Skip to main content

သတင်းထုတ်ပြန်ချက်

 

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်လျက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့ ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒီကနေ့တွင် ထိုင်းနိုင်ငံ၌ ပြုလုပ်သည့်အလွတ်သဘောဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွန်းဝီနိုင်း၏ ဖိတ်ကြားချက်အရ တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲသို့ ကမ္ဘောဒီးယားနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးမစ္စတာပရပ်ဆုတ်ခွန်း၊ လာအိုနိုင်ငံနိုင်ငံခြားရေးဝန်ကြီး မစ္စတာဆလုံးဆေးကိုမာဆစ်နှင့် ဗီယက်နမ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ ဒိုဟုန်ဗီယက်တို့ ခေါင်းဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်သည်။

ဆွေးနွေးပွဲတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် .. အာဆီယံ၏ တူညီဆန္ဒ(၅)ချက်နှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နေသည့်ကိစ္စ၊ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေမှန်များကို ရှင်းလင်းပြောကြားခြင်းနှင့် မကြာမီကထုတ်ပြန်ခဲ့သည့် တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းနှင့် ပတ်သက်သည့် အာဆီယံခေါင်းဆောင်များ၏ သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်အပေါ် မြန်မာနိုင်ငံ၏ ရပ်တည်ချက်တို့ကို တက်ရောက်လာသည့် ကိုယ်စားလှယ်များအား ရင်းနှီးပွင့်လင်းစွာ ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲနှင့်ဆက်စပ်လျက် မြန်မာ-ထိုင်းနှစ်နိုင်ငံဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှု-ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များနှင့် ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။