ခေတ်သစ် မနီလေးလို လိမ္မာဖို့ ကျောင်းကို သွားကြစို့
ဒေါက်တာမောင်သင်း
“ရွယ်တူကလေးတွေနှင့်အတူ ပညာသင်ကြားခွင့်၊ ကစားခွင့်နှင့် ပျော်ရွှင်ခွင့်မရသည့် ကလေး တစ်ယောက်ဟာ တစ်သက်မှာ တစ်ခါသာကြုံရသည့် ကလေးဘဝကို ဆုံးရှုံးခံလိုက်ရသူပါ။ ပြီးလျှင် သူ့ဘဝရှင်သန်မှုအတွက် အရေးအပါဆုံးဖြစ်သည့် ပေါင်းသင်းဆက်ဆံရေး အားနည်း သွားနိုင်သလို ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်မှုနှင့် မိမိကိုယ်ကို ယုံကြည်မှုတွေလည်း ကျဆင်း သွားနိုင်ပါသည်”
မွန်တက်ဆိုရီ
အီတလီကလေးပညာရေး စိတ်ပညာရှင်
ပညာရေးနိမ့်သည့် လူတစ်ဦးချင်းနှင့် လူ့အဖွဲ့အစည်းသည် သူများအောက်မှာ ညှိုးငယ်စွာ ရှင်သန်ကြရပြီး ပညာရေးမြင့်မားသည့် လူ့အဖွဲ့အစည်းကတော့ လူတကာ၏အထက်က ခါးမတ်ရင်ကော့ ခေါင်းမော့ပြီး သွားလာကြပါသည်။ ပညာရေးကို စုစုဝေးဝေး အကောင် အထည်ဖော်သည့်နေရာက ကျောင်းတွေပါ။ ဖွံ့ဖြိုးမှုကို မြတ်နိုးသည့် လူ့အဖွဲ့အစည်းတိုင်းမှာ ကျောင်းတွေရှိပါသည်။ ကျောင်းတွေဖွင့်ကြပါသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံနှင့် လူ့အဖွဲ့အစည်း၏ တန်ဖိုး မဖြတ်နိုင်သည့် လူသား၏တန်ဖိုးကို ပိုမိုမြင့်မားလာအောင် စုပေါင်း လေ့ကျင့်ပေးသည့် နေရာမှာ ကျောင်းဖြစ်ပါသည်။ သို့ပါ၍ “လူ့အဖွဲ့ အစည်း ဖွံ့ဖြိုးမှုအစ ပညာသင်ကျောင်းက” ဟု ဆိုကြပါသည်။
ကျောင်းဆိုတာ ရှေ့ပြေးအနာဂတ် လူ့အဖွဲ့အစည်းပါ
ကျောင်းဆိုတာ စာချည်းသက်သက်သင်ပြီး စာမေးပွဲ ရမှတ်တွေ လောက်သာ ပြိုင်သည့်နေရာ မဟုတ်ကြောင်း၊ အနာဂတ်လူ့အဖွဲ့အစည်းနှင့် အံဝင်အောင် အသင့်ပြင်ဆင်ပေးတဲ့ “လူပြင်သည့် နေရာ” သည်သာ “ကျောင်း” ဖြစ်ကြောင်းကို ကျွန်တော်အကြိမ်ကြိမ် ရေးခဲ့ပါသည်။ လူကို ပြင်ဆင်ပေးတာမှ စာသင်ခန်းနှင့် ကျောင်းကိုကျော်၍ ကမ္ဘာ တစ်လွှားဖြစ်ခဲ့၊ ဖြစ်ဆဲ၊ ဖြစ်လတ္တံ့ အကြောင်းအရာများကို မြင်တတ်၊ ကြည့်တတ်၊ သုံးသပ်နိုင်သည့် “ဉာဏ်မျက်စိတံခါးပွင့် နေသူများ” ဖြစ်လာသည်အထိ ကြိုတင်ပြင်ဆင်လေ့ကျင့်ပေးပါသည်။ သို့ပါ၍ ကျောင်းသည် သွန်သင်လေ့ကျင့်ပေးသူ ဆရာ၊ သင်ယူလေ့ကျင့်ခံသူ ကျောင်းသားများနှင့် ဖွဲ့စည်းထားသည့် “သင်ကြား၊ သင်ယူ လူ့အဖွဲ့အစည်း” သက်သက်မဟုတ်ပေ။ စာသင်ခန်းနှင့် ကျောင်းသည် “အနာဂတ် လူ့အဖွဲ့အစည်း၏ ရှေ့ပြေးပုံစံငယ်” ပါ။ စာသင်တာပဲ အိမ်မှာလည်း သင်လို့ရတာပဲ ဟု စာသက်သက်သင်တာလောက်သာ လုပ်နေသည့် နေရာမှာ ကျောင်းဟု သိမြင်နေမှုသည် (၂၀) ရာစု အစမှာ ကျန်ခဲ့ပါပြီ။
ယခု (၂၁) ရာစုမှာ ထိုသို့ အံမဝင် ခေတ်နောက်ကျသည့် အမြင်မျိုး မရှိအပ်တော့ပါ။ တကယ်တော့ မြန်မာတို့၏ “ကျောင်း” သည် “ထိန်းကျောင်း” ဟူသည့် စကားမှ ဆင်းသက် လာတာပါ။ ကျွန်တော်တို့၏ ကလေးများ အနာဂတ်တွင် ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်း တတ်ရန်အတွက် အခြားရွယ်တူကလေးငယ်များနှင့် လေ့ကျင့်ပေးသည့် နေရာဖြစ်၍ အလေ့အကျင့်ခံရန် ကမ္ဘာတစ်လွှားမှ မိဘများက သူတို့၏ ကလေးများကို ကျောင်းသို့ စေလွှတ်နေကြခြင်းဖြစ်ပါသည်။
သင်ယူခြင်း၏ သဘော
ဘာကြောင့် ကျွန်တော်တို့ ကျောင်းကို သွားပြီး သင်ယူနေကြပါသလဲ။ သိဖို့၊ တတ်ဖို့လောက်သာ ဟု ထင်ခဲ့ကြလျှင် သင်ယူခြင်း ရည်မှန်းချက်၏ တစ်ခုမျှသာ ဖြစ်ပါသည်။ မိဘများနှင့်ဆရာက သားသမီးနှင့် တပည့်ကို သင်ပေးမှု၏ အဓိကအချက်က “အတွေ့အကြုံ လက်ဆင့်ကမ်းခြင်း” ပါ။ သင်ယူခြင်းတွင် မြင်၍၊ ကြား၍၊ ဆရာက ကျိုးကြောင်း ရှင်းပြခြင်းကို သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ ဟူ၍ ခေါ်ကြ၏။ ရွယ်တူထံမှ၊ ကြီးသူများထံမှ၊ ငယ်သူများထံမှ သင်ယူကြ ရသည်။ ကျောင်းသို့ မသွားဘဲ အိမ်မှာဆိုလျှင် သင်ပေးသူ ဆရာ (သို့မဟုတ်) မိဘထံမှသာ ရပေမည်။ ဖတ်စာအုပ်ထဲက စာသာအဓိက တတ်ပါလိမ့်မည်။ စာတတ်ရုံဖြင့် လူ့ဘဝဟာ မပြီးပြည့်စုံသေး ပါ။ (၂၁) ရာစုမှာ ပညာရှင်များက ကမ္ဘာတစ်လွှား ကျောင်းတွေဖွင့်ပြီး သင်ကြားသင်ယူခြင်းတွင် ရှိရမည့် ရည်မှန်းချက်များမှာ -
(၁) သိမြင်တတ်ဖို့ သင်ယူခြင်း၊
(၂) လုပ်တတ်၊ ကိုင်တတ်ဖို့၊ ဖြေရှင်းတတ်ဖို့ သင်ယူခြင်း၊
(၃) ဖွံ့ဖြိုးတိုးတက်ဖို့ သင်ယူခြင်း၊
(၄) အများနှင့်အတူ ငြိမ်းချမ်းစွာ နေတတ်ဖို့ သင်ယူခြင်းတို့ ဖြစ်ပါသည်။
သိမြင်တတ်ဖို့ သင်ယူခြင်း
ဂျပန်လူမျိုး နိုဘယ်ဆုရ စာပေပညာရှင်ကြီး ကင်ဇာဘူရိုအိုအဲကတော့ “အရင်ကျောင်းသား တွေရဲ့ အတွေ့အကြုံကို သင်ယူဖို့ လက်ဆင့်ကမ်းခံယူဖို့ ကျောင်းသွားတာပါ။ အိမ်မှာနေလို့တော့ အရင် ကျောင်းသားတွေရဲ့ အတွေ့အကြုံတွေ မရနိုင်ပါ” တဲ့။ သိမြင်တတ်ဖို့ သင်ယူခြင်းဆိုတာ ဆရာ့ဆီက၊ ဖတ်စာအုပ်ထဲကသာ သင်ယူရန်အတွက် မဟုတ်ပါ။ ရွယ်တူချင်း၊ အတန်းကြီး၊ အတန်းငယ်များဆီက အတွေ့အကြုံတွေကိုလည်း သင်ယူရပါသည်။ အထက်တွင် ဖော်ပြ သကဲ့သို့ “သင်ကြားခြင်း၊ သင်ယူခြင်းသည် အတွေ့အကြုံ လက်ဆင့်ကမ်းခြင်း” သာ ဖြစ်ပါသည်။ ဆရာ့ထံမှသာ မဟုတ်ပါ။ နိုဘယ်ဆုရှင်ကြီး အိုအဲ၏ အဆိုအတိုင်း အခြားသူများ ထံမှ အတွေ့အကြုံကိုလည်း လက်ခံယူရန် ဖြစ်ပါသည်။
တကယ်တော့ ဖတ်စာအုပ်မှာ ရေးထားသမျှ အကြောင်းအရာ အားလုံးသည်ပင် “ဟိုးယခင် လူသားများ၏ အတွေ့အကြုံမှတ်တမ်း” များသာ ဖြစ်ပါသည်။ နှောင်းလူများသိရန်၊ အမှားကင်း ရန်၊ အောင်မြင်စွာ အသုံးချတတ်ရန် မှတ်တမ်းတင်ခဲ့တာပါ။ ယင်းကို သူ့အရွယ်နှင့် ကိုက်ညီ သည့် သိသင့်၊ သိထိုက်သည် အားလုံးကို ဖတ်စာအုပ်တွင် သင်ရိုး ညွှန်းတမ်းရေးသူ ပညာရှင် များက ထည့်သွင်းခဲ့တာပါ။ လူ့ဘဝသည် ဖတ်စာအုပ်ထဲက စာ (သို့မဟုတ်) သီအိုရီ အသိလောက်သာ သိရုံနှင့် မလုံလောက်သေးပါ။ အသိမှသည် အတွေး၊ အတွေးမှသည် အတတ်၊ အတတ်မှသည် အသုံးချနိုင်ရေးဆီသို့ ဦးတည်ဆောင်ရွက်ရပေမည်။
လုပ်တတ်၊ ကိုင်တတ်၊ ဖြေရှင်းတတ်ဖို့ သင်ယူခြင်း
ကျောင်းသည် စာကိုသာသင်ပေးသည့် လုပ်ငန်းသာမက လက်တွေ့ လုပ်ဆောင်တတ်ရန် လေ့ကျင့်ပေးပါသည်။ ကျောင်းတွင် အဓိကသင်ရိုး (Core Curriculum) နှင့် ဖွံ့ဖြိုးရေး ဘာသာရပ် (Co-Curriculum) ဆိုပြီး ရှိပါသည်။ အဓိကသင်ရိုးဘာသာရပ်တွေ ကတော့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ အထွေထွေ သိပ္ပံတို့ ဖြစ်ပါသည်။ ဖွံ့ဖြိုးရေး ဘာသာရပ်တွေကတော့ ပြည်သူ့နီတိ၊ ဘဝတစ်သက်တာကျွမ်းကျင်စရာ၊ ကာယပညာ၊ စိုက်ပျိုးရေး၊ ပန်းချီ၊ အိမ်တွင်းမှု စသည်တို့ဖြစ်ပါသည်။ ထို့အတူ အသင်းအဖွဲ့များဖြစ်သည့် ကြက်ခြေနီ၊ ဘင်ခရာ၊ အားကစားပြိုင်ပွဲ မျိုးစုံတို့ဖြင့်လည်း လက်တွေ့ ပါဝင်လုပ်ကိုင် ဆောင်ရွက်တတ်အောင် လေ့ကျင့်ပေးပါသည်။ အိမ်မှာ သာဆိုလျှင် ဖွံ့ဖြိုးရေးဘာသာရပ်များနှင့် အသင်းအဖွဲ့လှုပ်ရှားမှုများ မလုပ်နိုင်ပါ။
ယနေ့ ပညာရေးမှာ ဉာဏ်ထက်မြက်သော IQ ကောင်းသူနှင့် စိတ်ထားမြင့်မြတ်မှုရှိသော EQ ကောင်းသူတွေထက် မြင့်ရမည့်အရာက ကျန်းမာကြံ့ခိုင်သူ (PQ = Physical Quotient)၊ အခြားသူများ၏ ယဉ်ကျေးမှုဓလေ့ အဖုံဖုံကို လေးစားလိုက်နာတန်ဖိုးထားသူ (CQ = Cultural Quotient) နှင့် ပြဿနာဖြေရှင်းနိုင်သည့် လုပ်ရည်ကိုင်ရည် မြင့်မားသူ (AQ = Adversity Quotient) များ ပေါ်ထွန်းလာရေးအတွက် ကျောင်းများက လေ့ကျင့်ပေးနေတာပါ။ စာတော်ပြီး လုပ်ငန်းခွင်မှာ ချော်ကြသူများမှာ ကျောင်းစာများကိုသာ တစ်စာစာ အော်ခဲ့ကြပြီး အခြားအရာ တွေမှာ မလုပ်တတ်၊ မကိုင်တတ်၊ ဖြေရှင်းရမှာ ကြောက်ကြတာက အခြေခံတာပါ။
စာမတော်ကြသော်လည်း ကျောင်းမှာကတည်းက အသင်းအဖွဲ့ အတွင်း၊ အတန်းတွင်း၊ ကျောင်းတွင်း လုပ်တတ်၊ ကိုင်တတ်၊ ဖြေရှင်း တတ်ဖို့ ဆရာ ဆရာမတွေဆီက၊ သူငယ်ချင်းတွေ၊ အတန်းကြီးတွေ၏ အတွေ့အကြုံမှတစ်ဆင့် သိ၊ မြင်၊ ကြားမှုတို့ကို သင်ယူတတ်မြောက်ခဲ့သူ များသည် ဘဝမှာတော်ကြ၊ အောင်မြင်ကြသူတွေအဖြစ် ရပ်တည်နေကြကြောင်း တွေ့ရှိရပါ သည်။
ဖွံ့ဖြိုးတိုးတက်ဖို့ သင်ယူခြင်း
ကျောင်းသည် သင်ပေးရုံသက်သက်သာမက တကယ်တော့ လေ့ကျင့်ပေးသည့်နေရာပါ။ ကာယ၊ ဉာဏ၊ စာရိတ္တနှင့် မိတ္တဗလ အပါအဝင် ဗလငါးတန်ဖွံ့ဖြိုးစေရန် လေ့ကျင့်ပေးနေတာပါ။ အဆိုပါ ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် လူမှုဆက်ဆံရေး ဖွံ့ဖြိုးမှုများတွင် “ကိုယ်ခန္ဓာ ကျန်းမာဖွံ့ဖြိုးမှု၊ တွေးခေါ် မြော်မြင်နိုင်သော စွမ်းရည်မြင့်မားမှု၊ တီထွင်နိုင်မှု၊ လူမှုရေးစိတ်ဓာတ်ဖွံ့ဖြိုးမှု၊ စိတ်ခံစားမှုကို ထိန်းသိမ်းနိုင်မှု၊ ကိုယ်ကျင့်တရားကို လေးစားတန်ဖိုးထားနိုင်မှု၊ စာနာတတ်မှု၊ အနုပညာ ခံစားလိုစိတ် ဖွံ့ဖြိုးမှု၊ ပူးပေါင်းဆောင်ရွက်နိုင်မှုနှင့် ခေါင်းဆောင်မှု အရည်အသွေးမြင့်မားမှု၊ ကျိုးကြောင်းညီညွတ်စွာ ပြဿနာကို ချဉ်းကပ် ကျော်လွှားနိုင်မှု၊ စည်းကမ်းကို လေးစားလိုက်နာ မှုနှင့် မတူကွဲပြားမှု များကို နားလည်လက်ခံ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း”တို့ ပါဝင်ပါသည်။ လူသားတစ်ဦးအနေဖြင့် မဖြစ်မနေ ဖွံ့ဖြိုးရမည့်အရာများပါ။
ယင်းတို့သည် ဆရာများဆီကသာမက ရွယ်တူအချင်းချင်း၊ အတန်းကြီးသူများ၊ အတန်းငယ် သူများနှင့် ပူးပေါင်းလေ့ကျင့်ရပါသည်။ ဆရာ့ဆီမှ၊ ဖတ်စာအုပ်ထဲမှ သင်ယူရုံ၊ ဖတ်ယူရုံဖြင့် ရနိုင်သည့် တန်ဖိုးမြင့် လူ့အရည်အသွေးများပါ။ လူအများနှင့်အတူတကွ နေထိုင်မှသာ ရမည့် လူ့တန်ဖိုးများပါ။ သူများအမှား (သို့မဟုတ်) အားနည်းချက် များကို မြင်၊ သိ၊ ကြားနေခြင်းဖြင့် မိမိက လိုက်မမှားရန် သတိပြု သင်ယူ နေခြင်းပါ။ ယနေ့ခေတ်သည် ကိုယ်တိုင်မှားပြီးမှ အတွေ့အကြုံနှင့် ပညာရသည့်ခေတ် မဟုတ်တော့ပေ။ ကိုယ်တိုင်မှားပြီးမှ အမှားကို လက်ခံလျှင် သူများအမှားကိုသိပြီး မှန်အောင်လုပ်သူက မိမိထက် ရှေ့ရောက်နေပြီဖြစ်၍ နောက်တွင်ကျန်ရစ် သူသာ ဖြစ်လာပေလိမ့်မည်။ ထိုသို့ မိမိနှင့်ရွယ်တူ အကြီး၊ အငယ်များ၏ အောင်မြင်မှု၊ အားနည်း ချက်၊ အမှားများကို မြင်၊ ကြား၊ သိ၍ မိမိက ထိုသူတို့ထက် ပိုကောင်း အောင် စွမ်းဆောင်နိုင်သည့်အတွက် သူများဆီမှ သင်ယူရန်အတွက်တော့ ကျောင်းသို့သွားဖို့ လိုပေလိမ့်မည်။ သို့မှသာ ကိုယ့်အားကိုယ်ကိုး တတ်သူ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တည်ဆောက်နိုင်ပြီး ဘဝတစ်လျှောက် အောင်မြင်သူများ ဖြစ်လာမှာပါ။
အများနှင့်အတူ ငြိမ်းချမ်းစွာ နေတတ်ဖို့ သင်ယူခြင်း
ယခုအချက်သည် ဆောင်းပါးအစတွင် အီတလီသူ ကလေး ပညာရေး စိတ်ပညာရှင် ညွှန်းခဲ့သလို ကလေးများကို ကျောင်းသို့ ကျွန်တော်တို့ မိဘများ လွှတ်ရခြင်း၏အဓိကရည်ရွယ်ချက်ပါ။ ကလေး ဘဝ မဆုံးရှုံးရေးပါ။ ထို့အတူ လူ့ဘဝမှာ ထိပ်ဆုံးက တတ်ကျွမ်းရမည့် ပညာက “လူတွေနှင့်အတူ ငြိမ်းချမ်းစွာ နေတတ်ဖို့” “ပေါင်းသင်း ဆက်ဆံတတ်ဖို့”ပါ။ သို့မှသာ မိမိရော မိမိပတ်ဝန်းကျင်ပါ ငြိမ်းချမ်းမှု ကို ဖော်ဆောင်ပါလိမ့်မည်။
လူတွေနှင့် မနေတတ်လျှင်၊ လူများ၏သဘောသဘာဝကို နားလည် လက်ခံနိုင်စွမ်း မဲ့ခဲ့လျှင်၊ လူမှုဆက်ဆံရေးမတတ်လျှင် ကျွန်တော်တို့ ကလေးတွေသည် “လူရာမဝင်သူများ” ဖြစ်သွား နိုင်ပါသည်။ လူတွေနှင့် ဆိုပေမယ့်လည်း မိသားစုဝင်တွေ၊ ဆွေမျိုးတွေနှင့်သာ မဟုတ်ပါ။ လူစိမ်း၊ သူစိမ်းရွယ်တူများနှင့် ဆော့ကစားရင်း၊ စာသင်ရင်း၊ အတန်း အကျိုး၊ ကျောင်းအကျိုး သယ်ပိုးရင်း ပေါင်းတတ်၊ သင်းတတ်ရပါမည်။ ရွယ်တူများနှင့် ကစားခုန်ကစားခွင့်မရခြင်း၊ အတူကြီးပြင်းခွင့်မရခြင်းသည် ကလေးဘဝ၏ ပြန်မရနိုင်သည့် အကြီးမားဆုံး ဆုံးရှုံးမှုပါ။ အိမ်မှာသာ စာသင်ပေးခဲ့လျှင် အိမ်မှာက ရွယ်တူ ဘယ်နှဦး ရှိနိုင် ပါမည်လဲ။ ကျောင်းမှာလောက် မများနိုင်ပါ။ ထို့အတူ အတန်းကြီးသူ၊ အတန်းငယ်သူများနှင့် ပေါင်းတတ်၊ သင်းတတ်ရပါသည်။ သို့မှသာ ကြီးသူကိုလေးစား၊ ငယ်သူကို စာနာတတ်ခြင်းနှင့် ရွယ်တူကို အပြန်အလှန် လေးစား တတ်ခြင်းဆိုသည့် ငြိမ်းချမ်းမှုအခြေပြုသော ပြေပြစ်သည့် ပေါင်းသင်းဆက်ဆံရေး၏ အဓိကသော့ချက်ကို ရနိုင်မှာပါ။
ကျောင်းဆိုတာ ဒီမိုကရေစီလေ့ကျင့်ကွင်းပါ
အိမ်ကမိသားစုတွင် ဘဝနောက်ခံအတူတူ၊ ကိုးကွယ်ရာဘာသာ အတူတူဆိုတော့ မတူကွဲပြားမှု ၏ တန်ဖိုးများကို မသိနိုင်နားမလည်နိုင်ပါ။ အတန်းဖော်များတွင် ရုန်းကန်လှုပ်ရှားမှုကို အခြေခံကာ ဥစ္စာဓန ဆင်းရဲ၊ ချမ်းသာ ကွာဟမှုများ၊ မိဘ၏ရာထူးဂုဏ်သိမ် စသည်ဖြင့် အမျိုးမျိုးသော သားသမီးများ စုံလင်လှသည်။ ကွဲပြားခြားနား နိမ့်ကျ သည့်ဘဝများကို စာနာ တတ်လာသည်။ ထို့အပြင် ကျောင်းစည်းကမ်းတွင် မိဘ၏ရာထူးဂုဏ်သိမ် စည်းစိမ်အရှိန်အဝါ များကို ကျောင်းသို့ သယ်ဆောင်လာခွင့်မပြုပါ။ စာသင်ခန်းတွင် ဆူကြုံနိမ့်မြင့်မရှိပါ။ အဆင့်အတန်းခွဲခြားမှုကင်း၏။ တန်းတူကြိုးစားခွင့်၊ အောင်မြင်ခွင့် ရှိ၏။
ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သည့် “တန်းတူအခွင့်အရေးရရှိမှု” ၏အရသာကို စာသင်ခန်းတွင် စတင်ခံစားရပေသည်။ အကယ်၍ ကျွန်တော်တို့သည် ကိုယ့်သားသမီးများကို အကြောင်း အမျိုးမျိုးကြောင့် ကျောင်းသို့မလွှတ်ဖြစ်ခဲ့လျှင် ဒီမိုကရေစီလူ့အဖွဲ့အစည်း၏ အနှစ်သာရ ဖြစ်သည့် တန်းတူအခွင့်အရေးရမှု အလေ့အကျင့်နှင့် ယင်း၏တန်ဖိုးကို ကျွန်တော်တို့၏ မျိုးဆက်သစ်များ မရနိုင်တော့ပေ။ ဤသို့ဆိုလျှင် သားသမီးများ၏ ဒီမိုကရေစီအရသာ ခံစားခွင့်ကို ပိတ်ပင်သူများသည် ကျွန်တော်တို့ မိဘများပင် ဖြစ်လာပေလိမ့်မည်။ ဘဝနောက်ခံ မတူညီ သူအချင်းချင်း ပျော်ရွှင်ငြိမ်းချမ်းစွာ ပညာသင်တတ်ရန်၊ နားလည် စာနာမှုဖြင့် နေထိုင်တတ်ရန်၊ အတန်းအကျိုး၊ ကျောင်းအကျိုး ပေါင်းစု ညီညာစွာ သယ်ပိုးတတ်ရန်နှင့် နောက်ဆုံးတွင် ဒီမိုကရေစီ၏ အနှစ်သာရ ပြည့်ဝသည့် “ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင် တတ်သည့် နိုင်ငံသား” များ ဖြစ်ထွန်းလာစေရန် ကျွန်တော်တို့ မဖြစ်မနေအားပေးရပေမည်။ သို့ပါ၍ ကမ္ဘာတစ်လွှားတွင် “ဒီမိုကရေစီကျင့်စဉ်အစ စာသင်ကျောင်း က” ဟူသည့်အမြင်ဖြင့် ဒီမိုကရေစီကိုမြတ်နိုးသူ မိဘများသည် မိမိတို့ ၏သားသမီးများကို ဒီမိုကရေစီလေ့ကျင့်ရေးကွင်း ဖြစ်သည့် ကျောင်းသို့ပို့ကာ လေ့ကျင့်ပေးနေပါသည်။
ကျောင်းသို့သွားခြင်းဖြင့် ရလာမည့်လူ့တန်ဖိုး
ကျောင်းတက်ခဲ့ကြသည့် မိဘများနှင့် ကျွန်တော်တို့သည် “ဖတ်စာအုပ်နှင့် စာမေးပွဲရမှတ်၊ အောင်လက်မှတ်အလွန် လူ့တန်ဖိုး” များဖြစ်သည့် အောက်ပါအရည်အသွေးများကို ရခဲ့ကြပါသည်။ (၁၆-၁၁-၂၀၂၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့ပြီး)။ ကျွန်တော်တို့သားသမီးများကိုလည်း
(က) ဘဝနောက်ခံမတူသူများနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်တတ်သည့် အလေ့အကျင့် ကို အထုံပါရမီဖြစ်လာစေရန်၊
(ခ) လူ့ကျင့်ဝတ်နှင့်စည်းကမ်းကို လေးစားလိုက်နာ တန်ဖိုးထား တတ်လာစေရန်၊
(ဂ) မြင့်မြတ်မိသားစုဝင်နှင့် ပြည့်ဝနိုင်ငံသားအဖြစ် ဖြစ်ထွန်း လာစေရန်၊
(ဃ) ကြီးသူကိုရိုသေ၊ အားနည်းသူကို စာနာတတ်သည့် အရည်အသွေး ပိုင်ဆိုင်လာစေရန်၊
(င) လူမှုဘဝပြဿနာများကို ရဲရင့်စွာ ရင်ဆိုင်ဖြေရှင်းတတ်လာ စေရန်၊
(စ) အစဉ်လေ့လာသင်ယူနေမှ အောင်မြင်မည်ဟူသည့်အသိ ရင်ဝယ်ပိုက်၍ စဉ်ဆက်မပြတ် လေ့လာနေသူ ဖြစ်လာစေရန်၊
(ဆ) ဘုံရည်မှန်းချက်များကို စုပေါင်းညီညွတ်စွာ အကောင်အထည် ဖော်တတ်သည့် အရည်အသွေးများကို ပိုင်ဆိုင်လာစေရန် ဟူသည့် တန်ဖိုးမြင့်နိုင်ငံသားတစ်ဦးတွင် မဖြစ်မနေ ရှိသင့်သည့် အရည်အသွေးများကို ကျောင်းသို့အရောက်ပို့ပြီး မဖြစ်မနေ တပ်ဆင်ပေးပါလိမ့်မည်။
ယနေ့ကမ္ဘာကြီးတွင် ကလေးများ၏ မွေးရာပါအရည်အသွေးများ ထက်မြက်လာပြီး လူ့တန်ဖိုး များ မြင့်တက်လာကာ ငြိမ်းချမ်းမှုကို မြတ်နိုးတည်ဆောက်ကြမည့် လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာစေရန် ကျွန်တော်တို့ကလေးများကို စုစုဝေးဝေးလေ့ကျင့်ပေးနိုင်သည့် နေရာသည် မိဘများ၏အိမ်နေရာနှင့် မလုံလောက်တာတော့ သေချာပါသည်။ ထိုနေရာသည် ကျောင်းမှ တစ်ပါး အခြားနေရာမရှိဟု ကမ္ဘာ့ပညာရေးပညာရှင်များက သတ်မှတ်အကောင်အထည်ဖော် နေကြပါသည်။
ထို့ကြောင့် ကျွန်တော်တို့၏ မိဘဘိုးဘွားများ၊ ကျွန်တော်တို့ ကိုယ်တိုင်နှင့် သားသမီးများသည် မဖြစ်မနေကျောင်းသို့ သွားခဲ့ကြ သည်။ နောက်မျိုးဆက်များကိုလည်း ကျောင်းသို့ဆက်လက် ပို့ကြဦးမည်။ ဘာကြောင့်ပါလဲ။ ကျောင်းမသွားခင်က သူလိုငါလို လူသားများပါ။ ကျောင်းက ထွက်တော့ “တန်ဖိုးမြင့်လူသားများ” အဖြစ် ပေါ်ထွန်းလာကြလို့ပါ။ ကျောင်းသွားခြင်းဖြင့် ကျွန်တော်တို့ ကလေးများ၏ အရည်အသွေးနိမ့်ကျသွားစရာအကြောင်း လုံးဝမရှိပါ။ စုစုဝေးဝေး ဖြင့် ကလေးများကို လေ့ကျင့်သင်ယူစေခြင်းဟာ ဖွံ့ဖြိုးခြင်း၊ အောင်မြင်ခြင်း၏ သော့ချက်ဖြစ်လို့ ကျောင်းသို့ပို့ကြခြင်းပါ။
မြန်မာ့သမိုင်းထဲက ကျောင်းသွားခဲ့ကြသည့်လူငယ်များ
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကို ပြန်လည်လေ့လာကြည့်လျှင် နတ်မောက်က မောင်အောင်ဆန်းနှင့် မောင်ဘဝင်းတို့ ညီအစ်ကို၊ ထုံးဘိုက မောင်မြ၊ မိတ္ထီလာက မောင်ရာဇတ်၊ တောင်ကြီးက စဝ်ရွှေသိုက်၊ ပန်းတနော်က မောင်သန့်နှင့် မောင်ခန့်တို့ ညီအစ်ကို၊ မန္တလေးက မောင်ဗဟိန်း၊ ဝါးခယ်မက မောင်နု၊ ပေါင်းတလည်က မောင်ရှုမောင်၊ ကညွတ်ကွင်းက မောင်သန်းထွန်း၊ ပုသိမ်က မောင်ထွန်းရှိန်၊ မောင်ဘဦးနှင့် မောင်မန်းဝင်းမောင်၊ ကြို့ပင်ကောက် က မောင်ဘဖေ၊ မြောင်းမြက မောင်ဘချို၊ ဟင်္သာတက မန်းဘခိုင်၊ မောင်ဖိုးကျားနှင့် မောင်အောင်ကျော်၊ ဒီပဲယင်းက မောင်စံရှား (ဆရာစံ)၊ ရွှေတောင်က မောင်လွန်းမောင် (သခင်ကိုယ်တော်မှိုင်း)၊ လောင်းလုံးက မောင်ဗထူး၊ ဘုတလင်က မောင်သိန်းဖေ (သိန်းဖေမြင့်)၊ တောင်တွင်းကြီးက မောင်ဘသောင်း၊ ပျဉ်းမနားက မောင်ကျော်ငြိမ်း၊ သံတွဲက မောင်ကျော်ရင်နှင့် မြင်းခြံက မောင်ချစ်ကောင်း စသည်တို့နှင့် အခြားသောသမိုင်းမှတ်တမ်း တင် ခေါင်းဆောင်များသည် အင်္ဂလိပ်ကိုလိုနီခေတ် ကျွန်ပညာရေးနှင့် အမျိုးသားပညာရေးတို့ကို သင်ယူရန် သူတို့၏မိဘများက ကျောင်းသို့ စေလွှတ်ခဲ့၍သာ နောင်တွင်ထွန်းတောက်သည့် လွတ်လပ်ရေး ခေါင်းဆောင်များ ဖြစ်လာခဲ့ကြပါသည်။
သူတို့သည် ကျွန်ဘဝရောက်ရှိနေသည့် မြန်မာများကို လွတ်လပ်သည့် သခင်လူမျိုးများ ပြန်ဖြစ်လာအောင် ဆောင်ကြဉ်းပေးနိုင်ခဲ့ကြ ပါသည်။ မြန်မာ့သမိုင်းထဲက တန်ဖိုးမြင့်မိဘများ၏ အမြော်အမြင် ကြီးမားမှုကြောင့် သားသမီးများကို လွတ်လပ်ရေးကြယ်ပွင့်များအဖြစ် မြန်မာ့သမိုင်းတွင် ထာဝရတောက်ပစေရုံသာမက မြန်မာတိုင်းရင်းသား အားလုံးကိုလည်း လွတ်လပ်သည့်သခင်ဘဝကို စံမြန်းစေခဲ့သည်။ အကယ်၍သူတို့၏မိဘများသည် သားသမီးများ ကို ကျောင်းသို့မပို့ခဲ့လျှင်နှင့် သူတို့ကိုယ်တိုင်ကလည်း ကျောင်းမသွားခဲ့လျှင် သမိုင်းမှတ်တမ်း ထဲက ဂုဏ်ပြုခံမြန်မာ့လွတ်လပ်ရေးခေါင်းဆောင်များ ဖြစ်လာစရာအကြောင်းမရှိသလို ကျွန်တော်တို့နိုင်ငံ၏ ကျွန်သက်သည်လည်း ဆက်၍ရှည်သွားနိုင်ပါသည်။ ယနေ့အခါမှာလည်း မိမိသား သမီး၏ ရှေ့ရေးနှင့် မြန်မာ့လူ့အဖွဲ့အစည်း၏ အနာဂတ်ကို တောက်ပ အောင် ဖန်တီးနိုင်စွမ်းရှိသည့် အဖိုးတန်မြန်မာမိဘများနှင့် ကျောင်းတက် သည့် မျိုးဆက်သစ်များ မြန်ပြည်တစ်လွှားတွင် ဆက်လက်ပြည့်လျှမ်း စေလိုပါသည်။
ယနေ့ကျောင်းကိုကြည့်၍ နိုင်ငံ့အနာဂတ်ကိုသိနိုင်
ဗြိတိသျှ နန်းရင်းဝန်ဟောင်း “ဒစ္စရေလီ” က “ယနေ့ ကလေးတွေ ပညာရေးအခြေအနေကို သိရင် အဲဒီနိုင်ငံရဲ့ အနာဂတ်ကံကြမ္မာကို ကျွန်ုပ်ဟောကိန်းထုတ်နိုင်သည်”တဲ့။ ဆောင်းပါး တစ်နေရာတွင် ဖော်ပြခဲ့သလို ယနေ့ပညာသင်ကျောင်းဟာ အနာဂတ်လူ့အဖွဲ့အစည်း၏ ရှေ့ပြေးပုံစံပါ။ သင်ကြား၊ သင်ယူရာနေရာသက်သက်မဟုတ်ပါ။ ပညာရေးကို ရှေ့တန်းက အကောင်အထည်ဖော်နေသည့် ကျောင်းကောင်း၊ စာသင်ခန်းက လူချွန်၊ လူကောင်းများ လေ့ကျင့်မွေးထုတ်ပေးခဲ့လျှင် အဲဒီနိုင်ငံ၏အနာဂတ် ရွှေရောင်တောက်ပနေမည်ဖြစ်ပါသည်။
ကျောင်းမကောင်း၊ ပညာရေးညံ့ခဲ့လျှင်တော့ “ဓားမနောက်ပိတ် ခွေး” နိုင်ငံသာဖြစ်လာ ပါလိမ့်မည်။ ထို့ထက်ဆိုးသည်က သားသမီးကို ကျောင်းမပို့သည့် မိဘများနှင့် ကျောင်းမတက် သည့်၊ ပညာမသင်သည့် မျိုးဆက်သစ်များ၏ ရာနှုန်းများလာခဲ့လျှင် ထိုလူ့အဖွဲ့အစည်းသည် “အသိဉာဏ်ချို့တဲ့သည့် နွံထဲကတက်နိုင်မည်မဟုတ်” ဟု မြင်မိပါသည်။ တကယ်တော့ ကျောင်းဟာတန်ဖိုးမဖြတ်နိုင်သည့် လူသား၊ စိန်ကောင်း၊ ကျောက်ကောင်းများကို ပိုမိုတန်ဖိုး တက်လာ၊ မြင့်မားလာ အောင် ဆရာမွန်၊ ဆရာမြတ်များထံအပ်၍ လေ့ကျင့်ပေးသည့် နေရာပါ။ ဒါကို ဗြိတိသျှနန်းရင်းဝန်ဟောင်းကသိပြီး အနာဂတ်နိုင်ငံ၏ အခြေအနေကို ဟောကိန်းထုတ် မည်ဟု ဆိုခဲ့ခြင်းဖြစ်သည်။
သို့ပါ၍ ကဗျာစာဆိုဆရာကြီး တင်မိုး၏
မနီကလေး ဘယ်ကိုသွား
စာသင်ကျောင်းကိုသွား။
စာသင်ကျောင်းက ဘာတွေသင်
စာရေးစာဖတ်သင်။
စာရေးစာဖတ် ဘာလုပ်ဖို့
မနီ လိမ္မာဖို့။
ဟု ဆိုသကဲ့သို့ လိမ္မာခြင်းတွင် ရှိပြီးသားဗလငါးတန်အပြင် (၂၁) ရာစု တွင် ထပ်ဖြည့်အပ်သည့် အိုင်ကျူ (IQ) လည်းထက်၊ အီးကျူ (EQ) လည်းမြင့်၊ ကျန်းမာကြံ့ခိုင်သည့် ပီကျူ (PQ) လည်းကောင်းမွန်၊ ယဉ်ကျေးမှု အဖုံဖုံကိုလည်းနားလည်လက်ခံသည့် စီကျူ (CQ) ရှိသူ၊ မိမိကိုးကွယ် ရာဘာသာတရားကို လေးစားလိုက်နာတန်ဖိုးထား လက်ခံကျင့်သုံးသည့် အက်စ်ကျူ (SQ = Spiritual Quotient) ပြည့်ဝသူနှင့် အခက်အခဲမှန်သမျှကို ရင်ဆိုင်ဖြေရှင်းကျော်လွှားနိုင်စွမ်း အေကျူ (AQ) တို့နှင့် ပြည့်စုံရန်အတွက် မျိုးဆက်သစ်ကလေး များကို ကျောင်းများက လေ့ကျင့်ပေးနေပါသဖြင့် ခေတ်သစ်မနီလေးလို လိမ္မာသူများ ဖြစ်လာ ရန်နှင့် သားသမီး၏ ထွန်းတောက်သည့်အနာဂတ်ကို ဖန်ဆင်းနိုင်ရန် ကျွန်တော်တို့မိဘများက မိမိတို့၏ကလေးများကို ကျောင်းသို့ မဖြစ်မနေပို့ကြရန်ဖြစ်ပါသည်။
အနာဂတ်ခေါင်းဆောင်လောင်း သားသမီးများ ပျော်ပျော်ရွှင်ရွှင် ဘေးရန်ကင်းကင်း ကျောင်းတက်ပညာသင်နိုင်ရန်အတွက်လည်း မိဘ၊ ဆရာသမားနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းပံ့ပိုးပေး၊ ကာကွယ် စောင့်ရှောက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ရေးသားလိုက်ရပါ သည်။ ။
ကျမ်းကိုး။ ။ (၁) P.P. Lillard (1997) Montessori in the classroom.
(၂) သမိုင်းသုတေသနဦးစီးဌာန (၂၀၁၁) ခေတ်ရေစီးထဲက ပုဂ္ဂိုလ်များ။