Skip to main content

နိုင်ငံရေးပါတီ (၂၇) ပါတီ၏  ပူးတွဲသဘောထားထုတ်ပြန်ကြေညာချက် ၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၄) ရက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်

၁။ နိုင်ငံတော်အစိုးရက ၂၀၂၅ ခုနှစ်အတွင်း လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း အသိပေးထားရှိပြီး ဖြစ်ပါသည်။ ၎င်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ခိုင်မာသောသန္နိဋ္ဌာန်လည်း ဖြစ်ပါသည်။

၂။ လက်ရှိအခြေအနေများအရ နိုင်ငံ၏တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်၍ စတင်ကျူးကျော်၊ နယ်မြေချဲ့ထွင်၊ စစ်ဆင်တိုက်ခိုက်လာခဲ့ကြသော NUG / CRPH / PDF / MNDAA / TNLA/ AA အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများ၊ NCA စာချုပ်အား သွေဖည်၊ ချိုးဖောက်သွားကြသည့် လက်နက်ကိုင်အဖွဲ့အစည်းအချို့တို့နှင့် ၎င်းတို့အား နည်းလမ်းမျိုးစုံဖြင့် ပူးပေါင်း၊ ကူညီ၊ အားပေး၊ ထောက်ပံ့ နေကြသော ပြည်တွင်း/ပြည်ပမှ လူပုဂ္ဂိုလ်/အဖွဲ့အစည်းအချို့တို့သည် ဒို့တာဝန်အရေးသုံးပါးကို ဖျက်ဆီးနေ ကြသူများဖြစ်ကြပြီး အောက်ပါလုပ်ရပ်များကို ဆက်လက်ကျူးလွန်နေကြဆဲ ဖြစ်ပါသည် -

(က) ရဟန်းသံဃာများ၊ အပြစ်မဲ့ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ကလေးသူငယ်များအား ဖမ်းဆီးခြင်း၊ ပြန်ပေးဆွဲခြင်း၊ သတ်ဖြတ်ခြင်း။

(ခ) နိုင်ငံပိုင်/ ပုဂ္ဂလိကပိုင် အဆောက်အအုံများအား နည်းလမ်းမျိုးစုံဖြင့် ဖျက်ဆီးခြင်း။

(ဂ) အပြစ်မဲ့ပြည်သူများအား လူသားတံတိုင်းအဖြစ် အကာအကွယ်ပြု၍ တိုက်ခိုက်ခြင်း။

(ဃ) မြို့ကြီးများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုများအတွင်းသို့ လက်နက်ကြီး/ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း။

(င) အရွယ်မရောက်သေးသည့် လူငယ်များအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် လက်နက်စွဲကိုင် တိုက်ပွဲဝင်စေခြင်း။

(စ) နယ်မြေတစ်ခုတည်း၌ နှစ်ကာလကြာရှည်စွာ အတူတကွနေထိုင်ခဲ့ကြသည့် လူမျိုးမတူသော အခြားတိုင်းရင်းသားမျိုးနွယ်စုများအား မူလနေရပ်ဒေသများမှ အတင်းအဓမ္မ စွန့်ခွာစေခြင်း။

(ဆ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ပြည်တွင်း တည်ဆဲဥပဒေများနှင့် နိုင်ငံတကာဥပဒေများအား ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်ခဲ့ခြင်း။

၃။ အထက်ပါ အကြမ်းဖက်လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူများအနေဖြင့် အလုပ်အကိုင်နှင့် ပိုင်ဆိုင်မှုများ ပျက်စီးဆုံးရှုံးရခြင်း၊ စားဝတ်နေရေး ကျပ်တည်းလာခြင်း၊ လူငယ်များပညာသင်ကြားနိုင်ခွင့်များ ဆုံးရှုံးရခြင်း၊ အခြေပြုရာမူရင်းဒေသများကို စွန့်ခွာခဲ့ရခြင်းတို့အပြင် အနာဂတ်မျှော်လင့်ချက်များအားလုံး ဆိတ်သုဉ်းကွယ်ပျောက်ခဲ့ရပြီး ပြည်သူလူထု၏ မူလအခွင့်အရေးများ ပိတ်ဆို့ထားသကဲ့သို့ ခံစားနေရသဖြင့် အမြန်ဆုံးလွတ်မြောက်ရန် လိုအပ်မည်ဟု ရှုမြင်ပါသည်။

၄။ နိုင်ငံတော်အစိုးရ၏ ၂၀၂၅ ခုနှစ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးရန် ပြင်ဆင်နေမှုအား အကြမ်းဖက်မှုကို လက်မခံကြသည့် သန်းပေါင်းများစွာသောပြည်သူများကို ကိုယ်စား ပြု၍ မိမိတို့ နိုင်ငံရေးပါတီများက အပြည့်အဝ ထောက်ခံကြိုဆိုပါကြောင်းနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ မြန်မာ့မြေပေါ်မှ အကြမ်းဖက်မှုလုပ်ငန်းစဉ်များ ချုပ်ငြိမ်းစေရေးတို့အတွက် မိမိတို့နိုင်ငံရေးပါတီများက နိုင်ငံရေးနည်းလမ်းဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၅။ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရက ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေသည့် သတင်းစကားသည် နိုင်ငံတော်အတွက် ပြည်သူလူထုမှ ရွေးချယ်တင်မြှောက်သော ဒီမိုကရေစီနည်းလမ်း တကျ အစိုးရတစ်ရပ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်ခြင်းဖြစ်၍ ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့အစည်း များအတွက် ထွက်ပေါက်မဟုတ်ဘဲ နိုင်ငံရေးပါတီများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးအတွက် အကောင်းမွန်အချောမွေ့ဆုံး ထွက်ပေါက်လမ်းကြောင်းတစ်ခုဖြစ်သည်ဟု ယုံကြည်လက်ခံပါကြောင်း အောက်တွင် လက်မှတ်ရေးထိုး ပူးတွဲသဘောထားကြေညာချက် ထုတ်ပြန်အပ်ပါသည်။