Skip to main content

မန္တလေးတိုင်းဒေသကြီးသို့ လာရောက်သူများနှင့် မန္တလေးတိုင်းဒေသကြီးမှ တိုင်းဒေသကြီးပြင်ပသို့သွားရောက်ခဲ့ပြီး ပြန်လည်ဝင်ရောက်လာသူများသိရှိလိုက်နာရန် အသိပေးကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့

အမိန့်အမှတ်(၃၀/၂၀၂၀)

၁၃၈၂ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၄ ရက်

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၆ ရက်

မန္တလေးတိုင်းဒေသကြီးသို့ လာရောက်သူများနှင့် မန္တလေးတိုင်းဒေသကြီးမှ တိုင်းဒေသကြီးပြင်ပသို့ သွားရောက်ခဲ့ပြီး ပြန်လည်ဝင်ရောက်လာသူများ သိရှိလိုက်နာရန် အသိပေးကြေညာချက်

၁။ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ရခိုင်ပြည်နယ်၌ ပြည်တွင်းကူးစက်မှုဟု သုံးသပ်ရသော COVID-19 ရောဂါ အတည်ပြုလူနာများ တွေ့ရှိခဲ့ရပြီး ၎င်းတို့မှ ဆင့်ပွားကူးစက်သူအချို့သည် အခြားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသို့ ပျံ့နှံ့ရောက်ရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးနိုင်ရေးအတွက် ရောဂါဖြစ်ပွားလျက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မန္တလေး တိုင်းဒေသကြီးသို့ လာရောက်သူများနှင့် မန္တလေးတိုင်းဒေသကြီးမှ ရောဂါဖြစ်ပွားလျက်ရှိသည့် တိုင်းဒေသကြီး နှင့် ပြည်နယ်များသို့ သွားရောက်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးသို့ ပြန်လည်ဝင်ရောက်လာသူများအား စနစ်တကျ စစ်ဆေးဆောင်ရွက်လျက် ရှိပါသည်။

၂။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အမိန့်အမှတ်(၉၇/၂၀၂၀)နှင့် အမိန့်အမှတ် (၁၀၀/၂၀၂၀)ဖြင့် အောက်ပါမြို့နယ်များကို နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာခဲ့ပြီး ဖြစ်ပါသည်-

(က) ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံး

(ခ) သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

(ဂ) အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

(ဃ) မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

(င) သာကေတမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

(စ) လှိုင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

(ဆ) ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

(ဇ) မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

၃။ မန္တလေးတိုင်းဒေသကြီးတွင် Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း သတ်မှတ်ထားသည့် မြို့နယ်များမှ မန္တလေးတိုင်းဒေသကြီးသို့ လာရောက်သူများနှင့် မန္တလေးတိုင်းဒေသကြီးမှ နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း သတ်မှတ်ထားသည့်မြို့နယ်များသို့ သွားရောက်ခဲ့ပြီး မန္တလေးတိုင်း ဒေသကြီးသို့ ပြန်လည်ဝင်ရောက်လာသူများအား အောက်ပါအချက်များကို စိစစ်ဆောင်ရွက်ပြီးမှသာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးကြေညာ ချက် ထုတ်ပြန်လိုက်သည်-

(က) နေအိမ်တွင်နေထိုင်ရေး(Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း သတ်မှတ်ထားသည့်မြို့နယ်များမှ လာရောက်သူများ

(၁) မည်သည့်အကြောင်းကိစ္စဖြင့် လာရောက်သည်ဖြစ်စေ မိမိ နေထိုင်ရာမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် နေထိုင်ကြောင်းထောက်ခံစာ ယူဆောင်လာရန်၊

(၂) တိုင်း/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူတစ်ဦးဦး၏ ခွင့်ပြုချက်မပါရှိဘဲ လာရောက်ပါက သို့မဟုတ် လာရောက်ရန် ခေါ်ယူကြောင်း အကြောင်းကြားစာ ပြသနိုင်ခြင်းမရှိဘဲ လာရောက်ပါက တိုင်းဒေသကြီးမှ ပြင်ဆင်ထားသော Com-munity Based Facility Quarantine Center များတွင် (၁၄)ရက် နေထိုင်၍ Quarantine ကာလအတွင်း ဓာတ်ခွဲ နမူနာ (၂)ကြိမ် ရယူစစ်ဆေးမှုကိုခံယူကာ ဓာတ်ခွဲအဖြေတွင် ရောဂါပိုးမတွေ့ရှိပါက Home Quarantine သို့မဟုတ် Community Based Facility Quarantine နေရာတွင် (၇) ရက်နေထိုင်ပြီးမှသာ မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်ရန်၊

(၃) နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း သတ်မှတ်ထားသည့် မြို့နယ်များတွင် နေထိုင်သော်လည်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများမှ မန္တလေးတိုင်း ဒေသကြီးသို့ လာရောက်ရန် အကြောင်းကြားစာ ရရှိသူများအနေဖြင့် သတ်မှတ်ထားသော Community Based Facility Quarantine နေရာတွင် (၇) ရက်နေထိုင်၍ Quarantine ဝင်ရောက်ပြီး နောက် တစ်ရက်တွင် လည်းကောင်း၊ (၅) ရက်မြောက်နေ့တွင် လည်းကောင်း နှာခေါင်း၊ အာခေါင် တို့ဖတ်နမူနာ (Swab) ရယူစစ်ဆေးမှုခံယူကာ ရောဂါမရှိကြောင်း အဖြေရရှိမှသာ သက်ဆိုင်ရာနေရာဒေသသို့ သွားရောက်ရန်၊

(၄) နေအိမ်တွင် နေထိုင်ရေး(Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း သတ်မှတ်ထားသည့် မြို့နယ်များတွင် နေထိုင်သော်လည်း ၎င်းတို့နှင့် သက်ဆိုင်သော လုပ်ငန်းများဆောင်ရွက်ရန် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံတမန်များ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ဝန်ထမ်း များအနေဖြင့် သတ်မှတ်ထားသော Community Based Facility Quarantine နေရာတွင် (၇) ရက်နေထိုင်၍ Quarantine ဝင်ရောက်ပြီး နောက်တစ်ရက်တွင် လည်းကောင်း၊ (၅) ရက်မြောက် နေ့တွင် လည်းကောင်း နှာခေါင်း၊ အာခေါင် တို့ဖတ်နမူနာ (Swab) ရယူစစ်ဆေးမှုခံယူကာ ရောဂါမရှိကြောင်း အဖြေရရှိမှသာ သက်ဆိုင်ရာနေရာဒေသသို့ သွားရောက်ရန်၊

(၅) နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း သတ်မှတ် ထားသည့် မြို့နယ်များတွင် နေထိုင်သော်လည်း တာဝန်ထမ်းဆောင်ရန် မြို့နယ်ပြင်ပသို့ သွားလာခွင့်ရှိသည့် အဖွဲ့အစည်းများနှင့် ကုမ္ပဏီများမှ ဝန်ထမ်းများ မန္တလေးတိုင်းဒေသကြီးရှိ ၎င်းတို့နှင့် သက်ဆိုင်သော လုပ်ငန်းများဆောင်ရွက်ရန် လာရောက် လိုပါက သတ်မှတ်ထားသော Community Based Facility Quarantine နေရာတွင် (၇) ရက်နေထိုင်၍ Quarantine ဝင်ရောက်ပြီး နောက်တစ်ရက်တွင် လည်းကောင်း၊ (၅)ရက် မြောက်နေ့တွင် လည်းကောင်း နှာခေါင်း၊ အာခေါင်တို့ဖတ် နမူနာ (Swab) ရယူစစ်ဆေးမှုခံယူကာ ရောဂါမရှိကြောင်း အဖြေရရှိမှသာ သက်ဆိုင်ရာနေရာဒေသသို့ သွားရောက် ရန်။

(ခ) မန္တလေးတိုင်းဒေသကြီးမှ နေအိမ်တွင်နေထိုင်ရေး (Stay at Home) သတ်မှတ်ထားသည့်မြို့နယ်များသို့ သွားရောက်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးသို့ ပြန်လည်ဝင်ရောက်လာသူများ

(၁) မန္တလေးတိုင်းဒေသကြီးသို့ ပြန်လည်ဝင်ရောက်လာပါက မည်သည့်မြို့နယ်များသို့ သွားရောက်ခဲ့သည်ကို အထောက်အထားဖြင့် တင်ပြရန်၊

(၂) မည်သည့်မြို့နယ်များသို့ သွားရောက်ခဲ့ကြောင်း အထောက်အထားခိုင်လုံစွာ မတင်ပြနိုင်သူများ၊ နေအိမ်တွင် နေထိုင်ရေး (Stay at Home) သတ်မှတ်ထားသော မြို့နယ်များသို့ သွားရောက်ခဲ့သူများကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ပြင်ဆင်ထားသော Community Based Facility Quarantine နေရာများတွင် (၁၄)ရက် နေထိုင်၍ Quarantine ကာလအတွင်း ဓာတ်ခွဲနမူနာ (၂)ကြိမ် ရယူစစ်ဆေးမှုခံယူကာ ဓာတ်ခွဲအဖြေတွင် ရောဂါပိုး မတွေ့ရှိပါက Home Quarantine (၇)ရက် နေထိုင်ပြီး မှသာ မန္တလေးတိုင်းဒေသကြီးရှိ သက်ဆိုင်ရာမြို့နယ်ရှိ နေရပ်သို့ သွားရောက်ရန်။

၄။ နေအိမ်တွင်နေထိုင်ရေး(Stay at Home)အစီအစဉ်တွင် အကျုံးဝင် သော မြို့နယ်များမှ မန္တလေးတိုင်းဒေသကြီးသို့ လာရောက်သူများအနေဖြင့် မည်သူမဆို ဓာတ်ခွဲစစ်ဆေးရာ၌ ကုန်ကျမည့်စရိတ်အား လည်းကောင်း၊ Community Based Facility Quarantine ဝင်ရောက် နေစဉ်ကာလအတွင်း ကုန်ကျစရိတ်အား လည်းကောင်း ကာယကံရှင်မှ ကျခံရမည် ဖြစ်ပါသည်။

၅။ နေအိမ်တွင်နေထိုင်ရေး(Stay at Home)အစီအစဉ်တွင် အကျုံးမဝင်သော တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ မြို့နယ်များမှ မန္တလေးတိုင်းဒေသကြီး သို့ လာရောက်လိုသူများအနေဖြင့် မန္တလေးတိုင်းဒေသကြီး စစ်ဆေးရေးအဖွဲ့များ၏ ကျန်းမာရေးစစ်ဆေးမှုခံယူစေကာ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာ တွေ့ရှိပါက သက်ဆိုင်ရာဆေးရုံတွင် လိုအပ်သော ဆေးကုသမှုကို ခံယူရန် ဖြစ်ပါသည်။

၆။ နေအိမ်တွင်နေထိုင်ရေး(Stay at Home) အစီအစဉ်တွင် အကျုံး မဝင်သော မြို့နယ်များမှ ပြန်လာသူများ၊ ရောဂါဖြစ်ပွားခြင်းမရှိသေးသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များမှ ပြန်လာသူများအနေဖြင့် မန္တလေး တိုင်းဒေသကြီး စစ်ဆေးရေးအဖွဲ့များ၏ စစ်ဆေးမှုခံယူပြီး သံသယဖြစ်ဖွယ် ရောဂါလက္ခဏာတွေ့ရှိပါက သက်ဆိုင်ရာဆေးရုံတွင် လိုအပ်သော ဆေးကုသ မှုကို ခံယူရန်ဖြစ်ပါသည်။

၇။ နေအိမ်တွင်နေထိုင်ရေး(Stay at Home) အစီအစဉ်တွင် အကျုံးမဝင် သော တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ မြို့နယ်များမှ မန္တလေးတိုင်းဒေသကြီးကို ဖြတ်သန်းသွားလာမည့်‌ မော်တော်ယာဉ်များ၊ လူပုဂ္ဂိုလ်များအနေဖြင့် စစ်ဆေး ရေးအဖွဲ့များ၏ စစ်ဆေးမှုခံယူပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ညအိပ်ရပ်နားခြင်းမပြုဘဲ ဖြတ်သန်းသွားရန်ဖြစ်ပါသည်။

၈။ အထက်ပါကြေညာချက်များအား အများပြည်သူများ အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပြီး မည်သည့်မြို့သို့ သွားရောက်ခဲ့ကြောင်း တင်ပြရန် ငြင်းဆန်သူများနှင့် နေရပ် လိမ်လည်ဖော်ပြခြင်း၊ သွားရောက်ခဲ့သည့် နေရာများ မမှန်မကန် ဖြေကြားခြင်း၊ စစ်ဆေးမှုကို ကြည်ဖြူစွာ ပူးပေါင်း ဆောင်ရွက် ခြင်းမရှိသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ(၂၅)အရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၉။ သို့ဖြစ်ရာ ဤအသိပေးကြေညာချက်အား ၂၀၂၀ ပြည့်နှစ်၊ စက်တင် ဘာလ(၇) ရက်မှစတင်၍ အကောင် အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး နောက်ထပ် အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်မီ အချိန်အထိ အသိပေး ကြေညာချက်သည် အတည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

ဒေါက်တာ ဇော်မြင့်မောင်

ဝန်ကြီးချုပ်