နိုင်ငံတော်၏ ပုံနှိပ်မီဒီယာခရီး နှစ်ငါးဆယ်ရှိပြီ
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (PPD) သည် ၂၀၂၂ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် နှစ် (၅၀) ပြည့် (ရွှေရတုသဘင်) သက်တမ်းရှိလာပြီဖြစ်ပါသည်။ တစ်နည်းအားဖြင့် နိုင်ငံတော်အတွက် ပုံနှိပ်လုပ်ငန်းများ စာပေလုပ်ငန်းများကို တာဝန်ကျေပွန်စွာ ထမ်းရွက်ခဲ့သည်မှာ ရွှေရတုတိုင်ခဲ့ပြီဖြစ်ပါသည်။ နှစ် (၅၀) ကာလအတွင်း ဖြတ်ကျော်တာဝန်ထမ်းဆောင်ခဲ့ရသည်များကို မှတ်တမ်းတင်ဂုဏ်ပြုရေးသားဖော်ပြလိုပါသည်။
(ယမန်နေ့မှ အဆက်)
ဗဟိုပုံနှိပ်တိုက် (ဗဟိုပုံနှိပ်စက်ရုံ) ၏ ဆက်စပ်ပုံနှိပ်လုပ်ငန်းများ လုပ်သားပြည်သူ့နေ့စဉ် သတင်းစာတိုက်
အင်္ဂလိပ် - မြန်မာသတင်းစာကို ဗဟိုပုံနှိပ်စက်ရုံရန်ပုံငွေဖြင့် ၁၉၆၃ ခုနှစ်မှစတင်၍ ပုံနှိပ်စက်များနှင့် အဆောက်အအုံသစ်ကိုတည်ထောင်၍ ပုံနှိပ်လုပ်ငန်းတစ်ရပ်အနေဖြင့် သတင်းစာထုတ်ဝေခဲ့ပြီး ၁၉၆၇ ခုနှစ်တွင် သတင်းစာကြီးကြပ်ရေးအဖွဲ့သို့ လွှဲပြောင်းပေးခဲ့ပါသည်။
ဘုရင့်နောင်ပုံနှိပ်စခန်း
၁၉၆၃ ခုနှစ်မှစ၍ အစိုးရစစ် စာမေးပွဲမေးခွန်း လွှာများနှင့်အဖြေလွှာများကို ၈ တန်း၊ ၁၀ တန်း ဘာသာရပ်အလိုက် ပြည်နယ်၊ တိုင်းအလိုက် နှစ်စဉ် ပုံနှိပ်ထုတ်လုပ်ခဲ့ပါသည်။ အထူးလျှို့ဝှက်စခန်းကို လုပ်ငန်းကျွမ်းကျင်သော၊ လုံခြုံမှုစိတ်ချရသော ဝန်ထမ်းများဖြင့် စခန်းသွင်းပြီး လုံခြုံရေးအတွက် တပ်မတော်ထောက်လှမ်းရေးအဖွဲ့က တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။
ပြည်သူပိုင်ပုံနှိပ်တိုက်များ ကွပ်ကဲအုပ်ချုပ်မှုအဖွဲ့
ပုဂ္ဂလိကပိုင်ပုံနှိပ်တိုက် ၁၇တိုက်ကို ၁၉၆၉ ခုနှစ် မတ်လ ၁၆ ရက်နေ့နှင့် မေလ ၁၅ ရက်နေ့များတွင် ပြည်သူပိုင်ပြုလုပ်ခဲ့ပြီး ပြည်သူပိုင်ပုံနှိပ်တိုက်များ ကွပ်ကဲအုပ်ချုပ်မှုအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ ပြည်သူပိုင်သိမ်းယူခဲ့သော ပုဂ္ဂလိက ပုံနှိပ်တိုက်များမှာ စပယ်ပုံနှိပ်တိုက်၊ ရန်ကုန်ရောင်စုံပုံနှိပ်တိုက်၊ ရန်ကုန်ဂေဇက်ပုံနှိပ်တိုက်၊ ဘိတ္ပုံနှိပ်တိုက်၊ ဟုန်ဟိန်ပုံနှိပ်တိုက်၊ အကျိုးတော် ဆောင်ပုံနှိပ်တိုက်၊ နန်ယန်ပုံနှိပ်တိုက်၊ ချယ်ရီပုံနှိပ်တိုက်၊ ဒီလိုက်ပုံနှိပ်တိုက်၊ တိုင်းရင်းသားပုံနှိပ်တိုက်၊ စံပြပုံနှိပ်တိုက်၊ ခေတ်ဗမာပုံနှိပ်တိုက်၊ ကောင်ငှာပုံနှိပ်တိုက်၊ ပြည်တော်သာပုံနှိပ်တိုက်၊ ကျော်စိုးပုံနှိပ်တိုက်၊ ရွှေလင်းယုန် ပုံနှိပ်တိုက်၊ လောကပါလပုံနှိပ်တိုက် တို့ဖြစ်ပါသည်။
တာဝတိံသာပုံနှိပ်တိုက်ကို လက်ကားသမဝါယမ အဖွဲ့ချုပ်ထံမှ လွှဲပြောင်းရယူခဲ့ပါသည်။ ၁၉၇၀ ပြည့်နှစ်၌ အဆိုပါပုံနှိပ်တိုက်များကို ပုံနှိပ်စက်အုပ်စုတူ၊ လုပ်ငန်းစဉ်တူညီသည့် ပုံနှိပ်တိုက်များအဖြစ် ပြန်လည် ပေါင်းစပ်ဖွဲ့စည်းခဲ့ပါသည်။ တာဝတိသာ၊ စပယ်၊ ရန်ကုန်ရောင်စုံ၊ ရန်ကုန်ဂေဇက်၊ ဟုန်ဟိန်၊ ဘိတနှင့် အကျိုးတော်ဆောင်စသည့် ပုံနှိပ်တိုက်များဖြင့် ပုံနှိပ်လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ခဲ့ပါသည်။
အထက်ပါပုံနှိပ်တိုက်များအနက် ဟုန်ဟိန်ပုံနှိပ်တိုက်မှာ မြန်မာနိုင်ငံသို့အော့(ဖ်) ဆက်ပုံနှိပ်စက်များ အစောဆုံး တင်သွင်းလုပ်ကိုင်ခဲ့သော စက်ရုံဖြစ်သည်။ ၁၉၅၈-၅၉ ခုနှစ်၌ အော့(ဖ်) ဆက်ပုံနှိပ်စက်သုံးလုံး တင်သွင်းခဲ့ပြီး စတိတ်၊ ဂိုးဖလိတ်၊ လော့ကက် စသည့်စီးကရက်တံဆိပ်များကို ပုံနှိပ်ခဲ့သည်။
ပြည်နယ်ပုံနှိပ်တိုက်များ
ပြည်နယ်ပုံနှိပ်တိုက်များကို ၁၉၇၂ ခုနှစ် မတ်လတွင် အုပ်ချုပ်ရေးစနစ်သစ် အကောင်အထည်ဖော်ရာတွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေး ကော်ပိုရေးရှင်းက ပြည်နယ်ဦးစီးဌာနများထံမှ လွှဲပြောင်းလက်ခံရယူခဲ့ ပါသည်။ ယင်းပြည်နယ် ပုံနှိပ်တိုက်ခွဲများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) ကချင်ပြည်နယ် - မြစ်ကြီးနားမြို့
ပုံနှိပ်တိုက်
(ခ) ကရင်ပြည်နယ် - ဘားအံမြို့
ပုံနှိပ်တိုက်
(ဂ) ချင်းပြည်နယ် - ဟားခါးမြို့
ပုံနှိပ်တိုက်
(ဃ) ရှမ်းပြည်နယ် - တောင်ကြီးမြို့
ပုံနှိပ်တိုက်
(င) ရခိုင်ပြည်နယ် - စစ်တွေမြို့
၁၉၈၁ ခုနှစ် အောက်တိုဘာလမှစ၍ ရခိုင်ပြည် နယ် ပြည်သူ့ကောင်စီထံမှ သဇင်ပန်းခိုင်ပုံနှိပ် တိုက်ကို ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးကော်ပို ရေးရှင်းက လွှဲပြောင်းလက်ခံ၍ ရခိုင်ပြည်နယ်ပုံနှိပ် တိုက်အဖြစ် ပုံနှိပ်လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။
မန္တလေးပုံနှိပ်တိုက်ခွဲ
မန္တလေးတွင် နေ့စဉ်ထုတ်ဝေခဲ့သော ဟံသာဝတီသတင်းစာကို၁၉၇၈ ခုနှစ်သြဂုတ်လ ၁ ရက်နေ့မှစ၍ ယာယီရပ်စဲလိုက်သည့်အတွက် ပုံနှိပ်လုပ်ငန်းများ ရပ်စဲမသွားစေရန်သတင်းနှင့်စာနယ်ဇင်းကော်ပိုရေး ရှင်းထံမှ ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးကော်ပို ရေးရှင်းက လွှဲပြောင်းလက်ခံ၍မန္တလေး ပုံနှိပ်တိုက်ခွဲတစ်ခု အဖြစ် ဆက်လက်ဖွဲ့စည်းဆောင်ရွက်ခဲ့ပါ သည်။
၁၉၉၂ ခုနှစ်တွင် မန္တလေးပုံနှိပ်တိုက်ခွဲကို ရတနာပုံသတင်းစာထုတ်ဝေရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာန အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ လွှဲပြောင်းပေးခဲ့ပါသည်။
ပြင်ဦးလွင်(မေမြို့) ပုံနှိပ်တိုက်ခွဲ
ပြင်ဦးလွင် (မေမြို့) ပုံနှိပ်တိုက်ခွဲမှာ ဗြိတိသျှအစိုးရလက်ထက် ၁၉၀၆ ခုနှစ်ကပင် စတင်တည်ထောင် ထားခဲ့သည့် ပုံနှိပ်တိုက်ဖြစ်ပါသည်။ ကိုလိုနီအုပ်ချုပ်ရေးခေတ်တွင် အုပ်ချုပ်သူဘုရင်ခံသည် မြန်မာနိုင်ငံ၏ နွေဥတု၏ အပူဒဏ်ကိုရှောင်သည့်အနေဖြင့် နွေရာသီ၌ ရာသီဥတု မျှတသာယာသော မေမြို့ (ပြင်ဦးလွင်) ကို ရွေးချယ်ပြီး နွေရာသီစံနန်းစခန်းအဖြစ် သတ်မှတ်နေထိုင်ခဲ့သည်။ ဘုရင်ခံနှင့်အတူ ပါရှိလာမည့် ရုံးကိစ္စမှန်သမျှအား ပုံနှိပ်မှတ်တမ်း အဖြစ်လည်းကောင်း၊ အခြားလိုအပ်သော စာရွက် စာတမ်း၊ မှတ်တမ်း၊ ရုံးသုံးပုံစံများကိုလည်းကောင်း စက်တင်ပုံနှိပ်၊ မှတ်တမ်းတင်နိုင်ရန် မေမြို့ (ပြင်ဦးလွင်) ပုံနှိပ်တိုက်ခွဲကို တည်ထောင်ထားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ပြင်ဦးလွင် (မေမြို့) ရှိ မြေတိုင်းကျောင်း၊ သစ်တောကျောင်း၊ စစ်တက္ကသိုလ်၊ သမဝါယမများ၏ ပုံနှိပ်လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။
ဖိုတိုလစ်သို ပုံနှိပ်စက်ရုံ ဖိုတိုလစ်သိုပုံနှိပ်စက်ရုံသည် အမှတ် (၁၅၀) ငါးထပ်ကြီးဘုရားလမ်း ဗိုလ်ချို (၂) ရပ်ကွက် ဗဟန်းမြို့နယ် ရန်ကုန်မြို့တွင်တည်ရှိပါသည်။ ဖိုတိုလစ်သိုပုံနှိပ်စက်ရုံ အဆောက်အအုံနှင့် မြေနေရာသည် ယခင်က အင်္ဂလန်နိုင်ငံရှိ သောမတ်ဒီလာရူးကုမ္ပဏီပိုင် စက်ရုံနှင့် မြေနေရာဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်မဖြစ်မီက ၎င်းစက်ရုံမှ တရုတ်ပြည်သုံး ငွေစက္ကူများကို ပုံနှိပ်ပေးခဲ့ပါသည်။ ဒီလာရူး ပုံနှိပ်တိုက်ဟု လူသိများခဲ့ပါသည်။
၁၉၅၁ ခုနှစ်တွင် ဗဟိုပုံနှိပ်တိုက်က သောမတ်ဒီလာရူးကုမ္ပဏီပိုင်ထံမှ စက်ရုံနှင့် မြေနေရာကို ငွေကျပ် ၁၀၂၀၁၈၀ (ကျပ် တစ်ဆယ်သိန်း နှစ်သောင်း တစ်ရာ့ရှစ်ဆယ်) ဖြင့် ဝယ်ယူပြီးနောက် ၁၉၅၄ ခုနှစ်တွင် ယင်းအဆောက်အအုံကို ဖိုတိုလစ် သိုပုံနှိပ်စက်ရုံအမည်ဖြင့် ဗဟိုပုံနှိပ်စက်ရုံ၏စက်ရုံအဖြစ် တိုးချဲ့ ဆောင်ရွက်ခဲ့ပါသည်။
၁၉၅၄ ခုနှစ်မှစ၍ ဗဟိုပုံနှိပ်တိုက်မှ ပုံနှိပ်စက် များနှင့် ဝန်ထမ်း ၉၀ ကျော်တို့ကို ပြောင်းရွှေ့၍ ပုံနှိပ်လုပ်ငန်းများကို စတင်လုပ်ကိုင်ခဲ့ပါသည်။ ဓာတ်ပုံပညာ (Photography) နှင့် ကျောက်ပုံနှိပ် ပညာ (Lithography) တို့ကို ပေါင်းစပ်ပြီး ပုံနှိပ် သဖြင့် (Photolithography) ဟု ခေါ်တွင်ပြီး ယင်းပညာဖြင့် ပုံနှိပ်သည့်အတွက် ဖိုတိုလစ်သို ပုံနှိပ် တိုက်ဟု ခေါ်တွင်ခဲ့ပါသည်။ ဖိုတိုလစ်သိုပုံနှိပ်စက်ရုံ ၏ပထမဦးဆုံးစက်ရုံမှူးတာဝန်ထမ်းဆောင်ခဲ့သူမှာ ဦးအောင်မြင့် ဖြစ်ပါသည်။
၁၉၅၆ ခုနှစ်တွင် ခဲစာလုံးပုံနှိပ်စက်များကို အောင်ဆန်းမြို့ ပုံစံပုံနှိပ်စက်ရုံသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ဖိုတိုလစ်သိုပုံနှိပ်စက်ရုံ၌ ကာလာကင်း၊ ဆိုနာအော့ဖ်ဆက်ပုံနှိပ်စက်များဖြင့် ပုံနှိပ်လုပ်ငန်းများ လုပ်ကိုင်ခဲ့ သည်။
၁၉၆၄ ခုနှစ်တွင် စက်ရုံသို့ အယ်ဒီတာများ လာရောက်ရုံးထိုင်၍ လုပ်သားပြည်သူ့နေ့စဉ် သတင်းစာနှင့် The Working People's Daily သတင်းစာတို့ကို စတင်ပုံနှိပ်ထုတ်ဝေပေးခဲ့ပါသည်။ ၁၉၆၅ ခုနှစ်တွင် လုပ်သားဂျာနယ်၊ တောင်သူ လယ်သမားဂျာနယ်လမ်းစဉ်သတင်းဂျာနယ်များကို ရောင်စုံအဖုံးများဖြင့် ခေတ်မီစွာ လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ခဲ့ပါသည်။
၁၉၇၂ ခုနှစ် မတ်လတွင် အုပ်ချုပ်ရေးစနစ်အရ စာပေဗိမာန်အဖွဲ့၊ ဗဟိုပုံနှိပ်တိုက်နှင့် ပြည်သူပိုင် ( ပုံနှိပ်တိုက်များပူးပေါင်း၍ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ကော်ပိုရေးရှင်းအဖြစ် ဖွဲ့စည်းခဲ့ပြီးနောက် ဖိုတို လစ်သိုပုံနှိပ်တိုက်ခွဲမှ ဖိုတိုလစ်သို ပုံနှိပ်စက်ရုံသို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။
ရုံးသုံးမူသေပုံစံပုံနှိပ်စက်ရုံ(အောင်ဆန်းပုံနှိပ်စက်ရုံ)
အောင်ဆန်းပုံနှိပ်စက်ရုံသည် အင်းစိန်မြို့နယ် အောင်ဆန်းရပ်ကွက် အောက်မင်္ဂလာဒုံလမ်းပေါ်တွင် တည်ရှိပါသည်။
၁၉၃၇ ခုနှစ်တွင် အင်းစိန်အကျဉ်းထောင်၌ မူသေပုံစံပုံနှိပ်ခြင်းလုပ်ငန်းများကို ထောင်အကျဉ်း သားများနှင့်ပူးပေါင်း၍ လုပ်ငန်းဆောင်ရွက်ခဲ့ပါ သည်။ ၁၉၅၈ ခုနှစ်တွင် ပုံစံပုံနှိပ်စက်ရုံကို အင်းစိန် မြို့နယ် အောင်ဆန်းမြို့၌ အုတ်မြစ်ချခဲ့ပါသည်။ ၁၉၆၄ ခုနှစ်၌ တပ်မြေနေရာပေါ်တွင် စက်ရုံကို စတင်တည် ထောင်ခဲ့ပြီး လုပ်ငန်းနှင့်စက်များကို အောင်ဆန်းမြို့သို့ ပြောင်းရွှေ့တပ်ဆင်ခဲ့ပါသည်။
၁၉၆၆ ခုနှစ်တွင် စက်ရုံအဆောက်အအုံကို ဆောက်လုပ်ခဲ့သဖြင့် အင်းစိန်ထောင်အတွင်းရှိ ပုံနှိပ်စက်ရုံကို လုပ်ငန်းလည်ပတ်မှု မပြတ်စေဘဲ တဖြည်းဖြည်းပြောင်းရွှေ့ခဲ့ရာ ၁၉၆၈ ခုနှစ် နှစ်ဦးပိုင်းတွင် အားလုံးပြောင်းရွှေ့ပြီးစီးခဲ့ပါသည်။
၁၉၆၈ ခုနှစ်တွင် ပြည်သူပိုင်သိမ်းယူခဲ့သော လက်တာပရက်စ် ပုံနှိပ်စက်အချို့၊ ချုပ်စက်အချို့ နှင့် စာရေးကိရိယာဌာနခွဲကို ဗဟိုပုံနှိပ်တိုက်မှ ပြောင်းရွှေ့ခဲ့ပါသည်။ ထိုအချိန်မှစ၍ ရုံးသုံးမူသေပုံစံနှင့် စာရေးကိရိယာလုပ်ငန်းကို အောင်ဆန်းမြို့၌ ဆောင်ရွက်ခဲ့ပါသည်။
၁၉၇၀ ပြည့်နှစ်တွင် ဗဟိုပုံနှိပ်စက်ရုံ၊ ဖိုတိုလစ်သို ပုံနှိပ်စက်ရုံတို့မှ လက်တာပရက်စ်ပုံနှိပ်စက် အဟောင်းများနှင့် ချုပ်စက်အဟောင်းများကို ဤပုံနှိပ်စက်ရုံသို့ ပြောင်းရွှေ့သယ်ယူပြီး လုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။ အောင်ဆန်းပုံနှိပ်စက်ရုံ၏ ပထမဦးဆုံးစက်ရုံမှူးတာဝန် ထမ်းဆောင်ခဲ့သူမှာ ဦးချစ်ဆွေ ဖြစ်ပါသည်။
စာပေဗိမာန်ပုံနှိပ်စက်ရုံ
စာပေဗိမာန်ပုံနှိပ်စက်ရုံသည် ပြည်လမ်း ဟံသာဝတီအဝိုင်း စမ်းချောင်းမြို့နယ်တွင် တည်ရှိပါသည်။
မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းက ထုတ်လုပ်ဖြန့်ချိသော မြန်မာ့စွယ်စုံကျမ်းများ၊ ဘာသာပြန် စာပေများ၊ စာပေဗိမာန်စာမူဆုရစာအုပ်များနှင့် အခြားသုတ၊ ရသစာပေများကို နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူလူထု စာဖတ်ပရိသတ်ထံသို့ ရောက်ရှိစေရန် ရည်ရွယ်၍ စာပေဗိမာန်အသင်းနှင့် စာပေဗိမာန် ပုံနှိပ်စက်ရုံကို တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအောက်ရှိ စာပေဗိမာန်ပုံနှိပ်စက်ရုံသည်ပြည်လမ်း ဟံသာဝတီ၌ရှိသော ယခင်ဆိုရမ်တိုဗီလာအဆောက်အအုံကို ၁၉၄၈ ခုနှစ်တွင် ဝယ်ယူခဲ့ပြီး မြန်မာနိုင်ငံဘာသာပြန် စာပေအသင်းမှတစ်ဆင့် စာပေဗိမာန်ပုံနှိပ် စက်ရုံ ပေါ်ပေါက်လာခဲ့ပါသည်။ စာပေဗိမာန်ပုံနှိပ် စက်ရုံ၏ ပထမဦးဆုံးသော စက်ရုံမှူးမှာ ဦးခင်ဦး ဖြစ်ပါသည်။ စာပေဗိမာန်ပုံနှိပ်စက်ရုံသည် ပုံနှိပ် လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေစဉ် ၂၀၀၂ ခုနှစ် မတ်လဆန်းတွင် စက်ရုံမှူးနှင့်တကွ ဝန်ထမ်းအားလုံး အောင်ဆန်းပုံနှိပ်စက်ရုံအတွင်းသို့ ပြောင်းရွှေ့ခဲ့ပါသည်။ ၁၉-၇-၂၀၁၄ ရက်နေ့တွင် စက်မှုလက်မှုအလုပ်ရုံသို့ စက်ရုံမှူးရုံးခန်း၊ စီမံရေးရာဌာန၊ ပုံနှိပ်စီစဉ်ရေးဌာန၊ ဓာတ်ပုံဌာန၊ စက်ဌာနများ စသည့်ဖြင့် ထပ်မံ၍ပြောင်းရွှေ့ခဲ့ပါသည်။
ဂျီတီစီပုံနှိပ်စက်ရုံ
ဂျီတီစီပုံနှိပ်စက်ရုံသည် အောက်မင်္ဂလာဒုံလမ်း အောင်ဆန်းရပ်ကွက် အင်းစိန်မြို့နယ် ရန်ကုန်တိုင်း ဒေသကြီးတွင် တည်ရှိပါသည်။
ဂျီတီစီပုံနှိပ်စက်ရုံတွင် ကျောင်းသုံးဖတ်စာအုပ် များအပြင် နိုင်ငံတော်အဖွဲ့အစည်းများ၏ ဌာနဆိုင်ရာ ပုံနှိပ်လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ရန်အတွက် ဖွင့်လှစ်ခဲ့ရခြင်းဖြစ်ပါသည်။
ဂျီတီစီပုံနှိပ်စက်ရုံသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနတွင် ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံအစိုးရ၏ ကျွမ်းကျင်မှုအကူအညီဖြင့် ကျောင်းသုံး ဖတ်စာအုပ်များပုံနှိပ်ရန်နှင့် အဆင့်မြင့် ပုံနှိပ်နည်းပညာသင်တန်းများ ပို့ချရန်ရည်ရွယ်ချက်ဖြင့် “ကျောင်းသုံး ဖတ်စာအုပ် လုပ်ငန်းဆိုင်ရာ အခြေခံနှင့် အဆင့်မြင့်သင်တန်းပို့ချရေး” စီမံကိန်းကို ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။
၎င်းစီမံကိန်းတွင် -
(က) ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံမှ ကျွမ်းကျင်သူများ၏အကြံဉာဏ်နှင့်တကွ ခေတ်မီ စက်ကိရိယာများ ဝယ်ယူပေးရန်ဖြစ်ပြီး စုစုပေါင်း ဂျာမန်မတ်ငွေ၆ဒသမ၇သန်းအထောက်အပံ့ပေးရန် ဖြစ်ပါသည်။
(ခ) ၁၅-၉-၁၉၈၆ ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စု သမ္မတဂျာမနီနိုင်ငံအစိုးရကိုယ်စား တာဝန်ရှိသူတို့က စီမံကိန်းဆိုင်ရာစာချွန်လွှာကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ပါသည်။
(ဂ) ၁၀-၅-၁၉၈၇ ရက်နေ့တွင် စက်ရုံ အဆောက်အအုံသစ်အား အုတ်မြစ်ချတည်ဆောက် ခဲ့ပြီး ၃၁-၃-၁၉၈၉ ခုနှစ်တွင် ပြီးစီးခဲ့ပါသည်။
(ဃ) ၃၁-၃-၁၉၈၈ ရက်နေ့တွင် စက်နှင့် စက်ပစ္စည်းများ ရောက်ရှိခဲ့ပြီး စီမံကိန်းလုပ်ငန်းများကို စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။
(င) ၁၉၉၁ ခုနှစ်တွင် စက်တပ်ဆင်မှုလုပ်ငန်းများအားလုံး ပြီးစီးခဲ့ပါသည်။
(စ) ၁၉၉၂ခုနှစ်မှစတင်၍ စမ်းသပ်လည်ပတ်နိုင်ခဲ့ပါသည်။
(ဆ) ၃၁-၇-၁၉၉၃ ခုနှစ်တွင် စီမံကိန်းလုပ်ငန်းများအားလုံးကို GTZ မှ ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေ ရေးလုပ်ငန်း (ယခု ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီး ဌာန) သို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ GTC ပုံနှိပ် စက်ရုံ၏ ပထမဦးဆုံးစက်ရုံမှူးတာဝန် ထမ်းဆောင်ခဲ့သူမှာ ဦးကျော်သူဖြစ်ပါသည်။
အထက်မြန်မာပြည် အစိုးရပုံနှိပ်စက်ရုံ(မန္တလေး)
အထက်မြန်မာပြည် အစိုးရပုံနှိပ်စက်ရုံ(မန္တလေး)သည် ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ် မန္တလေးမြို့တွင်တည်ရှိပြီး စက်ရုံ၏အရှေ့ဘက်တွင် ၄၈လမ်း၊ အနောက်ဘက်တွင် ၄၉လမ်း၊ မြောက်ဘက် တွင်ဘုရင့်နောင်လမ်း၊ တောင်ဘက်တွင်အောင်ဇေယျလမ်းတို့ တည်ရှိပါသည်။
အထက်မြန်မာပြည်အစိုးရ ပုံနှိပ်စက်ရုံကို ၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ ပါသည်။ အထက်မြန်မာပြည်အစိုးရ ပုံနှိပ်စက်ရုံ၏ ပထမဦးဆုံး စက်ရုံမှူးတာဝန်ထမ်းဆောင်ခဲ့သူမှာ ဦးတိုးကျော် ဖြစ်ပါသည်။
နေပြည်တော်ပုံနှိပ်စက်ရုံ (ဇေယျာသီရိ)
နေပြည်တော်ပုံနှိပ်စက်ရုံသည် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးဘေး နေပြည်တော်ပျဉ်းမနား မြို့မှ ၂၂ မိုင်၊ နေပြည်တော် တပ်ကုန်းမြို့မှ ၁၁ မိုင် အကွာ မိုင်တိုင်အမှတ် (၂၃၉/၆) တွင် တည်ရှိပါသည်။
နေပြည်တော်ပုံနှိပ်စက်ရုံကို ၂၀၀၅ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် “ထူးထရေးဒင်းကုမ္ပဏီ” က စတင် ဆောက်လုပ်ခဲ့ပြီး အထူးဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှတစ်ဆင့် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနသို့ ပုံနှိပ်အဆောက်အအုံရှစ်လုံးပါဝင်သည့် နေပြည်တော်ပုံနှိပ်စက်ရုံ (ဇေယျာသီရိ) ကို (၁၁-၃-၂၀၀၇) ရက်နေ့တွင် လွှဲပြောင်းခဲ့ပါသည်။ ပထမဦးဆုံးစက်ရုံမှူးတာဝန် ထမ်းဆောင်ခဲ့သူမှာ ဦးဝင်းလှိုင် ဖြစ်သည်။
ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းမှ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနသို့ ပြောင်းလဲခဲ့ခြင်း
ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်း (PPE) အဖြစ်ရှိစဉ်က ပုံနှိပ်စက်ရုံဟောင်းငါးရုံရှိခဲ့ပြီး နောက်ပိုင်းတွင် အထက်မြန်မာပြည်အစိုးရပုံနှိပ် စက်ရုံ (မန္တလေး)နှင့် နေပြည်တော်ပုံနှိပ်စက်ရုံ (ဇေယျာသီရိ) တို့ တိုးပွားလာခဲ့ပါသည်။ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း (NPE) နှင့် ပူးပေါင်း၍ တိုင်းနှင့် ပြည်နယ် မြို့ကြီးများတွင် ကိုယ်ပွားသတင်းစာ တိုက်တချို့ကို တည်ထောင်ဖွင့်လှစ်ခဲ့ပါသည်။
၂၀၁၆ ခုနှစ်တွင် ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေ ရေးလုပ်ငန်း (PPE) ကို ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာန (PPD) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ဌာနအကြီးအကဲမှာလည်း ဦးဆောင်ညွှန်ကြားရေးမှူးမှ ညွှန်ကြားရေးမှူးချုပ် ဖြစ်လာပါသည်။
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၏ ရုံးချုပ် သည် နေပြည်တော်တွင်တည်ရှိပြီး ဌာနခွဲများအနေဖြင့် နေပြည်တော်ပုံနှိပ်စက်ရုံနှင့် သပြေကုန်းဈေး စာပေဗိမာန်စာအုပ်အရောင်းဆိုင်တို့ ရှိပါသည်။ ရန်ကုန်မြို့တွင် ဗဟိုပုံနှိပ်စက်ရုံနှင့် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ရန်ကုန်ရုံးခွဲ၊ စာပေဗိမာန်၊ ဖိုသိုလစ်သိုပုံနှိပ်စက်ရုံ၊ စာပေဗိမာန်ပုံနှိပ်စက်ရုံ၊ အောင်ဆန်းပုံနှိပ်စက်ရုံနှင့် ဂျီတီစီပုံနှိပ်စက်ရုံတို့ ရှိပါသည်။ မန္တလေးမြို့တွင် အထက်မြန်မာပြည် အစိုးရပုံနှိပ်စက်ရုံ၊ စာပေဗိမာန်စာအုပ်အရောင်းဆိုင် နှင့် စာပေဗိမာန်စာကြည့်တိုက်တို့ ရှိပါသည်။
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအောက်ရှိ စာပေဗိမာန်သည်နိုင်ငံတော်အဆင့် အမျိုးသားစာပေ တစ်သက် တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုတို့ကို နှစ်စဉ်ချီးမြှင့်ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံ စာရေးဆရာအသင်းနှင့် ပူးပေါင်း၍ ပခုက္ကူဦးအုံးဖေစာပေဆု ဆုချီးမြှင့်ပွဲဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာနသည် နိုင်ငံတော်ပြန်တမ်း၊ အစိုးရအဖွဲ့၏ စာအုပ်စာစောင် များ၊ အခြားဝန်ကြီးဌာနများကအပ်နှံသည့် စာအုပ်များ၊ အပတ်စဉ်ထုတ် ရွှေသွေးဂျာနယ်၊ လစဉ်ထုတ် စာပေဆုရစာအုပ်များနှင့် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၊ နှစ်စဉ်ထုတ် မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ်တို့ကို ပုံနှိပ်ထုတ်ဝေလျက်ရှိပါသည်။ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မူလတန်း၊ အလယ် တန်းနှင့် အထက်တန်းအဆင့် ကျောင်းသုံးပုံနှိပ်စာအုပ်များကိုလည်း နှစ်စဉ်ပုံနှိပ်လျက်ရှိပါသည်။ ထို့ပြင် စာပေဗိမာန်က စာရေးဆရာကြီးများ၏ စာကောင်းပေမွန်များ၊ လူငယ်လူရွယ်များ အသိပညာတိုးပွားစေမည့် စာအုပ်များကို ပြန်လည်ထုတ်ဝေလျက်ရှိပါသည်။ ထွန်းဖောင်ဒေးရှင်းနှင့်ပူးပေါင်း၍ မြန်မာ့စွယ်စုံကျမ်းအတွဲ (၁) က-(ကုတ်) စာအုပ်ကို ပုံနှိပ်ခဲ့ပြီးဖြစ်ပါသည်။
ထို့ပြင် စာပေပညာရှင်ကြီးများ၏ စာပေဟောပြောပွဲများ၊ စာပေစကားဝိုင်းများ၊ စာအုပ် ဈေးရောင်းပွဲများ ကိုလည်း နေ့ကြီးရက်ကြီးများ အပြင်အခါအားလျော်စွာ ပြုလုပ်ပေးလျက်ရှိပါသည်။ စာပေဗိမာန်၏ စာအုပ် အသင်းဝင်များကိုလည်း စာပေဗိမာန်မှ လစဉ်ထွက်ရှိသော ပြိုင်ပွဲဝင်စာမူ ဆုရစာအုပ်များထဲမှ စာအုပ်များကို ပုံမှန်ရောင်းဈေးထက်လျှော့၍ ရောင်းချပေးလျက်ရှိပါသည်။
တိုးတက်နေသောမီဒီယာခေတ်ကြီးတွင်အခြား သောမီဒီယာများနည်းတူ ပုံနှိပ်မီဒီယာဖြင့် နိုင်ငံတော်အကျိုး ကိုဆက်လက်သယ်ပိုး စွမ်းဆောင်သွားမည်ဖြစ်ပါကြောင်း ဂုဏ်ပြုရေးသားတင်ပြလိုက်ရပါသည်။ ။