Skip to main content
သဘာဝပတ်ဝန်းကျင်

လှမ်းလာခဲ့လေ ကဗျာဝကမ်းခြေ

 

မွန်ပြည်နယ်သည် သဘာဝအလှအပများ၊ ဘုရားပုထိုးစေတီများ၊ ယဉ်ကျေးမှု အမွေအနှစ်များ၊ ဒေသခံတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ရိုးရာဓလေ့ ဖော်ရွေပျူငှာမှုများနှင့် ပြည့်နှက်နေသည့် ပြည်နယ်တစ်ခု ဖြစ်သည်။ မွန်ပြည်နယ်ကို မြို့နယ် ၁၀ မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး မော်လမြိုင်မြို့တွင် ကျိုက်သလ္လိစေတီတော်ကြီး၊ ကျိုက်သုတ်စေတီတော်နှင့် မဟာမြတ်မုနိဘုရား၊ ကျိုက်ထိုမြို့တွင် ကျိုက်ထီးရိုးစေတီတော် နှင့် ကျိုက်ပေါလော မှဲ့ရှင်တော်ဘုရား၊ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ခန့်က ထေရဝါဒဗုဒ္ဓသာသနာတော် စတင် ထွန်းကားခဲ့သည့် သထုံမြို့တော်၊ ရိုးရာအိမ်တွင်းလက်မှုပညာ လုပ်ငန်းများ ကောင်းမွန်စွာ ထိန်းသိမ်းထားသော ဘီလူးကျွန်း၊ ရွာလွတ်၊ ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူဘုရားကြီး တည်ရှိရာ မုဒုံမြို့နယ် ဝင်းစိန်တောရလျောင်းတော်မူဘုရားကြီး၊ ဒုတိယကမ္ဘာစစ်အတွင်း သေမင်းတမန်မီးရထားလမ်း စတင်ဖောက်လုပ်ခဲ့ရာ သံဖြူဇရပ်မြို့၊ ကျိုက္ခမီရေလယ်ဘုရားနှင့် စက်စဲကမ်းခြေ၊ မွန်ပြည်နယ်၏ တောင်ဘက်အကျဆုံးရှိ လှပသော ပင်လယ်ကမ်းခြေများ တည်ရှိရာ ရေးမြို့ စသည်ဖြင့် မြို့နယ်အလိုက်လည်း ထင်ရှားကျော်ကြားသည်။

မွန်ပြည်နယ်၏ အကျယ်အဝန်းမှာ ၄၇၄၇ ဒသမ ၇ စတုရန်းမိုင် ရှိပြီး ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။ သာယာလှပသည့် ရှည်လျားသော ကမ်းရိုးတန်းကိုလည်း ပိုင်ဆိုင်ထားသည်။

 

ရေးမြို့နယ်သမိုင်း

 

ရေးမြို့နယ်သည် မွန်ပြည်နယ်၏ တောင်ဘက်အကျဆုံး မြို့နယ်တစ်ခုဖြစ်ပြီး လှပစိမ်းလန်း သာယာသော တောတောင်လျှိုမြောင်များနှင့် သဘာဝအလှအပများဖြင့် တင့်တယ်လျက်ရှိပါသည်။ ကောဇာ သက္ကရာဇ် ၉၄ ခုနှစ် တပေါင်းလဆုတ် ၂ ရက် သောကြာနေ့တွင် ဒေဝီမြို့ (ယခုထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ဝတီရွာ) တွင် စိုးစံသော မာရဒေဝီမင်းသမီးသည် ယခုရေးမြို့နေရာတွင် အုတ်မြစ်ချပြီး အဝိဇ္ဇဇေယျပူရ အမည်သမုတ်ကာ မြို့သစ်တည် အုပ်ချုပ်ခဲ့သည်။ ပျက်စီးတိမ်ကောလိုက် ပြန်လည်တည်ဆောက်လိုက်ဖြင့် ခြောက်ကြိမ်တိုင် ပြန်လည်တည်ဆောက်ခဲ့ရသော မြို့ဖြစ်ကြောင်း မြို့သမိုင်းအရ သိရသည်။

 

ရေးမြို့နယ်သည် အရှေ့မှ အနောက်သို့ ၂၂ မိုင်နှင့် တောင်မှ မြောက်သို့ မိုင် ၅၀ ရှည်လျားပြီး ဧရိယာမှာ ၄၄၅ ဒသမ ၀၅ စတုရန်း မိုင် ကျယ်ဝန်းသည်။ ရေးမြို့နယ်တွင် ရေးမြို့၊လမိုင်းမြို့၊ ခေါဇာမြို့ များ ပါဝင်သည်။ ရေးမြို့နယ်သည် မော်လမြိုင်မြို့မှ ၉၈ မိုင် အကွာတွင် ရှိပြီး မွန်ပြည်နယ်အတွင်း အကျယ်ဝန်းဆုံးသောမြို့နယ်ဖြစ်သည်။ ရေးမြို့နယ်တွင် ရော်ဘာ၊ ကွမ်းသီး၊ ဒူးရင်း၊ မင်းဂွတ်၊ သံပရာခြံလုပ်ငန်းများနှင့် ရေလုပ်ငန်းများလုပ်ကိုင်ကြပြီး ဒေသတွင်းရောင်းဝယ် ဖောက်ကားမှုအတွက် အချက်အချာကျရာ ဒေသဖြစ်သည်။ ။

 

ရေးမြို့နယ်တွင် မွန်လူမျိုးများ အဓိကနေထိုင်ကြပြီး မွန်တိုင်းရင်း သားလူမျိုးတို့၏ ရိုးရာဓလေ့ထုံးတမ်း ယဉ်ကျေးမှုများကိုလည်း လေ့လာနိုင်သည်။ သာသနာအစ သထုံက ဆိုသည့်အတိုင်း မွန် တိုင်းရင်းသား လူမျိုးများသည် ဘာသာတရား သက်ဝင်ယုံကြည်မှု၊ ယဉ်ကျေးမှု မြင့်မားသည်။ ကိုယ်ပိုင် တိုင်းရင်းသားစာပေ၊ ဘာသာ စကားရှိသည်။ မွန်တိုင်းရင်းသားတို့တွင်သာရှိသော တစ်မူထူးခြားသည့် သင်္ဘောဆွမ်းကြီးကပ်သည့် ရိုးရာဓလေ့ရှိသည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ

 

ထိုကဲ့သို့ အေးချမ်းတည်ငြိမ်သည့်ဒေသတွင် တစ်ချိန်က လက်နက်ကိုင်များ ကြီးစိုးခဲ့သောကြောင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှု အားနည်းခဲ့ပြီး ဒေသဖွံ့ဖြိုးမှုတွင်လည်း နောက်ကျ နှေးကွေးခဲ့သည်။ ၁၉၉၅ ခုနှစ်နောက်ပိုင်း ငြိမ်းချမ်းရေးရယူပြီးချိန်မှ စ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား တစိုက်မတ်မတ် ဆောင်ရွက်နိုင်ခဲ့သည်။ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သက်သေပြနေခြင်းပင် ဖြစ်ပါသည်။ ။

 

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် မွန်ပြည်နယ်အတွင်း ကျိုက်ထို၊ သထုံ၊ ဘီးလင်း၊ ကျိုက်မရော၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်များတွင် နယ်စပ်ဒေသ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဖြစ်သော လမ်းတံတားလုပ်ငန်း၊ ပညာရေးလုပ်ငန်း၊ ကျန်းမာရေးလုပ်ငန်း၊ သောက်သုံးရေရရှိရေးလုပ်ငန်း၊ မီးလင်းရေး လုပ်ငန်း၊ အိမ်ရာတည်ဆောက်ရေး လုပ်ငန်းများကို နှစ်စဉ်ရန်ပုံငွေများ ခွင့်ပြုပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် နယ်စပ်ဒေသကျေးရွာများကိုသာမက အစွန်အဖျားဖြစ်သော ပင်လယ်ကမ်းခြေ ဒေသရှိ ကျေးရွာများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ ဆောင်ရွက်ပေးလျက်ရှိသည်။ အထူးသဖြင့် ပင်လယ်ကမ်းခြေများတည်ရှိရာ မွန်ပြည်နယ်၏ တောင်ဘက် အကျဆုံး ရေးမြို့နယ်တွင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။

 

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရေးမြို့နယ်သည် နယ်မြေကျယ်ဝန်းသော ဒေသဖြစ်သည်နှင့်အညီ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်လည်းများပြားသည်။ ထို့ကြောင့် နှစ်စဉ် ပြည်ထောင်စုနှင့် ပြည်နယ် ရန်ပုံငွေများဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ။

 

ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံအကျဆုံး လိုအပ်ချက်မှာ လမ်းတံတားလုပ်ငန်းများပင်ဖြစ်သည်။ ကျေးရွာအချင်းချင်း ကူးလူးဆက် သွယ်နိုင်သည့်လမ်းများ၊ ဒေသထွက်ကုန်များ အချိန်မီ ပို့ဆောင်နိုင်ရေး အတွက် ကုန်ထုတ်လမ်းများ၊ တစ်ရွာနှင့်တစ်ရွာ အချိန်တိုအတွင်း သွားလာနိုင်မည့် လမ်းကွန်ရက်များ လိုအပ်သည်။ ထို့ကြောင့် ယခင်က လမ်းမပေါက်သေးသော ကျေးရွာများတွင် လမ်းဖောက် လုပ်ပေးသည်။ ချောင်းကူး၊ မြောင်းကူးတံတားများ တည်ဆောက်ပေးသည်။ ပေါက်ပြီးသော လမ်းများကိုလည်း မြေလမ်းအဆင့်မှ ကျောက်ခင်းလမ်း၊ ကျောက်ခင်းလမ်းအဆင့်မှ ကတ္တရာလမ်း အဖြစ် အဆင့်မြှင့်တင်ပေးခဲ့သည်။

 

ထို့ကြောင့် မွန်ပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ စတင်ဆောင်ရွက် ခဲ့သည့် ၁၉၉၅ ခုနှစ်မှယနေ့အထိ ရေး-ဖလံ ချောင်းဝ-ကျုံကွီလမ်း၊ ဖလံချောင်းဝ-ညီစားလမ်း၊ ဖလံချောင်းကမ်းနီ- အိုင်ရှည်လမ်း၊ ရေး- ခေါဇာ - မကျီးလမ်း၊ မော့ကနင်-ဘဲလမှ -ကလိတ်တုတ်-ဘီဆိုင်-ကွမ်းသီး တောလမ်း၊ ကျောင်းရွာ-ငါးကလေးချောင်း-လိပ်ပုတ်-မင်းလှအေးလမ်း၊ ရေး-ခေါဇာသွားလမ်းမှ ကဗျာတရုတ်ထောက်- ခေါဇာလမ်းစသည့် မြို့နယ်တွင်း လမ်းမကြီးများ၊ နယ်စပ်ဒေသ ကျေးရွာချင်းဆက်လမ်းများ အပါအဝင် စုစုပေါင်း မြေလမ်း ၁၀၀ မိုင် ၄ဖာလုံ၊ ကျောက်ခင်းလမ်း ၁၁၅မိုင် ၅ ဖာလုံ၊ကတ္တရာ လမ်း ၃၈ မိုင် ၇ ဖာလုံ၊ ကွန်ကရစ်တံတား ၉၁ စင်း( စုစုပေါင်း အရှည် ၃၉၃၂ ပေ) ၊ Box Culvert ၃၆ စင်း၊ ရေပြွန် ၅၃ ခုတို့ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 

ကျေးရွာလမ်းတံတားလုပ်ငန်းများအပြင် အခြားသော နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြစ်သည့် စာသင်ကျောင်းဆောင်များ၊ ကျေးရွာဆေးပေးခန်း အဆောက်အအုံများ၊ အိမ်ရာများ တည်ဆောက်ပေးခဲ့သည်။ သောက်သုံးရေရရှိရေးအတွက် စက်ရေတွင်းများ တူးဖော်ပေးခဲ့သည်။

 

ရေးမြို့နယ်အတွင်း ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်ဘုရား တောင်ကမ်းခြေ၊ ကော့ဒွတ်ကမ်းခြေ၊ ပင်လယ်ကမ်းခြေ၊ ကဗျာဝ ကမ်းခြေ၊ ဓမ္မသတ်ကမ်းခြေ၊ မကျီးကမ်းခြေ၊ ဓနိကာ ကမ်းခြေများ တည်ရှိသည်။ ။

 

ကဗျာဝ ပင်လယ်ကမ်းခြေပတ်လမ်း

 

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရေးမြို့နယ်အတွင်း အရေးပါသော ကဗျာဝ ပင်လယ်ကမ်းခြေ ပတ်လမ်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ လမ်းမှာ ရေး-ခေါဇာ သွားလမ်းမှ ကဗျာဝကျေးရွာသို့ ဆက်သွယ်သည့်လမ်း ၂ မိုင် ၅ ဖာလုံ၊ ကဗျာဝ ကျေးရွာမှ တရုတ်ထောက်ကျေးရွာ အထိ ၃ မိုင် ၄ ဖာလုံ၊ တရုတ် ထောက်ကျေးရွာမှ ကျောက်အိုင်ကျေးရွာအထိ ၁ မိုင် ၆ ဖာလုံ၊ ကျောက် အိုင်ကျေးရွာမှ ခေါဇာမြို့အထိ ၁ မိုင် ၆ ဖာလုံ၊ စုစုပေါင်း ၉ မိုင်၅ ဖာလုံရှိသည်။ ကဗျာဝ ပင်လယ်ကမ်းခြေပတ်လမ်း ၉ မိုင် ၅ ဖာလုံ အနက် ၇မိုင် ၅ဖာလုံကို ကတ္တရာလမ်းအဆင့် ဖောက်လုပ်ပြီးစီးပြီဖြစ်ပြီး ကျန်နှစ်မိုင်ကိုလည်း ကတ္တရာလမ်းအဆင့် ဆက်လက်ဆောင်ရွက်လျက် ရှိသည်။ ရေး - ခေါဇာသွားလမ်းမှ ကဗျာဝကျေးရွာ၊ ကဗျာဝကျေးရွာမှ တရုတ်ထောက်ကျေးရွာအထိ လမ်းပိုင်းကို ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့ပြီး တရုတ်ထောက်ကျေးရွာမှ ခေါဇာအထိ လမ်းပိုင်းကို ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့သည်။ လမ်းတစ်လျှောက် လိုအပ်သော တံတားများနှင့် Box Culvert များ တည်ဆောက်ပေးခဲ့သည်။

 

ကဗျာဝပင်လယ်ကမ်းခြေပတ်လမ်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် ယခင်က တစ်ကြောင်းထိုးမြေသား လမ်းအဆင့်သာရှိခဲ့ပြီး မိုးရွာသွန်းမှုများပြားသော ဒေသဖြစ်သဖြင့် မိုးရာသီသွားလာရန် ခက်ခဲသည့်အခြေအနေမှ ယခုအခါရာသီမရွေး အချိန်တိုအတွင်း သွားလာနိုင်ပြီ ဖြစ်၍ ပင်လယ်ကမ်းခြေဒေသ ကျေးရွာများ၏ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး၊ ဒေသထွက်ကုန် များ အချိန်မီတင်ပို့နိုင်ရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူ ပြုလျက်ရှိသည်။ တည်ငြိမ်အေးချမ်းမှုရှိ၍ ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်နိုင်ခြင်း၏ အကျိုးကျေးဇူးကို ဒေသခံ ပြည်သူများ ခံစားရခြင်းဖြစ်သည်။

 

ခရီးသွားလုပ်ငန်းအတွက်လည်း အရေးပါ

 

ဒေသဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ဖောက်လုပ်ခဲ့သော ကဗျာဝ ပင်လယ်ကမ်းခြေပတ်လမ်းသည် ပင်လယ်ကမ်းခြေဒေသ အပန်းဖြေ ခရီးသွားလုပ်ငန်းအတွက်လည်း အရေးပါသောလမ်းတစ်လမ်း ဖြစ် လာခဲ့သည်။ ကဗျာဝကမ်းခြေကို ရောက်ရှိရန် ရေး-ထားဝယ်သွား ကားလမ်းမှ ခွဲထွက်၍ ကလော့ကြီးကျေးရွာ လမ်းခွဲမှတစ်ဆင့်ဝင်ရပြီး ဒေသ၏ သာယာလှပသော မြင်ကွင်းများအား ခပ်စိပ်စိပ်မြင်တွေ့ခွင့် ရရှိသည်။ မြို့ပေါ်နှင့် လမ်းတစ်လျှောက်ရွာများတွင် ကြော်ငြာဆိုင်း ဘုတ်၊ လမ်းညွှန်များမှအစ မွန်စာပေနှင့် ရေးသားထားသည်ကို တွေ့ရှိရသည်။ ခြေတံရှည်ဆင်တူသော ရိုးရာအိမ်အမြင့်ကလေးများကိုလည်း သပ်သပ်ရပ်ရပ် နေချင်စဖွယ်တွေ့ရသည်။ ကဗျာဝရွာကို ရောက်ရန် ကြားတွင် ကလော့ကြီးရွာ၊ ဟံဂံရွာနှင့် အခြား မွန်ရွာကလေးများအား ဖြတ်သွားရသည်။

 

ကမ်းခြေတွင် အခွံမာသည့် ခရုအမျိုးအစားတစ်မျိုး၏ အမည်ကို အစွဲပြုပြီး ကဗျာဝရွာ၊ ကဗျာဝကမ်းခြေဟု ခေါ်တွင်လာခဲ့ကြကြောင်း မှတ်သားရသည်။ ကဗျာဝကမ်းခြေသို့ရောက်လျှင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၃ ခုနှစ်က တည်ဆောက်ပေးခဲ့သော အရှည် ၃၇၅ ပေရှိ ကဗျာဝကွန်ကရစ် တံတားရှိသည်။ တံတားမရောက်မီနေရာမှစ၍ ကမ်းခြေ၏ သာယာလှပမှုနှင့် ပင်လယ်လေများအား စတင်ရှူရှိုက်ခံစားရပြီး စိတ်လက် ပေါ့ပါးလန်းဆန်းခြင်းကို ခံစားရမည်ဖြစ်သည်။ ။

 

ကဗျာဝကမ်းခြေသည် အလျားသိပ်မရှည်သော်လည်း ငွေရောင် သဲဖြူဖြူများနှင့် သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုမရှိသေးဘဲ အေးချမ်းစွာ အနားယူအပန်းဖြေနိုင်သည်။ ကမ်းခြေတစ်လျှောက် ဒေသခံများက လာရောက်လည်ပတ် အပန်းဖြေကြသည့်ဧည့်သည်များအတွက် ထီး ရောင်စုံများ၊ ဒရင်းဘတ်များ၊ ပက်လက်ကုလားထိုင်များအား ငှားရမ်းပေးသည့် ဝန်ဆောင်မှုများလည်း ဆောင်ရွက်ပေးနေပြီ ဖြစ်သည်။ ကမ်းခြေတွင် ဆိုင်ကယ်၊ လေးဘီးတပ်စက်တပ်ယာဉ်များလည်း ငှားရမ်း စီးနင်းနိုင်ပြီး ပင်လယ်ရေလှိုင်းစီးရန် ဗောကွင်းငှား ဝန်ဆောင်မှုများ လည်းရှိသည်။

 

ကမ်းခြေတွင် လတ်ဆတ်သော အုန်းရည်ချိုမြမြကို ထိုင်သောက် နိုင်သည်။ ထီးရိပ်အောက်တွင် အနားယူရင်း ပင်လယ်ကိုကြည့်ရှုခံစား ကာသန့်ရှင်းလတ်ဆတ်သော ပုစွန်ကင်၊ ငါးကင်၊ ပင်လယ်စာများလည်း မှာယူစားသုံးနိုင်သည်။ ပင်လယ်ပြင်ဘက်သို့ ထွက်နေသော တောင် အငူ၊ ကွေ့ဝိုက်သော ပုံသဏ္ဌာန်ဖြင့် သဲသောင်ဖြူလွလွ ကမ်းခြေ၊ ညင်သာသောလှိုင်းလုံးလေးများနှင့် ကမ်းခြေအလှသည်တစ်မူထူးခြား နေသည်ကို တွေ့ရှိရမည်ဖြစ်သည်။

 

ဒေသခံများ၏ မျှော်လင့်ချက်

 

ကဗျာဝကမ်းခြေသည် လူသိများလာသည်နှင့်အတူ ကမ်းခြေ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးသည်လည်း ဒေသခံ များ၏ မျှော်လင့်ချက်များ ဖြစ်လာသည်။ နယ်မြေဒေသ အေးချမ်းလာ ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းနှင့်အတူ ကဗျာဝ ကမ်းခြေသည် သာယာလှပသော ကမ်းခြေတစ်ခုအဖြစ် တဖြည်းဖြည်း လူသိများလာလျက်ရှိသည်။

 

သို့သော်လည်း ကဗျာဝကမ်းခြေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ်းခြေသာယာလှပရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကမ်းခြေတွင် ယာဉ်ရပ်နားရန်နေရာများ၊ ကမ်းခြေဆင်းမည့်လမ်း၊ စားသောက်ဆိုင်၊ အမှိုက်စွန့်ပစ်ရန်နေရာ စသည်ဖြင့် စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ချက်များ ရှိနေသေးသည်။

 

မည်သို့ပင်ဆိုစေကာမူ ရေးမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းခြေ များသည် သဘာဝအလှတရားများဖြင့် လွန်စွာသာယာလှပသော ကမ်းခြေများဖြစ်သည်။ ၎င်းတို့အနက် ကဗျာဝကမ်းခြေသည် ရေးမြို့မှ မိုင် ၂၀ ခန့်သာ ကွာဝေးသော အနီးဆုံးကမ်းခြေတစ်ခု ဖြစ်၍ သွားလာရေးလွယ်ကူသည်။ မြို့ပြမွန်းကျပ်မှုများမှ ခဏတာ ကင်းဝေးပြီး မပျက်စီးသေးသော သဘာဝအလှတရားများနှင့် အေးချမ်း မှုတို့ကို ခံစားနိုင်ရန် “လှမ်းလာခဲ့လေ ကဗျာဝကမ်းခြေ” ဟု ဖိတ်ခေါ်လိုပါသည်။ ။

 

မောင်ဉာဏ်(နတလ)