ရန်ကုန်တက္ကသိုလ်၏ အမှတ်တရပုံရိပ်စကားသံများ
မြင့်မြတ်သစ္စာ
ရန်ကုန်တက္ကသိုလ်သည် တစ်ချိန်က အရှေ့တောင်အာရှတွင် ထင်ရှားခဲ့သော တက္ကသိုလ်ကြီး တစ်ခုဖြစ်သည်။ ၁၉၂၀ ပြည့်နှစ်တွင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလဆိုလျှင် နှစ်ပေါင်း ၁၀ဝ သက်တမ်းပြည့်ပြီ ဖြစ်သည်။ ကိုလိုနီခေတ်တွင် ဖွင့်လှစ်ခဲ့သောကြောင့် မြန်မာနိုင်ငံကြီး၏ အနိမ့်၊ အမြင့် အပြောင်းအလဲတို့ကို အနီးကပ်သိမြင်ခဲ့ရသော တက္ကသိုလ်ကြီးတစ်ခုလည်း ဖြစ်သည်။ ၁၈၈၅ ခုနှစ် ကုန်းဘောင်နောက်ဆုံးမင်းဆက် သီပေါမင်း ပါတော်မူပြီးနောက် ၃၅ နှစ်အကြာတွင် ဧက ၄၅ဝ ကျယ်ဝန်းသော သစ်တောထူထပ်သည့် ရန်ကုန်တက္ကသိုလ်နေရာအား ရှင်းလင်း၍ သစ်ပုပ်ပင်ကြီးကို ဗဟိုပြုကာ တက္ကသိုလ်အဆောက်အဦများကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ယနေ့ ရန်ကုန်တက္ကသိုလ်ကြီးသည် ၁၉၈၈ ခုနှစ်နောက်ပိုင်း အသွင်အပြင်များနှင့် မတူဘဲ ပြောင်းလဲ တိုးတက်ခဲ့ပြီး မပြောင်းလဲ သောအရာတို့မှာ ထိုအချိန်က ခံ့ညား တည်ငြိမ်စွာဖြင့် ယနေ့တိုင် တွေ့မြင်ရလျက်ရှိသော ကျောင်းတော်ကြီးနှင့် အထင်ကရ ရုပ်ဝတ္ထုများပင်ဖြစ်သည်။ ရန်ကုန် တက္ကသိုလ် ကြီးသည် တိုင်းပြည်အတွက် သားကောင်း ရတနာများစွာကို မွေးဖွားပေးခဲ့ပြီး ဖြစ်သည်။ အသက်ရာကျော် ကျောင်းသားဟောင်းကြီးများနှင့် အသက် ၅ဝ အထက် ကျောင်းသား ဟောင်းတို့ အတွက် အမိတက္ကသိုလ် အဓိပတိ လမ်းပေါ်တွင် ခြေချလိုက်သည်နှင့် နုပျိုစဉ် ဘဝက ဤကျောင်း တော်ကြီးတွင် ပညာသင်ကြားခဲ့စဉ် ကျောင်းသားတစ်ဦး၏ အစားထိုး၍မရသော လွတ်လပ်ပျော်ရွှင် မှုတို့ကို ပြန်လည်အမှတ်ရမိစေလျက် ပြန်လည် နုပျိုလန်းဆန်းစေသော မှော်အစွမ်းကို ယနေ့တိုင် ပေးစွမ်းလျက်ရှိသည်။
တစ်ချိန်က ရန်ကုန်တက္ကသိုလ်မှ မွေးထုတ်ပေးခဲ့သော ကျောင်းသား ကျောင်းသူတို့မှာ ယနေ့တွင် နယ်ပယ် အသီးသီး၌ မိမိတို့ဘဝလမ်းကြောင်းအတိုင်း လျှောက်လှမ်းလျက်ရှိသည်။ ယင်းတို့အနက်မှ စာပေ၊ အနုပညာဖြင့် နိုင်ငံနှင့်ပြည်သူ့ကို အကျိုးပြုလျက်ရှိသော စာပေအနုပညာရှင် သုံးဦး၏ စကားသံများကို အောက်ပါအတိုင်း မျှဝေပေးလိုက်ပါသည် -
ဆရာချစ်ဦးညို (စာရေးဆရာ)
ကျွန်တော်က ၁၉၆၃-၁၉၆၄ ခုနှစ်ကနေ ၁၉၆၇-၁၉၆၈ ခုနှစ် စာသင်နှစ်အတွင်းမှာ ရန်ကုန်ဝိဇ္ဇာနဲ့ သိပ္ပံမှာ ဒဿနိကဗေဒ အဓိက ကျောင်းသား ဖြစ်ခဲ့ပါတယ်။ ကျောင်းနေ ပျော်လို့ စာတော်တယ်လို့ ဆိုရမလားပဲ။ တက္ကသိုလ်အနုပညာအသင်းမှာလည်း ဆို၊ က၊ ရေး၊ တီး အကုန်ပါတယ်။ တစ်ဖက်မှာ လည်း ဒဿနိကဗေဒခေါ်တဲ့ ဖလော်ဆော်ဖီကို တော်တော်လေးဝါသနာပါ နှစ်ခြိုက်တဲ့ အတွက် စိတ်ပါဝင်စားတဲ့ ဘာသာရပ်ဖြစ်တာကြောင့် သင်ကြားရေးမှာ လွယ်ကူအဆင်ပြေခဲ့တယ်။ နောက်ဆုံးနှစ်မှာ Paper လေးခုမှာ Paper သုံးခုကို Grade 5 ရတယ်။ ပြီးတော့ မဟာဝိဇ္ဇာ ဆက်တက်တယ်။ အဲဒီအချိန်မှာပဲ လုပ်သားများ ကောလိပ်မှာ ကျူတာခန့်တယ်။
တက္ကသိုလ်တက်တဲ့ အချိန်မှာ အဲဒီအချိန်က လွှမ်းမိုးခဲ့တဲ့ စာတွေမှာ လက်ဝဲစာပေတွေ လွှမ်းမိုး တယ်။ ဆူးလေဘုရားအဝိုင်းက စာအုပ်ဆိုင်မှာ ရုရှားနိုင်ငံက ထုတ်ဝေတဲ့ စာအုပ်တွေဝယ်ဖတ်ပြီး အချင်းချင်းဆွေးနွေးရင်း လက်ဝဲစာပေလွှမ်းမိုးမှု ခံရတယ်။ လက်ဝဲ ဝါဒရဲ့ လွှမ်းမိုးရိုက်ခတ်မှုကို အများကြီးရရှိခဲ့တယ်။ ကျောင်းမှာလည်း စာကမပြတ်တော့ ဖလော်ဆော်ဖီ လေ့လာလိုက်၊ လက်ဝဲဝါဒ ယိမ်းလိုက်နဲ့ တစ်မျိုးတော့ ဖြစ်နေတာပေါ့ဗျာ။ အဲဒီအချိန်မှာ ကျွန်တော်တို့ ဖတ်ခဲ့တဲ့ စာအုပ်တွေက ဆရာဇော်ဂျီရဲ့ စာအုပ်တွေ၊ အနောက်တိုင်း ဒဿနိကဗေဒသမိုင်း၊ ဖလော်ဆော်ဖီနဲ့ ပတ်သက်တဲ့ စာအုပ်တွေ၊ ရသပညာ နဲ့ ပတ်သက်တဲ့ စာအုပ်တွေ၊ ပြီးတော့ ဆရာမကြီး ဒေါ်ခင်စောရီနဲ့ ဒေါက်တာ ခင်မောင်ဝင်း၊ ဆရာဦးစိုးမြင့်တို့ရဲ့ သင်ကြား ပို့ချမှုတွေနဲ့ ဖြတ်သန်းခဲ့ရ တာပါ။
တက္ကသိုလ် ရွှေရတုသဘင် ခြိမ့်ခြိမ့်သဲကျင်းပ
အဲဒီအချိန်မှာ မြေစမ်းခရမ်းပျိုးစာပေ ရေးသားနေချိန်ပါ။ ၁၉၇၀ ပြည့်နှစ်၊ အောက်တိုဘာလ အထူးထုတ် မိုးဝေမဂ္ဂဇင်းမှာ “ရန်ကုန်မြို့အလယ်”ဆိုတဲ့ ဝထ္ထုတိုဟာ ကျွန်တော့်ရဲ့ ပထမဆုံးပုံနှိပ် စာမူပါပဲ။ ၁၉၇၀ ပြည့်နှစ် မှတ်မှတ်ရရရှိတာက လုပ်သားများ ကောလိပ်မှာ ဆရာဖြစ်နေတော့ လုပ်သား များကောလိပ် အနုပညာအသင်းမှာလည်း အတွင်းရေးမှူးဖြစ်တဲ့အတွက် ရန်ကုန် တက္ကသိုလ်ရဲ့ ရွှေရတုသဘင်ကို ခြိမ့်ခြိမ့်သဲ ကျင်းပကြတယ်။ လုပ်သားများ ကောလိပ်က ကျွန်တော့် အစီအစဉ်နဲ့ မင်းသားပြိုင်၊ အငြိမ့်၊ ရုပ်ကြီးစင်၊ ယိမ်းစတဲ့အစီအစဉ်လေးခုကို ကျွန်တော့်ဖခင် ဦးရွှေဒေါင်းညိုနဲ့ အစ်မဖြစ်သူ ယိုးဒယားအမာစိန်တို့ အကူအညီနဲ့ ကျွန်တော်ကိုယ်တိုင် မင်းသား အဖြစ် ပါဝင် ကပြခဲ့တယ်။
၁၉၇၇ ခုနှစ်မှာ လုံးချင်းဝတ္ထုဖြစ်တဲ့ “လင်္ကာဒီပချစ်သူ” စာအုပ်ထွက်ပါတယ်။ တက္ကသိုလ် ကျောင်းသားဘဝမှာ စာဖတ်တယ်။ အနုပညာအသင်းမှာ ကျင်လည်တယ်။ တက္ကသိုလ်စာကြည့် တိုက်ကြီးကို အသုံးချပြီး ဆရာဇော်ဂျီကို ခဏခဏ သွားကြည့်တယ်။ မှတ်မှတ်ရရပုံရိပ်ဆိုရင် ၁၉၆၄ ခုနှစ်မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်တယ်။ ဦးသန့်အရေးအခင်း ကြုံခဲ့ရတယ်။ အဖမ်းမခံရအောင် ထွက်ပြေး ခဲ့ရတာပေါ့။
နောက်မှတ်မှတ်ရရကတော့ တစ်ကျောင်းလုံး မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ဘွဲ့နှင်းသဘင် ခန်းမကြီးမှာ ကျင်းပတဲ့အခါမှာ တက္ကသိုလ်အနုပညာအသင်းက ဖျော်ဖြေရတယ်။ အဲ့ဒီမှာ ကျွန်တော်က ခြောက်လုံး ပတ်တီးပြီး အကော်ဒီယံလည်း ဆွဲသေးတယ်။ ဆရာဦးကိုယု၊ ဒေါက်တာကျော်စိန်နဲ့ ဆရာမဒေါ်သိန်းတင်တို့က “ဘိလပ်ပြန် မောင်သောင်းဖေ”ဆိုတဲ့ တစ်ခန်းရပ်ပြဇာတ်ကို ကခဲ့တာ ယနေ့တိုင် အမှတ်ရစရာပါပဲ။ အင်မတန်လည်း ကောင်းပါတယ်။ ရန်ကုန်တက္ကသိုလ်နဲ့ ပတ်သက်ရင် အမှတ်တရတွေ ဆိုတာ ကျောင်းသားတိုင်းမှာ ရှိကြမှာပါ။ ညဘက်ဆိုရင် ရတနာအဆောင်မှာ ပတ္တလားနဲ့ သီချင်းဆိုတယ်။ ဒေါ့ဂျစ်ကားပေါ်မှာ စန္ဒရားကြီး တင်ပြီး ဆိုကြတယ်။ အမှတ်ရ စရာတွေပေါ့။
တက္ကသိုလ်နောက်ခံဝတ္ထုတွေက ဖမ်းစား
အဲဒီအချိန် ကျောင်းသားဘဝမှာ ဆရာကြီးဆန်းထွန်း (မန်းတက္ကသိုလ်)ရဲ့ “ရှေ့သို့” ဆိုတဲ့ ဝတ္ထုခေတ် စားတယ်။ ပြီးတော့ ဆရာပါရဂူရဲ့ ဝတ္ထုတွေ၊ ဆရာမြသန်းတင့်ရဲ့ ဝတ္ထုတွေ၊ ဆရာမကြီး ဒေါ်ခင်နှင်းယုရဲ့ ဝတ္ထု၊ တက္ကသိုလ်နောက်ခံဖြစ်တဲ့ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ ဝတ္ထုတွေ၊ ဆရာကြီး တက္ကသိုလ်ခင်မောင်အေးရဲ့ တက္ကသိုလ် နောက်ခံဝတ္ထုတွေဟာ ကျောင်းသားတွေကို အင်မတန်ဖမ်းစားခဲ့တာပေါ့ဗျာ။ ၂၀၂၀ ပြည့် နှစ်မှာ ရန်ကုန်တက္ကသိုလ်ဟာ နှစ်ပေါင်း ၁၀ဝ သက်တမ်းရှိပြီပေါ့နော်။ ၁၉၂၀ ပြည့်နှစ် မှာ စတင်လှုပ်ရှားခဲ့တဲ့ ပထမကျောင်းသား သပိတ်သမိုင်းကို အားလုံးသိသင့်တယ်။ အထူးသဖြင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူနဲ့ ဆရာ ဆရာမတွေ ပိုသိသင့်ပါတယ်။
၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်ဟာ ဘယ်လောက်အထိ ပြင်းထန်သလဲဆိုရင် ပထမမှာ ပညာရေးမူဝါဒနဲ့ ပတ်သက်ပြီး ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသားတွေ လှုပ်ရှားခဲ့ကြတာ။ နောက်ပိုင်းမှာ နိုင်ငံရေး အနှစ်သာရအသွင်ကိုယူပြီး ကိုလိုနီစနစ် အောက်က ရုန်းထွက်ရေး၊ အမျိုးသား လွတ်မြောက်ရေးနဲ့ နယ်ချဲ့ဆန့်ကျင်ရေး ဆိုတဲ့အဆင့်ထိ ရောက်လာတဲ့အတွက် ဒီတက္ကသိုလ်ကြီးရဲ့ အစဉ်အလာဟာ အင်မတန်ကြီးမားပါတယ်။ တန်ဆောင်မုန်း လပြည့်ကျော် ၁ဝ ရက်နေ့ အမျိုးသားနေ့ဖြစ်ပေါ်လာတာဟာလည်း ဒီတက္ကသိုလ် သပိတ် စတင်မှောက်တဲ့နေ့ပါပဲ။
အင်မတန်တန်ဖိုးကြီးတာကြောင့် အဲဒီ ကျေးဇူးကို မမေ့မပျောက်ဘဲ တက္ကသိုလ် ရာပြည့်မှာ ကျွန်တော်တို့တတ်နိုင်တဲ့ဘက်က စာပေဖြစ်စေ၊ အနုပညာဖြစ်စေ၊ မိမိ တတ်ကျွမ်းရာ တစ်ခုခုနဲ့ဖြစ်စေ တိုင်းပြည်နဲ့ လူမျိုးအတွက် အကောင်းဆုံးဖြစ်အောင်၊ တက္ကသိုလ်ရဲ့ ပုံရိပ်ကြီး အကောင်းဆုံးလှပအောင် ထမ်းဆောင်ကြဖို့ အရေးကြီးပါတယ်။ ခေတ်ပြိုင်စာရေးဆရာတွေဆိုရင် ဆရာနန္ဒာ သိန်းဇံ၊ ဆရာမောင်ဝဏ္ဏ၊ ဆရာမင်းလူတို့ ပါပဲ။ ယနေ့ထိ ရသစာပေကို ဆက်လက် ရေးနေတဲ့ ဆရာမြဝင်း(ဒဿန)၊ ဆရာ မောင်ကြည်သစ်တို့လည်း ဒဿနိကဗေဒ ထွက်တွေဖြစ်ပြီး စာရေးကြတဲ့ စာရေးဆရာ တွေပါပဲ။
ဒါရိုက်တာညီညီထွန်းလွင်
(မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ)
ကျွန်တော် ၁၉၆၉ ခုနှစ်မှာ ၁ဝ တန်း စာမေးပွဲအောင်ပြီး ရူပဗေဒဘာသာ အဓိက ယူခဲ့တယ်။ ၁၉၇၃ ခုနှစ် ရာဇူးမှာ ကျောင်းပြီးပါတယ်။ ၁၉၆၉-၁၉၇၃ ခုနှစ် ရာဇူး Physic Major ရွှေရတုသဘင်ပွဲကို သစ်ပုပ်ပင်ကြီးနဲ့ အမှတ်တရနေရာတွေမှာ ဓာတ်ပုံရိုက်ပြီး စိမ်းလန်းစိုပြည်မှာ စားသောက်ပွဲ ကျင်းပခဲ့တယ်။ ရန်ကုန်တက္ကသိုလ် ရင်ငွေ့ လှုံခဲ့ရတာဆိုပေမယ့် စာပေနဲ့ နည်းနည်း ဝေးတယ်လို့ ဆိုရမယ်။ နောက်ဆုံးနှစ်မှာ ကျောင်းသားဇာတ်ဝင်ခန်းအဖြစ် ထွန်းထွန်းဝင်းနဲ့အတူ ပထမဆုံး ပါဝင်ခဲ့ပါတယ်။ ကျောင်းဆရာအဖြစ် ကိုဇော်လင်းနဲ့ မင်းသမီး ခင်သီတာထွန်းပေါ့။ ဖက်ဖူးရောင် ဇာတ်ကားမှာ ကျောင်းသားဆိုးအဖြစ် အင်္ကျီသုံးထည် ဆင်တူဝတ်ပြီး ပြင်ဦးလွင်အပါအဝင် ရုပ်ရှင် စရိုက်ဖြစ်ခဲ့တယ်။ နောက်ပိုင်းဇာတ်ညွှန်းပဲ ရေးဖြစ်တယ်။ ဆရာတင်အောင်မြင့်ဦးထံမှာ တပည့်ခံ ရင်း တောက်တိုမည်ရ ဇာတ်ကား ကူး၊ ဇာတ်ကားဆက်၊ ရိုက်ကွင်းမှာ မှတ်တမ်းရေး၊ ကလက်ရိုက်၊ ဇာတ်ညွှန်းရေး လုပ်ရင်း ပညာယူခဲ့ရတယ်။ အများဆုံးရုပ်ရှင် ဇာတ်ညွှန်းပဲ နီးစပ်ခဲ့တယ်။
ကဗျာက ကျောင်းသားထု ရင်ကိုကိုင်လှုပ်
ကျွန်တော်တို့ ကျောင်းသားဘဝမှာ သတိရတာက ဆရာမောင်ပန်းမွှေးကဗျာ တွေနဲ့ပဲ လူလားမြောက်လာတယ်လို့ ပြောရမယ်။ ဆရာမောင်ပန်းမွှေး ကဗျာတွေက ပို့စကတ်မှာ အမြဲပါတယ်။ ဗိုလ်ချုပ်ဈေး အဝင်နဲ့ ရန်ကုန်မြို့ထဲက ဆိုင်တွေမှာ ဘယ်ဆိုင်ဖြစ်ဖြစ် မောင်ပန်းမွှေးကဗျာ အကုန်ရတယ်။ ဆရာမောင်ပန်းမွှေးကဗျာနဲ့ မှ ကျောင်းသူတွေကို မပေးနိုင်ရင် ခေတ်မမီသလို အဲဒီအချိန်က ဖြစ်ခဲ့တယ်။ ပို့စကတ်မှာပါတဲ့ ကဗျာလေး သုံးကြောင်းဟာ ရန်ကုန် တက္ကသိုလ် ကျောင်းသားထုရဲ့ ရင်ကိုကိုင်လှုပ်ပြီး ဖမ်းစားခဲ့တာဆိုတော့ အဲဒီအချိန်က ကျောင်းသား တွေ ယနေ့တိုင်မှတ်မိကြမှာပါ။ ဆရာချစ်ဦးညိုဆိုရင် ရုပ်ပြစာအုပ်ဖြစ်တဲ့ လင်္ကာဒီပချစ်သူစာအုပ်ကို ပန်းချီမြိတ်ဝင်းထိန် ရေးဆွဲပြီး ဖတ်ရတာဟာ ကျောင်းသားထုတစ်ခုလုံး မကဘူး၊ မြန်မာတစ်ပြည် လုံး ကြိုက်နှစ်သက်ခဲ့ကြတယ်။ မှတ်မှတ်ရရပေါ့လေ။ ကျွန်တော်တို့က ရာမဇာတ်တော်မှာ ဒဿဂီရိ ဘီလူးကို မုန်းခဲ့တာ၊ လူကြမ်းကြီး အဖြစ် သိခဲ့တာ။ ဆရာချစ်ဦးညို ရေးလိုက် တာ ဒဿဂီရိဟာ အချစ်သူရဲကောင်း ဖြစ်သွားတယ်ဆိုတော့ ရန်ကုန်တက္ကသိုလ်ကို တော်တော်ကိုင်လှုပ်ပြီး ကျောင်းသား၊ ကျောင်းသူတွေ ရင်ထဲမှာ အံ့ဩပြီး သဘောကျ စေခဲ့တယ်။ တက္ကသိုလ်ကျောင်းသား ဘဝမှာ အမှတ်ရစရာတွေထဲမှာ ဆရာမောင်ပန်းမွှေး ကဗျာနဲ့ ဆရာချစ်ဦးညိုရဲ့ လင်္ကာဒီပချစ်သူ ရုပ်ပြစာအုပ်ကတော့ ယနေ့တိုင် ပုံရိပ်အဖြစ် ရှင်သန်နေပါတယ်။
ကျောင်းသားဘဝမှာ ကျောင်းသား၊ ကျောင်းသူတွေ အလုအယက်ဖတ်ရတာက ဆရာမောင်သာရ စာအုပ်တွေပဲ။ ဆရာ မောင်သာရ ဝတ္ထုကို မဖတ်ရင် ခေတ်မမီဘူး ဖြစ်ခဲ့တယ်။ မတ်တတ်ရပ်၍ လမ်းမှာငို၊ မျိုးမမပကာသနီစာအုပ်တွေ အပါအဝင် စာအုပ်အားလုံးကို စွဲစွဲလမ်းလမ်းနဲ့ ကျွန်တော် အပါအဝင် ကျောင်းသားတွေ ဖတ်ခဲ့ကြတယ်။ အခြားစာရေးဆရာတွေရေးတဲ့ ဘဝသရုပ် ဖော်တွေ၊ နိုင်ငံရေးစာပေတွေရှိတယ်။ ရန်ကုန်တက္ကသိုလ်နဲ့ ပတ်သက်ရင် မှတ်မှတ် ရရအဖြစ် ကျောင်းသားအားလုံးရင်ထဲမှာ ကျန်ရစ်ကြမှာပါ။
ကဏ္ဍအသီးသီးပူးပေါင်းမှုသမိုင်းမှတ်တိုင်
ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ကျောင်းထဲကို ရောက်သေးတယ်။ အပြောင်းအလဲမရှိပေမယ့် သစ်ပင်ခုတ် တယ်ကြားလို့ သစ်ပုတ်ပင်ကြီး ကျန်သေးသလားဆိုပြီး သူငယ်ချင်း အချင်းချင်း နောက်ပြောင်ရင်း ရောက်ခဲ့သေးတယ်။ ကျောင်းကြီးက စိမ်းလန်းစိုပြည်တုန်းပါပဲ။ အီကို ကင်တင်န်းကိုသွားတဲ့ စင်္ကြံလမ်း ကတော့ ကျွန်တော်တို့ခေတ်လို ဟာလာ ဟင်းလင်းကြီး မဟုတ်တော့ဘူး။ တစ်ခုတော့ ရှိမယ်။ ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ တံတိုင်းတွေ ခတ်တာတော့ ခံစားလို့မရဘူး။ တက္ကသိုလ် အပန်းဖြေရိပ်သာ နောက်မှာ ဝင်းတံတိုင်းတွေ ခတ်တာကိုတော့ သဘောမကျကြဘူး။ ရန်ကုန် တက္ကသိုလ်ကြီးအတွင်းမှာ လွတ်လွတ်လပ်လပ် သွားလာလို့ရအောင် ယခင်ထဲက ဝင်းခတ်တာ မရှိခဲ့ဘူး။ ကြုံလို့ ပြောပြတာပါ။ လူမှုကွန်ရက်တွေမှာလည်း တွေ့ရမှာပါ။ ရန်ကုန်တက္ကသိုလ်ကြီး နှစ်ရာပြည့်ပွဲဟာ တစ်ကြိမ်ပဲကြုံဆုံရတဲ့ ပွဲဖြစ်တဲ့အပြင် အစဉ်အလာကြီးမားတဲ့ ကျောင်းတော်ကြီး ဖြစ်တာကြောင့် အားလုံး ဝိုင်းဝန်းပြီး ကဏ္ဍနယ်ပယ်အသီးသီးကနေ ပူးပေါင်းမှုနဲ့ သမိုင်းမှတ်တိုင် စိုက်ထူစေလို ပါကြောင်း ဆန္ဒပြုလိုက်ပါတယ်။
ဆရာမနုနုရည်(အင်း၀)
ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ စတင်တည်ထောင် တာဆိုတော့ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့ဆိုရင် နှစ်တစ်ရာပြည့်ခဲ့ပါပြီပေါ့။ နှစ်တစ်ရာပြည့်မြောက်ခဲ့တဲ့ တက္ကသိုလ် ဆိုတဲ့ ဝေါဟာရနဲ့အတူ တက္ကသိုလ်ဆိုင်ရာ အခြားဝေါဟာရများအကြောင်းကို ကျွန်မ တို့ ဆရာ၊ ဆရာတိုက်(ဆရာတိုက်စိုး)ရဲ့ “ တက္ကသိုလ်ဆိုင်ရာ ဝေါဟာရဘာသာပြန် အစ”ဆိုတဲ့ ဆောင်းပါးလေးထဲမှာ တွေ့တာ လေးကို မျှဝေချင်ပါတယ်။
ကိုယ်ကျင့်သီလနဲ့ ရင့်ကျက်မှုသင်ကြားပေး
တက္ကသိုလ်ဆိုတာကို ယခင်က ယူနီဗာ စီတီလို့ပဲ အင်္ဂလိပ်ဘာသာကနေ တိုက်ရိုက် အသံထွက်ပြီး ရန်ကုန်ယူနီဗာစီတီလို့ပဲ ခေါ်ဝေါ်ခဲ့ကြပါတယ်။ တချို့ကလည်း သိပ္ပံ ကျောင်းတော်ကြီး၊ မဟာသိပ္ပံကျောင်းတော် ကြီးလို့လည်း ခပ်ရောရော သုံးနှုန်းခဲ့ကြဖူးပါတယ်။ ၁၉၃၀ ပြည့်နှစ် စက်တင်ဘာလ ၂၇ ရက်နေ့မှာ ပင်းယဆောင်မှာ ကျင်းပခဲ့တဲ့ ပညာရှင်များရဲ့ အင်္ဂလိပ်ဝေါဟာ ရများကို မြန်မာပြန်ဆိုရေး အစည်းအဝေးကနေပြီး ယူနီဗာစီတီကို တက္ကသိုလ်လို့ မြန်မာမှုပြုခဲ့ ပါတယ်။ တက္ကသိုလ်ဆိုတာ တက္ကသီလဆိုတဲ့ ပါဠိစကားကို မြန်မာပြုထားတာဖြစ်ပြီး “လိုရာဖြည့်ဆည်းခြင်း”လို့ အဓိပ္ပာယ် ထွက်ပါသတဲ့။ အဲဒီတက္ကသီလဆိုတဲ့ တက္ကသိုလ်ရဲ့ အဓိပ္ပာယ်ကို ဆရာဇော်ဂျီ ကတော့ တက္ကသိုလ်ဆိုတာ ဘာသာရပ် ဆိုင်ရာ ပညာတွေကိုသာ သင်ကြားပေးတဲ့ နေရာမဟုတ်ဘဲ ကိုယ်ကျင့်သီလနဲ့ ရင့်ကျက်မှုကိုပါ သင်ကြားပေးတဲ့နေရာလို့ ဖွင့်ဆိုခဲ့ ပါတယ်။
ရန်ကုန်ယူနီဗာစီတီ(သို့မဟုတ်) ရန်ကုန် တက္ကသိုလ်ကြီးဟာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှာ နှစ်ပေါင်းတစ်ရာ ပြည့်ပါတော့မယ်။ ၁၉၈၂-၁၉၈၃ ခုနှစ် စာကြည့် တိုက်ပညာ ဒီပလိုမာ ကျောင်းသူတစ်ဦးအနေနဲ့ ပညာရင်နို့သောက်စို့ဖူးခဲ့တဲ့ အမိ တက္ကသိုလ်ရဲ့ ရာပြည့်ပွဲကို ရန်ကုန် တက္ကသိုလ် နှစ်(၅၀) ပြည့် ရွှေရတုအခါမှာ ဆရာ အောင်ပြည့်ရဲ့ ဆုတောင်းလေးအတိုင်း ဆုတောင်း ပေးလိုပါတယ်။ ဟိသစ္စ အမှန်ဆိုခြင်းသည် စကားများကြောင့် နောင်အနှစ် ငါးဆယ်ကြာ မြသီတာ အရှင်၏ “ရာပြည့်ပွဲ” သည် ယခုထက်၊ ထက်ကဲ ခြိမ့်ခြိမ့်သဲသဲ ပါစေသတည်းလို့ ဆုမွန်ကောင်းခြွေလို ပါတယ်။
နှစ်တစ်ရာပြည့် ကြုံကြိုက်မှုဂုဏ်ယူဖွယ်
နိုင်ငံအသီးသီးတွင် ထိုနိုင်ငံကိုယ်စားပြု တက္ကသိုလ်ကြီးများရှိကြပြီး ထိုကျောင်းများသည် မိခင်နိုင်ငံ ကိုသာမက ကမ္ဘာကို ကျော်စေသည့်အထိ ဂုဏ်ရှိန်ကြီးသော တက္ကသိုလ်များလည်းရှိကြပါသည်။ ရန်ကုန် တက္ကသိုလ်သည် တစ်ချိန်က ကမ္ဘာကျော်ခဲ့ သော ကျောင်းတော်ကြီးဖြစ်ခဲ့သည်။ ယနေ့ အခါတွင် ထိုကျောင်းတော်ကြီးမှာ သက်တမ်း နှစ်တစ်ရာပြည့်နှင့် ကြုံကြိုက်ခွင့်ရရှိမှုသည် ဂုဏ်ယူဖွယ်ပင်ဖြစ်သည်။
ထိုတက္ကသိုလ်ကြီးတွင် ပညာသင်ကြားပြီး ဘ၀ဖြတ်သန်းခဲ့ကြသော ကျောင်းသား ဟောင်းကြီးများ မှာ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ခဲ့၊ ထမ်းဆောင်နေသူများ ရှိသလို ပြည်ပတွင်ရောက်ရှိ နေသူများလည်း ရှိသည်။ မျိုးဆက်သစ်များကိုလည်း ကျောင်းတော်ကြီးမှ ဆက်လက်မွေးထုတ် ပေးလျက် ရှိသည်။ သို့ဖြစ်၍ ရန်ကုန်တက္ကသိုလ်နှစ် ရာပြည့်မှသည် နှစ်ရာပေါင်းများစွာ အဓွန့် ရှည်တည်တံ့လျက် ဂုဏ်သတင်း သင်းပျံ့ပါစေကြောင်း။ ။