Skip to main content

အတူညီညာလက်တွဲလို့ ကလိုက်ကြစို့လေ

ပုဂံစျေးသည် ရောင်းဝယ်ဖောက်ကားသူများနှင့် စည်ကားလျက်ရှိသည်။ အသီးအရွက်တို့ သူ့ထက်ငါလုယက်ရွေးချယ် ဝယ်နေကြသူများ၊ အဝတ်အထည်တို့ကို ကိုယ်တွင်ဟပ်၍ စျေးဆစ်နေကြသူများ၊ အိုးပုတ်ချိုးရုပ်ကလေးများကို ကိုင်ကြည့်မှုတ်ကြည့်နေကြသူများ အားလုံးတို့သည် ရောင်းသူဝယ်သူ အသံတူဟု ဆိုသော်လည်း နှစ်ဦးနှစ်ဖက် နှလုံးကြည်ဖြူစွာ ရောင်းဝယ်နေကြသည်ကို တွေ့ရသည်။ ထိုအထဲတွင် ရောင်းသူလည်းမဟုတ်၊ ဝယ်ရာတွင်လည်းမပါသည့် လူတစ်ယောက်က စျေးအတွင်း ဟိုမှသည်သည်မှဟို လူးလာလျှောက်နေသည် ကိုလည်း တွေ့ရသေးသည်။ စျေးကိုစနစ်တကျ ရှိစေရန် ကြီးကြပ်နေသူဖြစ်နိုင်သည်။

တိုင်းပြည်၏ သာယာဝပြောမှု

ဤသို့ စည်ကားလျက်ရှိသည်ဆိုသော ပုဂံစျေးတွင် ရောင်းသူအားလုံးတို့သည် ရောင်းကုန်ပစ္စည်းတို့ကို အထမ်းအရွက်၊ အလွယ်အပိုးတို့ဖြင့်သာ လာရောက်ရောင်းချ ကြကုန်သည်။ ဝယ်သူအားလုံးတို့ကလည်း မိမိဝယ်ယူထားသည့် စျေးပစ္စည်းတို့ကို ထိုနည်းတူစွာပင် သယ်ဆောင်ကြလေသည်။ မည်သို့ပင်ဆိုစေကာမူ ပုဂံစျေးတွင် ရောင်းဝယ် ဖောက်ကားလျက်ရှိကြကုန်သော တိုင်းသူပြည်သားတို့၏ ပကတိအခြေအနေကို ကြည့်ရ သည်မှာ အေးချမ်းလုံခြုံမှု၊ ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံး ညီညွတ်မှုတို့ ပေါင်းစည်းထားသည့် တိုင်းပြည်၏ သာယာဝပြောမှုကို စိတ်ကူးတွင် တွေ့မြင်နေရပြန်ပေသည်။

ထိုစဉ်ခဏတွင် စျေးအသွင် လှုပ်ရှားလျက်ရှိသော ပုဂံစျေးသည် ရုတ်ရုတ်သဲသဲဖြစ်သွားသည်ကို တွေ့ရ၏။ ရောင်းသူဝယ်သူအားလုံးတို့သည် မိမိတို့၏ အထမ်းအရွက်တို့ကို မြေတွင်ချကာ တစ်နေရာတွင် စုရုံးလိုက်ကြ၏။ ထိုနေရာတွင် မြေပေါ်သို့ ညီညာစွာ ထိုင်ချလိုက် ကြ၏။ လှုပ်ရှားဆူညံသံတို့သည် တစ်ခဏအတွင်းမှာပင် ငြိမ်သက်တိတ်ဆိတ်ခြင်းဖြင့် အဆုံးသတ် သွားလေ၏။ ထိုလူစုလူဝေးကို ဦးဆောင်သူမှာ စျေးအတွင်း လူးလာခေါက်ပြန် လျှောက်နေသည့်သူ ဖြစ်နေလေ၏။ စျေးကိုကြီးကြပ်နေသူဟု ထင်မြင်ခဲ့သည့် မိမိ၏ ထင်မြင်ချက်သည်ပင် အမှန်ဖြစ်၍နေ၏။ ထိုသူဦးဆောင်လျက် တိတ်ဆိတ်ငြိမ်သက်စွာ စုဝေးစောင့်ဆိုင်းနေ ကြသည်မှာ မည်သည့်အတွက်ကြောင့်ပါနည်း။ မည်သူ့ကို စောင့်ဆိုင်းနေကြပါသနည်း။


မိမိဘေးတွင် ထိုင်နေသည့် သမီးထွေးသည်လည်း ထိုအတွေးနှင့်ပင် ရှိနေလိမ့်မည် ထင်ပါသည်။ သူသည်လည်း စိတ်ဝင်တစားနှင့် ငြိမ်ချက်သားကောင်းန ၏။ ဤသို့ စိတ်ကိုဖမ်းစားနိုင်သည့် မြင်ကွင်းမျိုးကြည့်ရှုခံစားနိုင်စေရန် အစပြုသူမှာ သမီးထွေးပင်ဖြစ်၏၊၊ သူငယ်စဉ်က ကြည့်ခဲ့ဖူး သည့် ပုဂံနန်းတော်ထဲက အကတွေကို သိပ်မမှတ်မိတော့သဖြင့် ပြန်ကြည့်လိုကြောင်း ဖခင်ဖြစ်သူကို ပူဆာသဖြင့် ဒုတိယအကြိမ် ပို့ဖြစ်ခြင်းဖြစ်၏။ သမီးထွေးပြောသည့် ပုဂံနန်းတော်ထဲက အကဆိုသည်မှာ ပုဂံမြို့ဟောင်းရှိ သိရီဇေယျဘူမိ ပုဂံရွှေနန်း တော်ကြီးတွင် ပြသဖျော်ဖြေသည့် မြန်မာ့ရိုးရာယဉ်ကျေး မှုပဒေသာ ကပွဲပင်ဖြစ်၏။ ယခင် တစ်ခေါက်ပို့ခဲ့စဉ်က သမီးထွေးမှာ မူလတန်းကျောင်းသူ အရွယ်သာဖြစ်သေး သဖြင့် မပြောဖြစ်ခဲ့သော်လည်း ယခုအခါတွင် အလယ် တန်းကျောင်းသူ ဖြစ်နေပြီဖြစ်၍ ကပွဲမစမီ စကားတစ်ခွန်းကို ပြောဖြစ်ခဲ့၏။

"ဒီည ကပွဲကြည့်တဲ့အခါ ကပွဲနဲ့အတူ စီးမျောလိုက်ပါပြီး ကြည့်တတ်ရမယ်သမီး"

"ဘယ်လို စီးမျောရမှာလဲ ဖေဖေ"

"အနုပညာအားလုံးဟာ သူတို့နဲ့အတူ စီးမျောလိုက်ပါမှ ငြိမ့်ညောင်းတဲ့ အရသာနဲ့ ထိတွေ့နိုင်မှာပါ။ ဘာတွေမှာ ဘယ်လို စီးမျောရမလဲဆိုရင် ဇာတ်လမ်းဇာတ်ကြောင်း တွေမှာ စီးမျောရမယ်။ ဇာတ်ကောင်တွေရဲ့ ဟန်ပန်အမူအရာတွေမှာ စီးမျောရမယ်။ သံစဉ်တီးလုံးတွေမှာ စီးမျောရမယ်။ သုံးနှုန်းတဲ့ စကားလုံးတွေမှာ စီးမျောရမယ်။ သမီးနားလည်လွယ်အောင် ပြောရမယ်ဆိုရင် စင်ပေါ်မှာ ဖျော်ဖြေပေးနေတဲ့သူတွေထဲမှာ သမီးလည်း ပါနေ တယ်ဆိုတဲ့ အတွေးမျိုးနဲ့ ကြည့်တတ်ဖို့ပါပဲ။ စင်ပေါ် မှာ ကနေသူတွေနဲ့ သမီးကြားမှာ ဘာအတားအဆီးနဲ့မှ ကန့်သတ်ထားတာ မရှိဘူးဆိုတဲ့ သဘောပေါ့။ အဲဒီလိုစိတ် ထားနဲ့ အနုပညာတစ်ခုကို ခံစားကြည့်ရှုတာဟာ အနုပညာနဲ့အတူ လိုက်ပါစီးမျောတယ်လို့ ဆိုချင် ပါတယ်။ ဒါဆိုရင် အနုပညာရဲ့ နက်နဲတဲ့ လျှို့ဝှက်ချက်ကို သမီးကိုယ်တိုင် တွေ့ရလိမ့်မယ်လို့ ဖေဖေယုံကြည်တယ်"။

ကပွဲမစတင်မီ ဤသို့ ပြောခဲ့၍လားမသိ။ သမီးထွေးသည် ကပွဲတင်ဆက်မှုကို စိတ်ဝင်တစား ကြည့်ရှုနေလေသည်။

ပထမမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်သည့် ပုဂံပြည့်ရှင် မဟာရာဇသိရီ အနိရုဒ္ဓဒေဝ အနော် ရထာမင်းကြီးသည် မှူးကြီးမတ်ရာ သေနာပတိများ ခြံရံလျက် ပုဂံစျေးသို့‌ရောက်ရှိ လာလေသည်။ စျေးကို ကြီးကြပ်သူနှင့်ထိုင်လျက် အသင့်စောင့်နေကြသည့် ရောင်းဝယ် ဖောက်ကားသူ အပေါင်းတို့သည် ပြည့်ရှင် မင်းကို လက်အုပ်ချီမိုး၍ ခရီးဦးကြို အရိုအသေပြု လိုက်ကြသည်။ ထိုအခိုက်တွင် ပြည့်ရှင်မင်း၏ နောက်တော်ပါးတွင် ပါလာကြသည့် ရံရွေတော် အပျို တစ်သိုက်သည် စျေးကွက်လပ်တွင် နေရာယူလိုက် ကြသည်။ ပြီးလျှင် ပုဂံအကဖြင့် ဖျော်ဖြေကြလေ၏။ ထို အကကို ပြည့်ရှင်မင်းနှင့်တကွ ရောင်းဝယ် ဖောက်ကားကြသည့် ပြည်သူအပေါင်းက ရှုစားကြလေသည်။

လှပျိုဖြူတို့၏ ပုဂံအကအပြီး ပြည့်ရှင်မင်းသည် သိရီဇေယျဘူမိ ပုဂံရွှေနန်းတော်သို့ ပြန်မည်အပြုတွင် ရှင်အရဟံမထေရ်မြတ် ကြွချီလာသည်နှင့် ကြုံလေ သည်။ ပြည့်ရှင်မင်းသည် ရှင်အရဟံမထေရ်မြတ်ကို ဝေါယာဉ်ထက်မှ ဆင်း၍ ခရီးဦးကြို အရိုအသေပြုပြီး လျှင် မထေရ်မြတ်ကို ဝေါယာဉ်ပေါ်တင်ကာ နန်းတော်သို့ ပင့်ဆောင်သွားလေသည်။

ဤသို့ ပုဂံရာဇဝင်ကို စင်မြင့်ထက်တွင် ပုံခင်း၍ တင်ဆက်နေချိန်တွင် နောက်ခံမြင်ကွင်းအဖြစ် ပုဂံခေတ် မြန်မာအမျိုးသားများ၏ သန်မာထွားကျိုင်းပုံ၊ နိုင်ငံတော် ကာကွယ်ရေးအတွက် ပန်းပဲဖိုများတွင် ဓားလှံလက်နက် ထုတ်လုပ်နေကြပုံ၊ စစ်သည်တော်များ စစ်ချီစစ်ထိုးနေ ကြပုံ၊ စေတီပုထိုးများ တည်ထားကိုးကွယ်နေကြပုံ စသည့် ပုဂံခေတ်၏ သမိုင်းပုံရိပ်များကို ပရိုဂျက်တာဖြင့် ထိုး၍ ကကွက်များနှင့် လိုက်‌လျောညီထွေစွာ ပြသထား ပေသေးသည်။

မြန်မာဟူသည့်ဂုဏ်ကို ပုဂံက မြှင့်တင်ပေးခဲ့

အနုပညာတွင် စီးမျောလိုက်ပါရင်း ကြည့်ရှုခံစားရန် သမီးထွေးကို ပြောဖြစ်ခဲ့သော မိမိသည်ပင်လျှင် ပုဂံခေတ်ယဉ်ကျေးမှု၏ တစ်ပိုင်းတစ်စမျှသော တင်ဆက်မှုတွင် မျောပါသွားခဲ့ သည်ကို ဝန်ခံရပေမည်။ မြန်မာဟူသည့် ဂုဏ်ကို ပုဂံက မြှင့်တင်ပေးခဲ့သည်ဟူသည့် အသိက မိမိကိုယ်တိုင် မြန်မာဖြစ်ရသည်ကို များစွာဂုဏ်ယူမိ စေသည်ကား အမှန်ပင်ဖြစ်လေသည်။


ပုဂံယဉ်ကျေးမှုအကများအပြီးတွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအကများဖြင့် ဆက်လက်တင်ဆက် ပေးပြန်သည်။ မြန်မာ့ရိုးရာအကများတွင် အလှူလှည့်လည် ပွဲ၊ ဆင်အက၊ သင်္ကြန်ယိမ်း၊ သီတင်းကျွတ်မီးထွန်းပွဲ၊ သူငယ်တော်ယိမ်း၊ အပျိုတော်ယိမ်း၊ ပုသိမ်ထီးအကနှင့် ခြင်းဝိုင်းအက တို့ဖြင့် ကပြဖျော်ဖြေကြလေ၏။

ပြီးလျှင် တိုင်းရင်းသားရိုးရာအကများဖြစ်သည့် ကချင်မနော အက၊ ကယားဒွေးမယ်နော် အက၊ ကရင် ဒုံးယိမ်း၊ ချင်းရိုးရာ အက၊ ဗမာနှစ်ပါးသွား အက၊ မွန်ရိုးရာ အက၊ ရခိုင်ဆီမီးခွက် အကနှင့် ရှမ်းရိုးရာ ကိန္နရီ ကိန္နရာ အကတို့ဖြင့် ဖျော်ဖြေကြပြန်သည်။ ထူးခြားချက်မှာ မြန်မာ့ရိုးရာ အလှူလှည့်လည်ပွဲတွင်ပါဝင်သည့် ဦးရွှေရိုး နှင့် ဒေါ်မိုးတို့စုံတွဲသည် မြန်မာ့ရိုးရာအကများနှင့် တိုင်းရင်းသားရိုးရာ အကတိုင်းတွင် ပါဝင်ကပြခြင်းပင် ဖြစ်၏။ ခါးမသန် မျက်မှန်ကို အားပြုရသည့် လူရိုးကြီး ဦးရွှေရိုးနှင့် ဆတ်ဆတ်ထိမခံ ဟန်ပန်ကြီးမားလွန်းသည့် အပျိုဟိုင်းကြီး ဒေါ်မိုးတို့၏ ကပေါက်တိ ကပေါက်ချာ နိုင်သော ဆက်ဆံရေးအကများက ကြည့်ရသူ၏ဘဝင်ကို ရွှင်မြူးစေသည်မှာ အမှန်ဖြစ်၏။ နောက်ဆုံးတွင် တိုင်းရင်းသား ပေါင်းစုံနှင့် ပဒေသာကပွဲကြီးတွင် ပါဝင် ကပြကြသူ အားလုံးတို့၏ စုပေါင်းအကဖြင့် ပွဲသိမ်းခဲ့လေသည်။

ပြည်ထောင်စုဟုခေါ်လေသည်

ထိုစုပေါင်းကပွဲတွင် သီဆိုခဲ့ကြသည့် သီချင်းစာသားများအနက် မိမိနှလုံးသားတွင် စွဲထင်ကျန်ရစ်ခဲ့သော စာသားအချို့မှာ “အတူညီညာလက်တွဲလို့ ကလိုက်ကြစို့လေ... အစဉ်အလာမပျက်တဲ့ ရိုးရာပွဲကြီးတွေ..” ဟူ၍ ဖြစ်လေသည်။ ထိုစာသားကို တွေးကြည့်လေ လေးနက်မှုရှိလေ ဖြစ်ရလေ၏။ တိုင်းရင်းသားတို့၏ ရိုးရာအက တို့ကို ကြည့်ခဲ့စဉ်က အားလုံးသည် သူ့အသံနှင့်သူ့ဟန်၊ သူ့အကနှင့်သူ့အလှ လိုက်ဖက်ညီလှသည်ကို တွေ့ရ ၏။ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်အလှတွေနှင့်ချည်း ဖြစ်၏။

သို့ရာတွင် လူမျိုးတို့ကွဲပြားကြ၏။ ဝတ်စုံတို့ အမျိုး မျိုးရှိကြ၏။ ဘာသာစကားလည်း မတူညီကြ။ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံနှင့် ကိုးကွယ်ယုံကြည်မှုတို့လည်း အမျိုးမျိုး ရှိကြပေလိမ့်မည်။ နေထိုင်ရာ အရပ်သည်လည်း တောင်ပေါ်နှင့်မြေပြန့်၊ မြေပြန့်နှင့်မြစ်ဝှမ်း၊ မြစ်ဝှမ်းနှင့် ကမ်းနားဟူ၍ ခြားနားလျက်ရှိနေပြန် သည်။ ထိုသို့သော မတူကွဲပြားမှုအပေါင်းကို တစုတစည်း တည်း ပေါင်းစုထားခြင်းကို ပြည်ထောင်စုဟု ခေါ်လေ သည်။

ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသော ပြည်ထောင်စုသားအားလုံးတို့သည် ပြည်ထောင်စုဖွား တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံတို့ကို အပြန်အလှန် လေးစားကြရမည် ဖြစ်ပေသည်။ တိုင်းရင်းသား အချင်းချင်းချစ်ကြည်ရင်းနှီးကြရန် လိုပါသည်။ သွေးစည်းညီညွတ်ကြရန်လိုပါသည်။ ဤသို့ သွေးစည်းညီညွတ်ရေးအတွက် တိုင်းရင်းသားရိုးရာအကများက အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည် ကို သတိထားမိပါသည်။


အဘယ်ကြောင့်ဆိုသော် အနုပညာသည် လူတို့၏စိတ်ကို ပါဝင်စီးမျောစေရန် အကောင်းဆုံးသော စွမ်းအားရှိသည့် ရေအလျင်တစ်မျိုးဖြစ်ပါသည်။ ထို့အပြင် တိုင်းရင်းသား အားလုံးတို့၏ ရှိရင်းစွဲ မျိုးချစ်စိတ် တိုင်းချစ်ပြည်ချစ်စိတ်တို့ ထာဝစဉ်ရှင်သန်ထက်မြက်နေစေရန် နှိုးဆော်ပေးနိုင်သည့် စွမ်းအားရှင်မှာလည်း အနုပညာပင်ဖြစ်ပါသည်။

သို့ဖြစ်၍ ပုဂံမူလဟန်အတိုင်း ပြန်လည်ဖော်ထုတ် တည်ဆောက်သော ပထမမြန်မာနိုင်ငံတော် ကြီးကို တည်ထောင်သည့် မဟာရာဇသိရီ အနိရုဒ္ဓဒေဝ အနော်ရထာမင်းကြီး၏ ပုဂံမြို့ဟောင်း၊ သိရီဇေယျဘူမိ ပုဂံရွှေနန်းတော်ကြီးတွင် ကပြဖျော်ဖြေသည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ပဒေသာကပွဲကြီးက ရရှိလိုက်သည့် အတွေးအမြင်အချို့ကို ရေးသားတင်ပြလိုက်ရပေသည်။
မြန်မာတိုင်းရင်းသားအားလုံး “အတူညီညာလက်တွဲလို့ ကလိုက်ကြစို့လေ..အစဉ်အလာမပျက်တဲ့ ရိုးရာပွဲကြီး တွေ.....” ဟူ၍သာ....။

အန်ကယ်ပညာ