Skip to main content

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ထုတ်ပြန်ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန

ထုတ်ပြန်ကြေညာချက်

၁၃၈၂ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက်

(၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၄ ရက်)

၁။      အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနသည် တိုင်းရင်းသား ပြည်သူများ နှစ်ပေါင်းများစွာ မျှော်လင့် တောင့်တခဲ့ရသော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် အရေးကြီးလှသည့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေး အဖြေရှာရေးတို့ကို အစဉ်တစိုက် အလေးပေး ဖော်ဆောင်လျက် ရှိပါသည်။

၂။       ထိုသို့ တွေ့ဆုံဆွေးနွေးမှုများ အရှိန်အဟုန် မြှင့်တင်၍ ဆောင်ရွက်နေစဉ်မှာပင် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသစောင့် ရှောက်ရေး အချိန်ကာလနှင့် တွေ့ကြုံခဲ့ရသဖြင့် အခက်အခဲ များစွာ ကြုံတွေ့ခဲ့ရပါသည်။ သို့သော်လည်း အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ပါဝင်သော အစိုးရ အစုအဖွဲ့၊ NCA လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့၊ နိုင်ငံရေးပါတီများ အစုအဖွဲ့တို့နှင့် ညှိနှိုင်းပြီး COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ၊ စတုတ္ထ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပခဲ့ပါသည်။

၃။      တပ်မတော်အနေဖြင့်လည်း COVID-19 ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေး လုပ်ငန်းများ ပိုမို ထိရောက် လျင်မြန်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၀ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့ပါသည်။

၄။      တပ်မတော်၏ထုတ်ပြန်ကြေညာချက်နှင့်ဆောင်ရွက်ချက်များသည် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁ ရက်နေ့ ဆုံးဖြတ်ချက်ကို လိုက်ပါ ဖော်ဆောင်ရာ ရောက်သည့် အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၏ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်မှုများကို ကောင်းစွာ အထောက်အကူ ဖြစ်စေခဲ့ပါသဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့်ငြိမ်းချမ်းရေးဗဟိုဌာနက ကြိုဆိုပါသည်။

၅။      ထိုသို့ တပ်မတော်အပါအဝင် သက်ဆိုင်သည့် အဖွဲ့အစည်းများက ပြည်တွင်း ငြိမ်းချမ်းရေးအတွက် စိတ်ရင်းစေတနာမှန်ဖြင့် ဝိုင်းဝန်းပံ့ပိုးကူညီ ဆောင်ရွက်ခဲ့မှုများကြောင့် COVID-19 ကာကွယ်၊ ထိန်းချုပ်ရေး ဆိုင်ရာ ကျန်းမာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ၊ စတုတ္ထအစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့အပြင် ၂၀၂၀ ရွေးကောက်ပွဲများအလွန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်ရေးအတွက် အရေးကြီးလှသော ပြည်ထောင်စုသဘောတူစာချုပ်၊ အစိတ်အပိုင်း (၃)ကို အောင်မြင်စွာ လက်မှတ်ရေးထိုး ချုပ်ဆို နိုင်ခဲ့ပါသည်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနအနေဖြင့် တိုင်းရင်းသားပြည်သူအားလုံး မျှော်လင့်တောင့်တလျက်ရှိသော စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အတွက် ခိုင်မာသည့် သန္နိဋ္ဌာန်ဖြင့် ဆက်လက် ကြိုးပမ်းဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။