၁၈-၉-၂၀၂၄
၁။ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ကြက်သွန်ခင်းကျေးရွာအုပ်စု၊ ချောင်းခြားကျေးရွာတွင် (၁၇-၉-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီခန့်တွင် အလှူရှင်များမှ လာရောက်လှူဒါန်းသော ဒံပေါက်၊ ကြက်သားအာလူးဟင်း၊ ဘဲဥခရမ်းချဉ်သီးချက်များအား စားသောက်ပြီးနောက် ၎င်းနေ့၊ ညနေပိုင်းတွင် ဝမ်းလျှောခြင်း၊ အော့အန်ခြင်းအစရှိသော အစာအဆိပ်သင့်ရောဂါလက္ခဏာများ ဖြစ်ပွားသဖြင့် တပ်ကုန်းမြို့နယ် ခုတင် (၁၀၀) ပြည်သူ့ဆေးရုံတွင် ပြင်ပလူနာအဖြစ် (၅၀) ဦး၊ အတွင်းလူနာအဖြစ် (၅၆) ဦး၊ ကလေးရောဂါအထူးကုဆေးရုံကြီး နေပြည်တော်တွင် အတွင်းလူနာအဖြစ် (၅) ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) တွင် အတွင်းလူနာအဖြစ် (၄) ဦး တက်ရောက်ကုသမှုခံယူလျက်ရှိပြီး လူနာများအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပါသည်။
၂။ သတင်းရရှိလျှင်ရရှိခြင်း (၁၇-၉-၂၀၂၄)ရက်နေ့၊ ညနေပိုင်းတွင် ရောဂါဖြစ်ပွားရာ ချောင်းခြားကျေးရွာသို့ တပ်ကုန်းမြို့နယ် ခုတင် (၁၀၀) ပြည်သူ့ဆေးရုံမှ ဆရာဝန်တစ်ဦး ဦးဆောင်သော အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (၁) ဖွဲ့၊ တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး (၁) ဦးဆောင်သော အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (၁) ဖွဲ့၊ ညောင်လွန့်ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး (၂) ဦးဆောင်သော အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (၁) ဖွဲ့၊ (၁၈-၉-၂၀၂၄) ရက်နေ့တွင် နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (ကူးစက်) ဦးဆောင်သော အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (၁) ဖွဲ့၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)မှ ဆရာဝန်တစ်ဦး ဦးဆောင်သော ဆေးအဖွဲ့ (၁)ဖွဲ့၊ တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး (၁) ဦးဆောင်သော အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (၁) ဖွဲ့တို့မှ ကွင်းဆင်း၍ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
၃။ သဘာဝဘေးဒဏ်ခံစားရသော ပြည်သူများအား အစားအသောက်များ လှူဒါန်းရာတွင် အလှူရှင်များအနေဖြင့် ပူပူနွေးနွေးပြင်ဆင်ထားသည့် သန့်ရှင်းသောအစားသောက်များအား မြို့နယ်အလိုက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ ကြီးကြပ်ရေးအဖွဲ့၊ စီမံခန့်ခွဲမှုအဖွဲ့များမှတစ်ဆင့် ပေးပို့လှူဒါန်းကြရန်နှင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် တာဝန်ယူဆောင်ရွက်နေကြသော စီမံခန့်ခွဲမှုအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများမှ စခန်းများတွင် လှူဒါန်းကြသော အစားအသောက်များအား ကျန်းမာရေးနှင့် ညီညွတ်စေရန်နှင့် သန့်ရှင်းမှုရှိစေရန် ကြီးကြပ်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပေးကြပါရန် ကျန်းမာရေးဌာနမှ တိုက်တွန်းနှိုးဆော်ထားပါသည်။