၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက်၊ အင်္ဂါနေ့
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နယ်နိမိတ်အတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် စစ်သွေးကြွလက်နက်ကိုင်သောင်းကျန်းသူများ၏ တိုက်ခိုက်မှု များကြောင့် စစ်မက်များဖြစ်ပွားလျက်ရှိပြီး ၎င်းစစ်မက်ဖြစ်ပွားရာ ဒေသများမှ စစ်သွေးကြွလက်နက်ကိုင်သောင်းကျန်းသူများသည် စစ်ရေးနှင့်မသက်ဆိုင်သော ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ အထွတ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ပုထိုးများအပါအဝင် ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဘုရားရှိခိုးကျောင်းများကို Drone များအသုံးပြု၍ Drop bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဖြိုချဖျက်ဆီးခြင်းများနှင့် ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအား ဖျက်ဆီးခြင်းစသည်တို့ကို လူမဆန်စွာပြုလုပ်လျက်ရှိကြောင်း တွေ့မြင်ကြားသိနေရ ပါသည်။
၂။ ထိုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သည့် ဘုရား၊ စေတီ၊ ပုထိုးများအပါအဝင် အခြားဘာသာရေးဆိုင်ရာ အဆောက်အဦများနှင့် ဘုရားရှိခိုးကျောင်းများကို ဖျက်ဆီးခြင်းအားဖြင့် ဘာသာရေးအဓိကရုဏ်းများ၊ လူမျိုးရေးအဓိကရုဏ်းများ ဖြစ်ပေါ်စေရန်နှင့် ပြည်တွင်းရေး တည်ငြိမ်မှုပျက်ပြားစေရန် ရည်ရွယ်ချက်၍ အကြမ်းဖက်ဖျက်ဆီးမှုများ လုပ်ဆောင်နေသည့် စစ်သွေးကြွလက်နက်ကိုင် သောင်းကျန်းသူများအားလုံးကို မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့က ပြင်းထန်စွာရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်ကြေညာအပ်ပါသည်။
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့