Skip to main content

ပြည်ထောင်စုစိတ်ဓာတ်အရင်းတည် ပင်လုံမှသည် နိုင်ငံတစ်ဝန်းဆီသို့

သီဟစည်သူ

မြန်မာနိုင်ငံတော်ကြီး ထီးကျိုးစည်ပေါက် နယ်ချဲ့လက်အောက်ဘဝမှ လွတ်မြောက်ရေးအတွက်ကြိုးပမ်းကြရာတွင် “ပြည်ထောင်စုနေ့”သည် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် သမိုင်းဝင်နေ့ထူးနေ့မြတ်ကြီးပင်ဖြစ်ပါသည်။ ပင်လုံမြေမှစတင်ခဲ့သည့် တိုင်းရင်းသားပေါင်းစုံသွေးစည်းညီညွတ်မှု၏ သင်္ကေတဖြစ်သော ပြည်ထောင်စုစိတ်ဓာတ်၏ အရင်းတည်ပေါက်ဖွားရာ ၁၉၄၇ ခုနှစ်ဖေဖော်ဝါရီ ၁၂ ရက်ကစ၍ ပြည်ထောင်စုအလံတော်ကို လွှင့်ထူခဲ့ကြသည်မှာ ယခုဆိုလျှင် ၇၆ နှစ်တိုင်ခဲ့လေပြီ။

အတိတ်ကိုသုံးသပ်ကြည့်မည်ဆိုပါက မြန်မာနိုင်ငံတွင် အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားတို့လက်ထက်နှင့် ကိုလိုနီလက်အောက်မှ လွတ်မြောက်ရေးကြိုးပမ်းစဉ်ကာလများအတွင်း မကြုံစဖူးအောင် စည်းလုံးညီညွတ်ခဲ့ကြသည်ကို သမိုင်းမှတ်တမ်းများတွင် အထင်းသားပေါ်လွင်နေပါသည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း အစရှိသည့် တိုင်းရင်းသားအပေါင်းတို့သည် ဤမြေတွင်အတူနေ၍ ဤရေကိုအတူသောက်ခဲ့ကြသည့် ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများပင်ဖြစ်၍ ရာဇဝင်အဆက်ဆက်မည်မျှပင်ပြောင်းလဲခဲ့သော်လည်း နှစ်ပေါင်းများစွာတိုင်အောင် ပြည်ထောင်စုအလံတော်အောက်တွင် တစ်စုတစ်စည်းတည်း၊ တစ်စိတ်တစ်ဝမ်းတည်းစည်းလုံးညီညွတ်မှုဖြင့်သာ ဤသံမဏိလွတ်လပ်ရေးကို ထိန်းသိမ်းနိုင်ခဲ့ကြခြင်းပင်ဖြစ်သည်။

ပင်လုံမှပေးသော ပြည်ထောင်စုအမွေ

၁၉၄၅-၁၉၄၆ ဝန်းကျင်နှစ်များအတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံး ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုအောက်တွင် စည်းစည်းလုံးလုံးရှိခဲ့ကြသည်။ ၁၉၄၆ ခုနှစ် ဇန်နဝါရီလအတွင်း ရွှေတိဂုံအလယ်ပစ္စယံ၌ကျင်းပခဲ့သော ဖဆပလလူထုညီလာခံကြီးမှ “တောင်တန်း - ပြည်မပူးပေါင်းရေး”အဆိုကို အောင်မြင်စွာ ဆုံးဖြတ်ချက်ချမှတ်နိုင်ခဲ့သည်။ အမှန်စင်စစ်ပင်လုံမြေမှပေးအပ်သော ပြည်ထောင်စုအမွေဆိုသည်မှာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်မှ ၁၂ ရက်နေ့အထိ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော တိုင်းရင်းသားကိုယ်စားလှယ်ကြီးများ တက်ရောက်ခဲ့သည့် ဒုတိယအကြိမ် ပင်လုံညီလာခံအစည်းအဝေးကြီး၌ မြန်မာနိုင်ငံမှရရှိခံစားရမည့် လွတ်လပ်ရေးကြီးကို တိုင်းရင်းသားလူမျိုးအားလုံး အကျိုးတူရရှိခံစားနိုင်ရန်အတွက် ဆွေးနွေးကာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် စာချုပ်တစ်ရပ်အဖြစ် သဘောတူလက်မှတ်ရေးထိုး နိုင်ခဲ့ခြင်းပင်ဖြစ်သည်။

ပင်လုံညီလာခံသည် လွတ်လပ်ရေးအတွက် တိုင်းရင်းသားအားလုံး ဥမကွဲသိုက်မပျက် ပူးပေါင်းဆောင်ရွက်မည်ဟူသော သွေးစည်းညီညွတ်ရေး သမိုင်းမှတ်တိုင်ကြီးကို စိုက်ထူနိုင်ခဲ့သော ညီလာခံကြီးပင်ဖြစ်သည်။ တစ်နည်းအားဖြင့် ပင်လုံစာချုပ်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဂုဏ်ဒြပ်ကို ထည်ဝါခံ့ညားစေခဲ့သည်သာမက ပြည်ထောင်စုစိတ်ဓာတ်ကို သက်သေထူဖော်ဆောင်နိုင်ခဲ့သော ညီလာခံကြီးပင် ဖြစ်ပါသည်။

ပင်လုံကျေးဇူး

“ကမ္ဘာတွင် ဖက်ဆစ်စနစ်သည် ဗုန်းဗုန်းကျဆုံးနေလေပြီ။ မြန်မာပြည် မြေပြန့်တွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖက်ဆစ်ဆန့်ကျင်ရေး၊ ပြည်သူ့လွတ်လပ်ရေးလှုပ်ရှားမှုကြီးသည် အစွမ်းကုန်ညီညွတ်တောင့်တင်းနေပေသည်။ တောင်တန်းဒေသတရိုးတွင်လည်းနိုးကြားမှုသည် အရှိန်အဟုန် ရနေပေပြီ။ ဤအခြေအနေတွင် ပင်လုံညီလာခံကျင်းပကာ တောင်တန်းသားခေါင်းဆောင်တို့၏သဘောထားကို ထုတ်ဖော်စေသောအခါ “ရှမ်း၊ ချင်း၊ ကချင်” အစရှိသော ငါတို့တောင်တန်းသားတို့သည် မြေပြန့်မြန်မာတို့နှင့်အတူ ပူးပေါင်းလက်တွဲ၍ လုံးဝလွတ်လပ်ရေးကိုအရယူကြမည်”ဟု တစ်ခဲနက်သော အသံကြီးထွက်ပေါ်လာခဲ့လေသည်။ ဤကိစ္စတွင် ဗိုလ်ချုပ်အောင်ဆန်းအပေါ် တောင်တန်းဒေသ ခေါင်းဆောင်များ၏ မမှိတ်မသုန်သော၊ မတုန်မလှုပ်သော ယုံကြည်မှုသည်လည်း အဓိကအချက်တစ်ရပ် အနေဖြင့် ပါဝင်နေသည်ကို မမေ့အပ်ပေ။ ဤသို့ပင်လုံညီလာခံကြီးသည် နယ်ချဲ့သမားတို့၏ နှစ်ပေါင်းရာချီ၍ တည်ဆောက်ခဲ့သော သွေးခွဲရေးစနစ်ကြီးကို တအားကုန်ရိုက်ချိုးနိုင်ခဲ့ပေသည်။ ယင်းကဲ့သို့နယ်ချဲ့တို့၏ “သွေးခွဲအုပ်ချုပ်မှု”ကြီးကို ပင်လုံတွင်ရိုက်ချိုးနိုင်ခဲ့သဖြင့် ၁၉၄၇ခုနှစ်တွင် တိုင်းရင်းသားပေါင်းစုံ ကိုယ်စားလှယ်များပါဝင်သော တိုင်းပြုပြည်ပြုလွှတ်တော် ကျင်းပနိုင်ခဲ့ပေသည်။” ဟု ရှမ်းပြည်နယ် ကိုယ်စားလှယ်အဖြစ် ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့သူ ဦးတင်အေး(ရှမ်းပြည်)၏ ပင်လုံကိုယ်တွေ့စကားသံကို ငွေတာရီမဂ္ဂဇင်းအမှတ် - ၉၂ တွင် ဖော်ပြခဲ့လေသည်။

အဆိုပါ ပင်လုံစာချုပ်ချုပ်ဆိုခဲ့သည့် ထိုနေ့ကို “ပြည်ထောင်စုနေ့”အဖြစ်သတ်မှတ်ကာ မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားများအား နှစ်စဉ်နှစ်တိုင်းဆင်ယင်ကျင်းပခဲ့သည်။ ၁၉၄၈ နှင့် ၁၉၄၉ ခုနှစ်များတွင် ပြည်ထောင်စုနေ့သဘင်ကို ပင်လုံမြို့၌ ကျင်းပခဲ့ပြီး ၁၉၅၀ ပြည့်နှစ်မှစ၍ ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။

ပြည်ထောင်စုအလံတော်သယ်ယူ

ပြည်ထောင်စုနေ့သဘင်ကို ကျင်းပသည့်အခါ ပြည်နယ်အသီးသီးမှ တိုင်းရင်းသားပေါင်းစုံတို့၏ ကိုယ်စားလှယ်တော်များ တက်ရောက်ခဲ့ကြသည်။ ထူးခြားချက်မှာ ၁၉၅၄ ခုနှစ်မှစတင်၍ ပြည်ထောင်စုအလံတော်ကိုအလှည့်ကျရာ ပြည်နယ်အသီးသီးမှပြည်ထောင်စုနေ့သဘင် ကျင်းပချိန်အမီ ရန်ကုန်မြို့သို့အရောက် လက်ဆင့်ကမ်းသယ်ယူခဲ့ခြင်းပင်ဖြစ်သည်။ ထိုနှစ်တွင် တိုင်းရင်းသားလူမျိုးစုတို့ ပူးပေါင်းသွေးစည်းရာ ပင်လုံမြို့မှ ပြည်ထောင်စုအလံတော်ကို ပြည်ထောင်စုနေ့အမီ ရန်ကုန်မြို့သို့အရောက် လက်ဆင့်ကမ်းသယ်ယူလာပြီးလျှင် နိုင်ငံတော်ဝန်ကြီးချုပ်ထံသို့ အပ်နှံခဲ့သည်။ အဆိုပါ အလံတော်သယ်ယူသည့် လမ်းတစ်လျှောက်ရှိမြို့များ၌ ပြည်ထောင်စုအလံတော်အလေးပြုပွဲနှင့် တိုင်းရင်းသားပြည်သူများ၏ ပြည်ထောင်စုအလံတော်ကြိုဆိုပွဲများကို ခြိမ့်ခြိမ့်သဲကျင်းပခဲ့ကြသည်။

ပြည်ထောင်စုအလံတော် သယ်ဆောင်ခြင်းနှင့်ပတ်သက်၍ ၁၉၅၄ ခုနှစ်နောက်ပိုင်း ၁၉၅၅ ခုနှစ်မှ ၁၉၆၄ ခုနှစ်အထိ ပြည်ထောင်စုအလံတော် သယ်ဆောင်ခြင်းအခမ်းအနားမကျင်းပနိုင်ခဲ့ဘဲ ၁၉၆၅ ခုနှစ်မှ ၁၉၇၃ ခုနှစ် (၅၆) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားအထိ ပြည်ထောင်စုအလံတော်အား တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လက်ဆင့်ကမ်းသယ်ဆောင်ခြင်း အခမ်းအနားများကျင်းပခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ပြဋ္ဌာန်းခြင်းနှင့်အတူ နိုင်ငံတော်အလံလဲလှယ်ခဲ့သည်။

ထို့နောက် ၁၉၇၅ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ(၁၉၇၈ ခုနှစ်မှအပ) ပြည်ထောင်စုအလံတော်ကို လေယာဉ်၊ ရေယာဉ်၊ မော်တော်ယာဉ်များဖြင့် သယ်ဆောင်ခဲ့ကြသည်။ ၁၉၉၀ ပြည့်နှစ်မှ ၂၀၀၆ ခုနှစ် (၅၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားအထိ ပြည်ထောင်စုအလံတော်သယ်ဆောင်ခြင်း အခမ်းအနားကျင်းပခဲ့သည်။ ယင်းနောက် ၂၀၀၇ ခုနှစ်မှ ၂၀၂၁ ခုနှစ် ပြည်ထောင်စုနေ့အခမ်းအနားအထိ ၁၅ နှစ်တာ ပြည်ထောင်စုအလံတော်သယ်ဆောင်ခြင်း အခမ်းအနားကျင်းပနိုင်ခြင်းမရှိခဲ့ဘဲ ၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတွင် နေပြည်တော်သို့ ဆောင်ယူလာခဲ့ပေသည်။

ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ ပြည်ထောင်စုကြီးတစ်ခုလုံးကို တစ်မိသားစုတည်း၊ တစ်အိမ်တည်းလို့ စွဲမြဲခိုင်မာစွာလက်ခံမှတ်ယူထားတဲ့ သဘောထားခံယူချက်ပဲဖြစ်ပါတယ်။ တိုင်းရင်းသားအားလုံးဟာ ဆွေမျိုးသားချင်း ညီအစ်ကိုမောင်နှမများဖြစ်တယ်လို့ ခံယူတဲ့စိတ်ဓာတ်၊ တစ်မြေတည်းနေ တစ်ရေတည်းသောက်ကြသူများဖြစ်တယ်လို့ ခံယူတဲ့စိတ်ဓာတ်၊ တစ်ဦးမှာအရေးကြုံရင်တစ်ဦးက မပစ်ပယ်ဘဲတလုံးတစည်းတည်း ပူးပေါင်းရင်ဆိုင်ဖြေရှင်းလိုတဲ့စိတ်ဓာတ်၊ အရေးကြီးရင်သွေးစည်းရမယ်လို့ ခံယူထားတဲ့စိတ်ဓာတ်၊ တောင်ပေါ်မြေပြန့်မခွဲခြားဘဲ အေးအတူပူအမျှတစ်သွေးတည်း၊ တစ်သားတည်းရှိတယ်လို့ ခံယူတဲ့စိတ်ဓာတ်တွေကို ပေါင်းရုံးစုစည်းပြီး ခေါ်ဆိုတာဖြစ်ပါတယ်” ဟု ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ဂုဏ်ပြုအခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

ထိုသို့ ပင်လုံမြေမှအစပြုခဲ့သော တိုင်းရင်းသားသွေးစည်းညီညွတ်မှု၏ သင်္ကေတဖြစ်သည့် ပြည်ထောင်စုအလံတော်သည် နေပြည်တော်သို့ ရောက်ရှိလာသည့်တိုင်အောင် ပြည်ထောင်စုဖွားတိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှု၏ အဓိပ္ပာယ်ကို ပြဆိုနိုင်ခဲ့လေသည်။

ပြည်ထောင်စုနေ့၏ အနှစ်သာရမှာ ပြည်ထောင်စုသားအားလုံး သွေးစည်းညီညွတ်မှုပင်ဖြစ်သည်။ သို့သော်လည်း ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး နောက်ပိုင်းတွင်ပေါ်ပေါက်လာခဲ့သည့် ရောင်စုံသူပုန်သောင်းကျန်းမှုများမှစတင်ခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုများ အလုံးစုံရပ်စဲရေးနှင့် တစ်နိုင်ငံလုံး ငြိမ်းချမ်းမှုရရှိရေးတို့အတွက် နှစ်ပေါင်း ၇၀ ကျော်ကြာ ယနေ့အချိန်အခါအထိ ခေတ်အဆက်ဆက် အစိုးရများကဖော်ဆောင်နေကြရဆဲပင်။

ကွက်လပ်ကြီးတစ်ခု

တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှု၊ ဇွဲ၊ သတ္တိများဖြင့် ဆက်လက်ဆောင်ရွက်ရမည့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ များစွာကျန်နေပါသေးသည်။ ပင်လုံစိတ်ဓာတ်များ ပြန်လည်နိုးထလာစေရေးများစွာ လိုအပ်နေပေသေးသည်။ အမှန်စင်စစ်ပြည်ထောင်စုတိုင်းရင်းသား သွေးစည်းညီညွတ်မှုကို သက်သေပြဆိုရန် “တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်”တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး ပါဝင်လာရေးဟူသည့် ကွက်လပ်ကြီးတစ်ခု ကျန်နေပါသေးသည်။ ဤကွက်လပ်ကို ဖြည့်ဆည်းရန်မှာပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် မဟာသမိုင်းပေးတာဝန်သာဖြစ်ပေသည်။

ခေတ်အဆက်ဆက် မြန်မာတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် လွတ်လပ်ရေးကို ဆုံးရှုံးခဲ့ရသည်မှာ ကမ္ဘာ့နိုင်ငံရေးမကျွမ်းကျင်မလိမ္မာခြင်း၊ တိုင်းရင်းသားညီအစ်ကိုအချင်းချင်း သွေးစည်းညီညွတ်မှုလျော့ပါးလာခြင်း၊ ပြည်သူများ၏မျိုးချစ်စိတ်ဓာတ်နှင့် ဇာတိသွေးဇာတိမာန် ဆုတ်ယုတ်လာခြင်းတို့ကြောင့်ပင်ဖြစ်သည်။ ဤသည်တို့ကား တိုင်းပြည်လွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက်နေကြသည့် ကျွန်ုပ်တို့မျိုးဆက်များအဖို့ သင်ခန်းစာယူစရာ၊ သတိမူစရာများပင်ဖြစ်ပေသည်။ အတိတ်သမိုင်းတွင် ဖြစ်ပျက်ခဲ့ရသမျှ ဖြစ်စဉ်များထဲမှ မိမိတို့သည် ဥဒါန်းကျေသော်လည်း ကမ္ဘာကြေနိုင်ဖွယ်ရာမရှိသည့်ဖြစ်ရပ်များကို အသည်းနှလုံးထဲတွင် သံမှိုစွဲဘိသကဲ့သို့ ထာဝစဉ်မှတ်သား သင်ခန်းစာယူကြရပါမည်။

မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလဗိုလ်ချုပ်အောင်ဆန်း အသက်ရှင်လျက်ရှိစဉ်အခါကပြောကြားခဲ့သည့် မိန့်ခွန်းတစ်ရပ်တွင်“အခုလက်ရှိဖြစ်နေတဲ့ မြို့ ပျက်၊ ရွာပျက်၊ ကျောင်းပျက်၊ အိမ်ပျက်၊ လမ်းပျက်၊ ကျန်းမာရေးပျက်၊ အကျင့်စာရိတ္တပျက်နေတဲ့အခြင်းအရာတွေကို ခင်ဗျားတို့ကျေနပ်သလား၊ သဘောကျသလား။ အဲလိုဖြစ်နေတာတွေကို မကျေနပ်ဘူးဆိုရင် အဲဒါတွေကို ပြုပြင်ရအောင်အစိုးရကို ကူဖို့ကိစ္စတွေကို ခင်ဗျားတို့စိတ်ရောကိုယ်ပါ ကူညီသင့်၊ မကူညီသင့်။ ကူညီမယ်ဆိုရင်ခင်ဗျားတို့ ကူညီသလောက် ခင်ဗျားတို့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးအစရှိတဲ့အခြေအနေဟာ အမြန် ပြုပြင်လို့ရမှာပဲ၊ ဒီလိုမှ မဟုတ်ရင် ခင်ဗျားတို့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးအစရှိတဲ့ အခြေအနေဟာ ဖြစ်ချင်တိုင်းဖြစ်နေတာကို ခင်ဗျားတို့ တွေ့ရမှာပဲ” ဟု မြွက်ကြားခဲ့သည်။ ဤမိန့်ခွန်းကို ကြည့်ခြင်းအားဖြင့် တွေးတောစရာများစွာ ကျန်ခဲ့ပေသည်။

ထို့ကြောင့် ပင်လုံမှသည် နေပြည်တော်ဆီသို့ လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့ကြသည့် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံ၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ အကောင်အထည်ဖော်ဆောင်ရေးအတွက် မျိုးချစ်စိတ်ဓာတ်ဖြင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက တက်ညီလက်ညီ ပူးပေါင်းပါဝင်နိုင်ကြပါစေကြောင်း ဆန္ဒပြုရင်း. . . ၁၉၅၄ ခုနှစ် ဇန်နဝါရီ ၄ ရက်ထုတ် မြန်မာ့အလင်းသတင်းစာပါ ကလောင်ရှင် - သီတာ၏ ကဗျာတစ်ပုဒ်ဖြင့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုအပ်ပါသည်။

မိခင်သို့ ဦးညွှတ်အလေးပြုပါ၏

အို…ချစ်သောမိခင် မိခင်အား ဦးညွှတ်အလေးပြုပါ၏။

ရွှေငွေကျောက်သံပတ္တမြား၊ ဆန်ရေစပါး၊ ကျွန်းသစ်

အစရှိသောရတနာတို့ဖြင့်

ကြွယ်ဝချမ်းသာသော

မိခင်၏ သယံဇာတပစ္စည်းတို့ကား၊

ပြိုင်ဘက် ကင်းနေပါ၏။

အို ... မိခင်- ရန်သူတို့၏ ထူးထွေဆန်းပြားသော

လက်နက်မျိုးစုံတို့ဖြင့် ဝိုင်းဝန်းဖျက်ဆီးကြသော်လည်း

အမြဲစိမ်းလန်း စိုပြည်သာယာလျက်ရှိသော

မိခင်၏ သဘာဝအလှကျက်သရေတို့ကား ပျက်စီးဆုံးရှုံး၍မသွား။

သင်္ခါရတည်းဟူသော ပျက်စီးခြင်းတို့၏ သဘောရှိခဲ့သည်ကို

မိခင်သည် မိခင်၏ နုပျိုတင့်ဆန်းခြင်း၊

သုခုမတရားတို့ဟာ ပုဂ္ဂလိကပစ္စည်းအဖြစ်

သိမ်းပိုက်ထားတော့မည် ထင်နေရပါတော့သည်။

အို… ချစ်သောမိခင်

သူရသတ္တိတို့ဖြင့် ရန်သူကို သေသေကျေကျေ

တိုက်ခိုက်တွန်းလှန်နိုင်သော

သူရဲကောင်းတို့အား မွေးကျွေးနိုင်သော

မိခင်၏ ဂုဏ်ကျေးဇူးများကို

ပညာရှင်ကဝိအဆူဆူတို့က ကမ္ဘာအဝှမ်းကို

သတင်းလွှင့်ကာ ချီးကျူးလျက်ရှိကြပါပြီ။

မိခင်သည် ဆိတ်သုဉ်းငြိမ်သက်နေသော

နာမ် ရုပ်ခန္ဓာ၏တည်ရာ

သမာဓိစခန်းမှ ခဏတာခွဲခွာပြီး

 ကြားနာစမ်းပါဦးတော့။

အို…. ချစ်သောမိခင်

ဘုရားဂူကျောင်း၊ တန်ဆောင်းပြာသာဒ်တို့ကို မြင်လေတိုင်း

ကျေးဇူးရှင်မိခင်အား သတိရလျက်ရှိနေပါ၏။

မိခင် ချစ်သောမိခင်၏ ထာဝရငြိမ်းချမ်းရေးနှင့်

လွတ်မြောက်ခြင်းတို့အတွက်

အရိုးပင်ကြေကြေ အရေပင်ခန်းစေတော့

ဆံချည်မတွန့်-လက်ရုံးကွန့်ပြီးလျှင်

မိခင်အားထိပါးသော ရန်သူတို့ကို

စွန့်စားကာကွယ်ပါမည်ဟု

ကတိသစ္စာပြုပါ၏ - အိုချစ်သော မိခင်…။

(သီတာ-ရေးသည်)

ကိုးကား

- ၁၉၅၄၊ ၁၉၆၉၊ ၁၉၇၀ ခုနှစ်ထုတ် မြန်မာ့အလင်း၊ ကြေးမုံ သတင်းစာများ။

- https://myawady.net.mm/node/22319