Skip to main content

မြန်မာနိုင်ငံတော်ဗဟိုဘဏ် သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်

သတင်းထုတ်ပြန်ချက်

ရက်စွဲ၊၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ( ၂၃ ) ရက်

မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပမှုအား ပြသရန်၊ ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ တိုင်းပြည်နှင့်ကမ္ဘာကြီး အေးချမ်း သာယာမှု ဖြစ်စေရန် ရည်ရွယ်တည်ဆောက်ထားသည့် “ မာရဝိဇယ ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်နှင့် ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက်နေ့တွင် မွေးဖွားသန့်စင်သည့် ဆင်ဖြူတော် ရတနာ " ရဋ္ဌနန္ဒက " ၏ တစ်နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်မှ “ နှစ်သောင်းကျပ်တန် ” ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့မှစ၍ ထုတ်ဝေမည် ဖြစ်ပါသည်။

ယင်းငွေစက္ကူကို အရေအတွက် အကန့်အသတ်ဖြင့်သာ ထုတ်ဝေသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင်း လှည့်လည်သုံးစွဲနေသောငွေစက္ကူများအနက် ဟောင်းနွမ်းပြီး လှည့်လည် သုံးစွဲရန် မသင့်သော ငွေစက္ကူအမျိုးအစားအသီးသီးတို့နှင့် “ တန်ဖိုးတူ " လဲလှယ်ပေး ခြင်းဖြင့်သာ ဖြန့်ဝေသွားမည် ဖြစ်ပါသည်။ ကနဦးအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် - နေပြည်တော်၊ ရန်ကုန်ဘဏ်ခွဲနှင့် မန္တလေးဘဏ်ခွဲတို့တွင် ဟောင်းနွမ်း ငွေစက္ကူများနှင့် “ တန်ဖိုးတူ လဲလှယ်ပေးမည် ဖြစ်ပါသည်။

လက်ရှိတရားဝင် လှည့်လည်သုံးစွဲနေသော ငွေစက္ကူများနှင့် ငွေအကြွေများသည်လည်း တရားဝင်သုံးစွဲငွေအဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်ပါသည်။ ငွေစက္ကူသစ်နှင့် ပတ်သက်သည့် အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

နှစ်သောင်းကျပ်တန်ငွေစက္ကူ

အရွယ်အစား ။  အလျား(၁၅)စင်တီမီတာ နှင့် အနံ (၇ )စင်တီမီတာ

ပေါ်လွင်သောအရောင် ။  အစိမ်းနုရောင်

မျက်နှာစာဘက် ။ နှစ်သောင်းကျပ်တန်ငွေစက္ကူ၏ ထိပ်ပိုင်းတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် စာတန်းရိုက်နှိပ်ထားပါသည်။ မျက်နှာစာဘက်အလယ်ပိုင်းတွင် မြန်မာ့အနုပညာ လက်ရာမြောက် ရတနာဆင်ဖြူတော်ပုံ ရိုက်နှိပ်ထားပြီး  ငွေစက္ကူ၏ လက်ယာဘက်တွင် ငွေစက္ကူတန်ဖိုးကို မြန်မာစာသားဖြင့် “နှစ်သောင်းကျပ်ဟု ဖော်ပြထားပါသည်။ ထောင့်သုံးထောင့်တွင်လည်း ငွေစက္ကူ၏တန်ဖိုးကို မြန်မာ၊ အင်္ဂလိပ် ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါသည်။ ငွေစက္ကူနံပါတ်ကို မြန်မာအက္ခရာ မြန်မာဂဏန်းဖြင့် အလျားလိုက်၊ အင်္ဂလိပ်ဂဏန်းဖြင့် ဒေါက်လိုက် ရိုက်နှိပ်ထားပါသည်။ ငွေစက္ကူ၏လက်ဝဲဘက်တွင် ရတနာဆင်ဖြူတော် ဦးခေါင်းပုံရေစာပါရှိပါသည်။ ငွေစက္ကူ၏ ဘယ်ညာအစွန်းများတွင် အမြင်အာရုံချို့ယွင်းသူများ အထိအတွေ့ဖြင့် အာရုံခံသိနိုင်သော မျဉ်းတို (၁၂)ချောင်းစီကို ရိုက်နှိပ်ထားပါသည်။

ကျောဘက် ။ နှစ်သောင်းကျပ်တန် ငွေစက္ကူ၏ ကျောဘက်တွင် စစ်ကိုင်းတံတားပုံနှင့် ဧရာဝတီတံတား(ရတနာပုံ)အား ရိုက်နှိပ်ထားပြီး အပေါ်ပိုင်း၌ “ CENTRAL BANK OF MYANMAR” စာတန်း ၊ အောက်ပိုင်း၌ “TWENTY THOUSAND KYATS” ဟူသော စာတန်းများ ရိုက်နှိပ်ထား ပါသည်။ ထောင့်သုံး ထောင့်တွင် ငွေစက္ကူ၏တန်ဖိုးများကို မြန်မာ၊ အင်္ဂလိပ် ဂဏန်းများဖြင့် ရိုက်နှိပ် ထားပါသည်။ နောက်ကျောဘက်တွင် ရှုထောင့် အမျိုးမျိုးမှ ပြောင်းလဲ ကြည့်လျှင် ရွှေရောင်မှ အစိမ်း ရောင်သို့ ပြောင်းလဲသော Colour Shift လုံခြုံရေးကြိုးကို ဒေါင်လိုက် မြှုပ်နှံထည့်သွင်းထားပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်