄ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက်
(၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်)
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၀၉:၃၀ နာရီတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ကျင်းပခဲ့သည်။ အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာပြီးနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေများ၊ နိုင်ငံတော် တည်ငြိမ်ရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးတို့ကို အလေးထားဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှု အခြေအနေများ၊ NUG ၏ ညွှန်ကြားစေခိုင်းမှုအရ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြသည့် PDF အပါအဝင် အမည်အမျိုးမျိုးဖြင့် လှုပ်ရှား ဆောင်ရွက်လျက်ရှိကြသည့် အကြမ်းဖက်အုပ်စုများက တိုင်းဒေသကြီး၊ ပြည်နယ်အချို့တို့တွင် အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် အခြေအနေတို့ကို သုံးသပ်တင်ပြခဲ့ပြီး နိုင်ငံတော်အား အေးချမ်းသာယာ၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိနိုင်ရေးနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၉ အရ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပပေးနိုင်ရေး တို့အတွက် ဆက်လက် ဆောင်ရွက်ပေးရန် အချိန်လိုအပ်လျက်ရှိပါသဖြင့် နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလအား သက်တမ်းတိုးမြှင့်ပေးပါရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ တင်ပြခဲ့ပါသည်။
၂။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်အပေါ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်များက ထောက်ခံ ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ယာယီသမ္မတ အပါအဝင် အစည်းအဝေး တက်ရောက်ခဲ့ကြသည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်များ အားလုံးက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ နှင့်အညီ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလအား ဒုတိယအကြိမ် ခြောက်လသက်တမ်း တိုးမြှင့်ကြောင်းကို တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။
၃။ အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ခဲ့ကြကြောင်းနှင့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ကျန်းမာရေးကြောင့် ခွင့်ပန်ကြားခဲ့ကြောင်း ထုတ်ပြန် ကြေညာအပ်ပါသည်။
ပုံ
မြင့်ဆွေ
ယာယီသမ္မတ