၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုအဖွဲ့သည် ပြည်တွင်းရှိ ဆီစက်များသို့ အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ အဆင့် မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လုပ်ငန်းသုံး ရင်းနှီးလည်ပတ်ငွေ လိုအပ်ချက်များအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထူထောင်ထားသည့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေမှ အတိုးနှုန်းသက်သာမှုရှိသော ချေးငွေများကို ထုတ်ချေးပေးလျက်ရှိပါသည်။
၂။ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေကို အောက်ပါအချက်များနှင့် ညီညွတ်ပါက လျှောက်ထားနိုင်ပါသည် -
(က) လက်ရှိ လုပ်ငန်းလည်ပတ်လုပ်ကိုင်နေသော ဆီစက် ဖြစ်ရမည်၊
(ခ) လုပ်ငန်းအမည်ပေါက် လိုင်စင် (သက်တမ်းရှိ)ရရှိရမည်၊
(ဂ) ချေးငွေအတွက် အာမခံအဖြစ် အမည်ပေါက်ပိုင်ဆိုင် သော မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းများ၊ လယ်ယာ မြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) ပေးအပ်နိုင်ရမည်၊
(ဃ) နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များတွင် လက်ရှိ ချေးငွေရယူထားသူများအနေဖြင့် ဆီစက်ဖွံ့ဖြိုးရေး ချေးငွေရယူလိုပါက သီးခြားအာမခံ တင်သွင်းနိုင်မှသာ လျှောက်ထားနိုင်ပါသည်၊
(င) FDA လက်မှတ်ရရှိပြီးသူ၊ အသေးစားစက်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ်ရရှိပြီးသူ၊ သက်ဆိုင်ရာဒေသရှိဆီစက်ပိုင်ရှင်များအသင်း၊ ဆီကုန်သည်နှင့် ဆီစက် လုပ်ငန်းရှင်များအသင်းဝင် ဆီစက်လုပ်ငန်းရှင်များ အား ဦးစားပေးစဉ်းစားမည်။
၃။ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေအတွက် ချေးငွေဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(က) ချေးငွေပမာဏ
(၁) လုပ်ငန်းသုံးလှည့်ပတ် ရင်းနှီးငွေ (Working Capital) အတွက်ချေးငွေ - အနည်းဆုံးကျပ် သိန်း ၁၀၀ မှ အများဆုံး ကျပ် သိန်း ၃၀၀၀ အထိ
(၂) မတည်ရင်းနှီးငွေ (Fixed Capital) အတွက် ချေးငွေ - အနည်းဆုံး ကျပ် သိန်း ၂၀၀ မှ အများဆုံး ကျပ် သိန်း ၃၀၀၀ အထိ
(၃) ကျပ်သိန်း ၃၀၀၀ အထက်ချေးငွေရယူလိုသော ဆီစက်လုပ်ငန်းရှင်များအနေဖြင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၊ အတွင်းရေးမှူးရုံး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်(ရုံးချုပ်)သို့ တိုက်ရိုက်ပေးပို့လျှောက်ထားရန် ဖြစ်ပါသည်။
(ခ) ချေးငွေသက်တမ်းနှင့် ပြန်ဆပ်ကာလ
(၁) လုပ်ငန်းသုံးလှည့်ပတ် ရင်းနှီးငွေ - ချေးငွေသက်တမ်း(၁)နှစ်
(၂) မတည်ရင်းနှီးငွေ - ချေးငွေသက်တမ်း (၃) နှစ် ၃ ရစ်ဆပ်
(ဂ) ချေးငွေအတိုးနှုန်း - ၁ နှစ်လျှင် (၅%)
၄။ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ လျှောက်ထားရယူလိုသော ဆီစက်လုပ်ငန်းရှင်များသည် အောက်ပါ ရုံး၊ ဌာန၊ ဘဏ်ခွဲများတွင် ချေးငွေအဆိုပြုလွှာများရယူ၍ လျှောက်ထားနိုင်ပါသည် -
(က) ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် ဆီစက်ပိုင်ရှင်များ အသင်းရုံးများအားလုံး၊
(ခ) ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ရုံးများအားလုံး၊
(ဂ) ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ရုံးခွဲများအားလုံး၊
(ဃ) ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင်နှင့် မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲများအားလုံး၊
(င) ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်နှင့် မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများအားလုံး၊
၅။ ဆီစက်ချေးငွေ အဆိုပြုလွှာပုံစံများကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန website www. mopf.gov.mm ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန website https://msmewebportal.gov.mm/ ၊ မြန်မာဆီစက်ပိုင်ရှင်များအသင်း website http://www.meoma.org ၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီစက်လုပ်ငန်းရှင်များအသင်း website http://meoda.myanmarwebtraining.com ၊ MEB website www.meb.gov.mm ၊ MADB website www.madb.gov.mm တို့တွင် download ရယူနိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေးကြေညာအပ်ပါသည်။
ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ
စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့