မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂ ဒါဇင်ကျော်နှင့် ပတ်သက်သောဖော်ပြချက်များပါဝင်သည့် ၂၀၂၃ ခုနှစ်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါအစီရင်ခံစာပါ မြန်မာနိုင်ငံနှင့်ပတ်သက်သည့်ဖော်ပြချက်တွင် အတည်မပြုနိုင်သော သတင်းရင်းမြစ်များနှင့် အစိုးရကိုဆန့်ကျင်သည့် အုပ်စုများထံမှရရှိသော အချက်အလက်များအပေါ် အခြေခံထားသည့် အခြေအမြစ်မရှိသော တစ်ဖက်သတ်စွပ်စွဲချက်များနှင့် မမှန်ကန်သည့် ကိန်းဂဏန်းများပါဝင်သည်ကို တွေ့ရှိရသည်။ ထို့အပြင် အစီရင်ခံစာ၌ ချိုးဖောက်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသူများနှင့်ပတ်သက်၍ ရှင်းလင်းစွာဖော်ပြထားခြင်းမရှိသဖြင့် ထင်ယောင်ထင်မှားဖြစ်စေသည်။ ထို့ပြင် တပ်မတော်ကကျူးလွန်သည်ဟု စွပ်စွဲဖော်ပြထားသည့် စာရင်းတွင် လက်နက်ကိုင်အဖွဲ့အမျိုးမျိုး၏ ကျူးလွန်မှုများအား ထည့်သွင်းထားသည်ကိုလည်း တွေ့ရှိရသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ်၏ မေတ္တာရပ်ခံချက်အရ မြန်မာအစိုးရက အချက်အလက်များအား အစီရင်ခံစာ မထုတ်ပြန်မီ ကြိုတင်ပေးပို့ခဲ့သော်လည်း ယင်းအချက်များကို အစီရင်ခံစာတွင် ထင်ဟပ်ဖော်ပြထားခြင်းမရှိသည်ကို တွေ့ရှိရသည်။
မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းတွင် ပါဝင်သည့် ကလေးသူငယ်များ၏ အခြေခံအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်လျက်ရှိသည်။ ကလေးသူငယ်ဥပဒေ (၁၉၉၃) ကိုပြင်ဆင်အစားထိုးခဲ့သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ (၂၀၁၉) တွင် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများအား အရေးယူအပြစ်ပေးရန် ထည့်သွင်းပြဋ္ဌာန်းထားပြီးဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ၏ ဦးဆောင်မှုဖြင့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ အမျိုးသားအဆင့်တိုင်ကြားမှု ယန္တရားအဖြစ် 4 Digits (1566) Helpline ဝန်ဆောင်မှုကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ဆောင်ရွက်ခဲ့သည်။
အရွယ်မရောက်သေးသူများအား စစ်မှုထမ်းစေသည်ဟူသော စွပ်စွဲမှုများနှင့်စပ်လျဉ်း၍ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေးကော်မတီသည် ကုလသမဂ္ဂစောင့်ကြည့်လေ့လာ အစီရင်ခံတင်ပြရေးလုပ်ငန်းအဖွဲ့ (UN Country Task Force on Monitoring and Reporting) နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ကော်မတီအနေဖြင့် ၂၀၁၂ ခုနှစ်မှစ၍ CTFMR နှင့် အစည်းအဝေးစုစုပေါင်း ၅၈ ကြိမ် ကျင်းပခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် CTFMR ၏ စုံစမ်းချက်များအပေါ် အချက်အလက်အထောက်အထားများဖြင့် ပြန်ကြားလျက်ရှိသည်။ ၂၀၂၃ ခုနှစ်အတွင်း CTFMR ကစုံစမ်းသည့် အသက်မပြည့်သူဟု သံသယရှိသူ စုစုပေါင်း ၉ ဦးသာရှိခဲ့သော်လည်း ယခုအစီရင်ခံစာတွင် တပ်မတော်က ၂၀၂၃ ခုနှစ်အတွင်း အသက်မပြည့်သေးသူ ၁၁၀၂ ဦးကို စစ်မှုထမ်းစေခဲ့သည်ဟု ချဲ့ကားဖော်ပြထားသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် အစီရင်ခံစာတွင် ပါဝင်သည့် အခြေအမြစ်မရှိသော စွပ်စွဲချက်များကို ကန့်ကွက်ပယ်ချပြီး၊ အပြုသဘောဆောင်သောချဉ်းကပ်မှုဖြင့် မျှတမှုရှိပြီး ယုံကြည်လက်ခံနိုင်သော အစီရင်ခံစာများကို ထုတ်ပြန်ရန် ကုလသမဂ္ဂအားတောင်းဆိုသည်။
လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ်
ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်