Skip to main content

ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး မျှော်လင့်ချက်

စလင်း - စည်သူကျော်ထင်

ယနေ့ မျက်မှောက်ကမ္ဘာကြီးတွင် အရေးကြီးဆုံးလိုအပ်သည့်အရာများမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ဖြစ်ပြီး ယင်းတို့သည် နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ခုမှအစပြု၍ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများအားလုံးကို ဖြေရှင်းပေးနိုင်ရန် အချင်းချင်း အမှီသဟဲပြု ချိတ်ဆက်လျက်ရှိသည်။

ငြိမ်းချမ်းမှုဖြင့် ကမ္ဘာ့ပြည်သူအားလုံး လိုလားတောင့်တသည့် လုံခြုံမှု၊ တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုများမှတစ်ဆင့် စိတ်အေးချမ်းသာမှုနှင့် သာယာပျော်ရွှင်မှုတို့ကို ရရှိခံစားနိုင်ကြမည် ဖြစ်သည်။

ငြိမ်းချမ်းရေးဆိုသည်မှာ ရန်လိုမှုနှင့် အကြမ်းဖက်မှုကင်းစင်လျက် လူမှုအသိုက်အဝန်း၌ ချစ်ကြည်မှုနှင့် သဟဇာတဖြစ်မှု သဘောတရားဖြစ်ကြောင်း အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ငြိမ်းချမ်းရေးကို လူမှုရေးသဘောတရားအရ လူတစ်ဦးချင်း သို့မဟုတ် ကွဲပြားသော အုပ်စုများအကြား ပဋိပက္ခများကင်းစင်ခြင်း သို့မဟုတ် အကြမ်းဖက်မှုမှ ကင်းဝေးခြင်းကို ရည်ညွှန်းရန် သုံးနှုန်းသည်။ ဒေသတွင်းငြိမ်းချမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးများ ဖြစ်ပေါ်စေရန် ရည်ရွယ်၍လည်း ငြိမ်းချမ်းရေးဖော်ဆောင်ခြင်းနှင့် သံတမန်ရေးရာကို သဘောတူညီမှုစာချုပ်များ၊ ငြိမ်းချမ်းရေးပဋိညာဉ်များ ချုပ်ဆိုခြင်းတို့ကို သမိုင်းတစ်လျှောက် ကျင့်သုံးခဲ့ကြသည်။

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုရှိခြင်းသည် ထိုနိုင်ငံ၏ ငြိမ်းချမ်းရေးပြယုဂ်ပင်ဖြစ်သည်။ နိုင်ငံသားအချင်းချင်း ချစ်ကြည်စည်းလုံးမှုရှိခြင်းသည် ငြိမ်းချမ်းခြင်း၏ သင်္ကေတတစ်ခုဖြစ်သည်။ ထို့ကြောင့် ယနေ့မြန်မာနိုင်ငံ၏ မျက်မှောက်ခေတ် ပထဝီနိုင်ငံရေးအခြေအနေအရ အလိုအပ်ဆုံးအချက်မှာလည်း ငြိမ်းချမ်းရေးပင် ဖြစ်သည်။

အများသိကြပြီးဖြစ်သည့်အတိုင်း ရေ၊ မြေ၊ သယံဇာတပေါကြွယ်ဝသည့် မြန်မာနိုင်ငံသည် ကိုလိုနီစနစ် လှိုင်းတံပိုးအောက်တွင် နှစ်ပေါင်း ၁၀၀ ကျော်တိုင် ရောက်ရှိခဲ့သည်။ နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေးအတွက် ခေတ်အဆက်ဆက် တိုင်းရင်းသားများ သွေးစည်းညီညွတ်မှုဖြင့် တွန်းလှန်နိုင်ခဲ့ကြသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် တောင်တန်း - ပြည်မ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုဖြင့် ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်၏ ကျေးဇူးဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ရက်တွင် မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်ခုအဖြစ် ကမ္ဘာ့အလယ်တွင် ဝံ့ထည်စွာ ရပ်တည်နိုင်ခဲ့သည်။ သို့သော် တိုင်းပြည်လွတ်လပ်ခဲ့သော ၁၉၄၈ ခုနှစ်မှစတင်ပေါ်ပေါက်လာခဲ့သည့်ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများသည် ယနေ့တိုင်အောင် အရှိန်ကောင်းနေဆဲပင် ဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အခုရေတွင်းတူး၊ အခုရေကြည်သောက်ချင်၍မရဘဲ သိမ်မွေ့နက်နဲ ရှည်လျားကျယ်ပြန့်လှသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။ သို့သော် ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့မှာ တိုက်ရိုက်အချိုးကျနေသဖြင့် ပြည်တွင်းငြိမ်းချမ်းရေး တစ်ရက်စောရလျှင် တစ်ရက်အကျိုးရှိသည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရ အဆက်ဆက်တို့သည် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် အစဉ်အဆက် ကြိုးပမ်းခဲ့ကြသည်။

ဝန်ကြီးချုပ်ဦးနုလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းမှု

နိုင်ငံလွတ်လပ်ရေးရရှိချိန်မှစတင်၍ နယ်ချဲ့၏ ဆိုးမွေအဖြစ်ပါလာသော သွေးကွဲမှု အခြေခံဝါဒစွဲ၊ ဂိုဏ်းဂဏစွဲအခြေခံများကြောင့် ပြည်တွင်းလက်နက်ကိုင် သောင်းကျန်းမှုကြီးများကို အဆက်ဆက်သော အစိုးရများနှင့်တကွ ပြည်သူများ ခါးစည်းခံခဲ့ကြရသည်။ ထို့ကြောင့် ဝန်ကြီးချုပ် ဦးနုအစိုးရလက်ထက် ၁၉၅၈ ခုနှစ်တွင် ကျင်းပသည့် (၁၃) ကြိမ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့တွင် ဝန်ကြီးချုပ် ဦးနုက ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး အမြန်ရရှိရေး သင်ပုန်းချေဝါဒကျင့်သုံးမည်ဟု ကြွေးကြော်ခဲ့သည်။ ထိုစကားနှင့်အညီ ၁၉၅၈ ခုနှစ် ဇွန်လ ၂၄ ရက်တွင် ဝန်ကြီးချုပ်နေအိမ်မဏ္ဍပ်၌ သန့်ရှင်းဖဆပလခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် ဦးနုက “သူမနာ ကိုယ်မနာ ငြိမ်းချမ်းရေးရအောင် တောတွင်းရဲဘော်တွေလိုချင်တဲ့ အဓိက ၂ ချက်ဖြစ်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို (ဝါ) ၂ ဦး ၂ ဘက် ကျူးလွန်ခဲ့ချက်အားလုံးကို သင်ပုန်းချေဘို့အတွက် အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေလို့ခေါ်တဲ့ သင်ပုန်းချေဥပဒေတရပ် ပြဋ္ဌာန်းပေးဘို့၊ ဥပဒေအတွင်းဝင်လာပြီးနောက် သူတို့နဲ့ ပါတီအဖွဲ့အစည်းတွေကို တရားဝင်ပါတီအဖွဲ့အစည်းများအဖြစ်နဲ့ လွတ်လပ်စွာ ထူထောင်ခွင့်ပြုဘို့ဆိုတဲ့ အချက်တွေကို ကျွန်တော်ဟာ ဖဆပလ သန့်ရှင်းဥက္ကဋ္ဌအနေနဲ့၎င်း၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ်အနေနဲ့၎င်း၊ အရင်က လုပ်ဖော်ကိုင်ဘက်များအနေနဲ့၎င်း၊ တောတွင်းရဲဘော်တို့ အလိုရှိတဲ့အတိုင်း အပြည့်အဝ အခိုင်အမာ လုပ်ပေးပါ့မယ်ဆိုတာ တိုင်းသိပြည်သိ အတိအလင်းကတိပေးပါတယ်ဟု ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်ဦးနု ကတိပေးခဲ့သည့်အတိုင်း ၁၉၅၈ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် သင်ပုန်းချေလွတ်ခွင့်ဥပဒေကို နိုင်ငံတော်သမ္မတအမိန့်ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းနောက် ပြည်တွင်းငြိမ်းချမ်းရေး အကောင်အထည်ဖော်ရေးအတွက် အလင်းဝင်ရေးကိစ္စများ၊ ကာကွယ်ရေးကိစ္စများကို ဝန်ကြီးချုပ် ဦးနု သဘာပတိအဖြစ် ဆောင်ရွက်သော အမျိုးသား ကာကွယ်ရေးကောင်စီက ဆုံးဖြတ်ညွှန်ကြားချက်များ ချမှတ်ပေးခဲ့သည်။

ထို့ကြောင့် ၁၉၅၈ ခုနှစ် ဩဂုတ် ၁၅ ရက်တွင် ပြည်သူ့ရဲဘော်အဖွဲ့ အလင်းဝင်ခဲ့သည်။ ထို့နောက် မွန်ပြည်သူ့တပ်ဦးအဖွဲ့ဝင် ၅၀၀ ကျော်နှင့် ပအို့ဝ်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ခေါင်းဆောင် သထုံဦးလှဖေနှင့် တပ်ဖွဲ့တပ်မှူးကြီး ဗိုလ်ချန်ဇုံတို့ ခေါင်းဆောင်သည့် အဖွဲ့ဝင် ၁၀၀၀ ကျော် အလင်းဝင်လာခဲ့သည်။ ထို့အတူ တောတွင်းပါတီအချို့ ငြိမ်းချမ်းရေးအတွက် စကားကမ်းလှမ်းလာခဲ့ကြသည်။ သို့သော်လည်း နောက်ပိုင်းတွင် နိုင်ငံရေးသမားများ၏ ဂိုဏ်းဂဏစွဲပဋိပက္ခများ ပေါ်ပေါက်လာမှု၊ နိုင်ငံရေးပါတီများအကြား စည်းလုံးညီညွတ်မှု ပြိုကွဲလာမှုတို့နှင့်အတူ နိုင်ငံရေးအာဏာအပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့ပြီးနောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် မုန့်လုံးစက္ကူကပ် ဇာတ်မျောကြီးဖြစ်ခဲ့ရသည်။

တော်လှန်ရေးကောင်စီအစိုးရလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းမှု

ထို့နောက် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီအစိုးရသည် မြန်မာနိုင်ငံကို ဆိုရှယ်လစ်စနစ်ဖြင့် ပြန်လည်ထူထောင်ရန် ကြိုးပမ်းရာ၌ တစ်မျိုးသားလုံးစည်းလုံး ညီညွတ်မှုဖြင့် တည်ဆောက်လိုသောကြောင့် ပြည်ထောင်စုကြီးတစ်ခုလုံးအား ပြန်လည်စုစည်းရမည့် အစီအစဉ်တစ်ရပ်ကို ချမှတ်ခဲ့သည်။

တော်လှန်ရေးကောင်စီအစိုးရသည် အမျိုးသားစည်းလုံးညီညွတ်မှုကို ထူထောင်ရန် ကြိုးပမ်းမှုအနေ ဖြင့် ၁၉၆၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ထုတ်ပြန်၍ လက်နက်ကိုင်လမ်းစဉ် ကျင့်သုံးနေကြသော သောင်းကျန်းသူများကို ဥပဒေဘောင်အတွင်း ဝင်ရောက်ပြီး နိုင်ငံထူထောင်ရေးလုပ်ငန်းများတွင်ပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။

တော်လှန်ရေးကောင်စီက ထုတ်ပြန်သော လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ မြန်မာနိုင်ငံအရပ်ရပ်ရှိ အကျဉ်းထောင်များမှ အကျဉ်းသား စုစုပေါင်း ၁၂၀၀၀ ခန့် လွတ်ငြိမ်းချမ်းသာခွင့်ကိုခံစား ခဲ့ကြရသည်။ ထိုလွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ယုံကြည်လက်ခံသော တောတွင်းလက်နက်ကိုင် အဖွဲ့အစည်းများမှ သောင်းကျန်းသူအများအပြားမှာလည်း ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ခဲ့ သည်။ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အတားအဆီးဖြစ်လျက်ရှိသော ယခင်အစိုးရ အဆက်ဆက်က ထုတ်ပြန်ကြေညာခဲ့သော တောတွင်းလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ အတွက် ဆုငွေအမိန့်များကို ၁၉၆၃ ခုနှစ် ဇွန် ၁၁ရက် မှစ၍ ရုပ်သိမ်းပေးခဲ့သည်။ ယင်းနေ့၌ပင် တောတွင်း လက်နက်ကိုင်အဖွဲ့များအား တွေ့ဆုံဆွေးနွေးရေးကို လမ်းဖွင့်ပေးခဲ့သည်။

ထိုအချိန်က နိုင်ငံရေးလောကမှ အနားယူထားသော ကချင်အမျိုးသားခေါင်းဆောင်ကြီး ဆမားဒူဝါ ဆင်းဝါးနောင်ကလည်း တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်သည် “တောတွင်းအင်အားစုများ အတွက်၎င်း၊ ပြည်သူလူထုနှင့်အစိုးရအတွက်၎င်း၊ နှစ်ဦးနှစ်ဖက်လုံးအတွက် ကောင်းဘို့ပင်ဖြစ်သည်ဟု ယူဆကြောင်း မှတ်ချက်ပြုခဲ့သည်။

တော်လှန်ရေးကောင်စီ၏ တွေ့ဆုံဆွေးနွေးရေးကမ်းလှမ်းချက်အရ တောတွင်းလက်နက်ကိုင် အဖွဲ့အစည်းများက တွေ့ဆုံဆွေးနွေးရန် ဆက်သွယ်လာခဲ့ကြသည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် ပတ်သက်သော တော်လှန်ရေးကောင်စီ၏ သဘော ထားမှာလည်း -

-         အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်၊

-         ယခင်က ဖြစ်ခဲ့သော အမှားအယွင်းများ၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ရှိခဲ့သော အာဃာတများကို ဖယ်ရှား၍ ပြည်ထောင်စုမြန်မာနိုင်ငံတစ်မျိုးသားလုံး ညီညွတ်မှုအတွက် ကြိုးပမ်းရန်၊

-         မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အရ နိုင်ငံအား ပြန်လည်တည်ဆောက်ရာတွင် ပါဝင်ဆောင်ရွက်ကြရန်အတွက် အပြန်အလှန်ဆွေးနွေးခြင်း၊ ဖြစ်သင့်ဖြစ်ထိုက်သော သဘောတူညီချက်များ ရရှိစေခြင်းဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ရန်ဖြစ်သည်ဟု ဆွေးနွေးပွဲဆိုင်ရာ သဘောထားများကို ထုတ်ဖော်ကြေညာခဲ့သည်။

ထိုသို့ထုတ်ပြန်ပြီးနောက် အဓိကတောတွင်း လက်နက်ကိုင်အဖွဲ့အစည်းများ၏ ကိုယ်စားလှယ် အဖွဲ့များဖြစ်သည့် ကွန်မြူနစ်ပါတီ(ဗမာပြည်)၊ ရခိုင်ကွန်မြူနစ်ပါတီ၊ ရှမ်းအမျိုးသားတပ်ပေါင်းစုနှင့် ရှမ်းပြည်လွတ်မြောက်ရေးတပ်၊ ကချင်လွတ်လပ်ရေးကောင်စီ၊ ရဲဘော်ဌေးခေါင်းဆောင်သော ဗမာပြည်ကွန်မြူနစ်ပါတီ၊ မန်းဘဇံခေါင်းဆောင်သော သုံးပါတီ(ကေအင်န်ယူပါတီ၊ မွန်ပြည်သစ်ပါတီ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ)နှင့် အမျိုးသား ဒီမိုကရေစီညီညွတ်ရေး တပ်ပေါင်းစု(မဒညတ)၊ စောဟန်တာသာမွှေး ခေါင်းဆောင်သော ကရင်တော်လှန်ရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့များ ငြိမ်းချမ်းရေးအတွက် လာရောက်ဆွေးနွေးခဲ့ကြသည်။

ဤသို့ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီအစိုးရလက်ထက် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ညီညွတ်ရေးဆောင်ရွက်မှုများသည် ၁၉၆၃ ခုနှစ် တွင် ပျက်ပြယ်ခဲ့ရသည်။ ထို့နောက် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စများကို ဆက်လက်ဖော်ဆောင်ခဲ့ရာတွင် ၃၁ - ၃ - ၁၉၈၉ မှ ၆-၄-၁၉၉၇ ခုနှစ်အတွင်း တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်း (၁၇) ဖွဲ့ နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေးရယူခဲ့ပြီး တရားဥပဒေဘောင်၊ ငြိမ်းချမ်းရေးရင်ခွင် ပြည်သူ့ဘက်သို့ ကူးဝင်လာသော လူအင်အား စုစုပေါင်းမှာ ၆၆၅၁၆ ဦး၊လက်နက်အရေအတွက် ၅၃၄၄၇ ဖြစ်သည်။ ထိုအဖွဲ့ (၁၇) ဖွဲ့ အနက် (၁၆) ဖွဲ့မှာ တိုင်းရင်းသားအဖွဲ့အစည်းများဖြစ်ပြီး တစ်ဖွဲ့မှာ ဗကပ( ဗမာပြည် ကွန်မြူနစ်ပါတီ) ရခိုင်ပြည်နယ်မှ ဦးစောထွန်းဦးခေါင်းဆောင်သော အဖွဲ့ဖြစ်သည်။

၂၄-၂ - ၁၉၉၇ မှ ၁၀-၁၁-၁၉၉၉ ခုနှစ်အတွင်း ကေအင်(န်)ယူအဖွဲ့မှ ဦးစောသမူဟဲ၊ ဦးစောဖယ်ရီမိုး၊ ဖဒိုအောင်ဆန်း၊ ဦးကိုကြီးတို့ ခေါင်းဆောင်သော ခွဲထွက်ကေအင်(န်)ယူအဖွဲ့များ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခဲ့ကြပြီး လူအင်အား ၈၆၆ဦး နှင့် လက်နက် ၃၉၁ လက်တို့ဖြစ်ကြောင်း အမျိုးသား စာပေတစ်သက်တာဆုရှင် စာရေးဆရာကြီး တက္ကသိုလ်မြတ်သူ၏ “သွေးခွဲမှုမှန်သမျှအပေါ် ထာဝရအောင်နိုင်သည့် စည်းလုံးညီညွတ်မှု ဆောင်းပါး တွင် ဖော်ပြထားသည်။

၁၉၈၈ ခုနှစ်မှ ၁၉၉၁ ခုနှစ်အတွင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့အစိုးရ လက်ထက်တွင် နိုင်ငံ၏စီးပွားရေးစနစ်ကို ပြောင်းလဲပေးခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးရယူကာ နယ်စပ်ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးခြင်း၊ နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို အလေးထား အားထုတ်ဆောင်ရွက်ခဲ့သည်။

ငြိမ်းချမ်းရေးတည်ဆောက်မှု သမိုင်းမှတ်တိုင်များ

ထို့အတူ ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ပေါက်လာသည့် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် လက်ထက် ၂၀၁၁ ခုနှစ်ကစတင်၍ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားစည်းလုံးညီညွတ်မှုဖော်ဆောင်ရေးကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူ စာချုပ် (NCA) ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့ လက်မှတ်ရေးထိုးခဲ့ပြီး အပစ်အခတ်ရပ်စဲခဲ့သည်။ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ပေါက်လာခဲ့သည့် လွှတ်တော်များမှတစ်ဆင့် တိုင်းရင်းသားကိုယ်စားလှယ်များပါဝင်သည့် ဒီမိုကရေစီသမိုင်းမှတ်တိုင်သစ်ကို စိုက်ထူနိုင်ခဲ့ပြီး တိုင်းရင်းသားဒေသများ၌ ငြိမ်းချမ်းမှု၏ အနှစ်သာရကို ခံစားခဲ့ကြရသည်။

ဆက်လက်၍လည်း ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် ထွက်ပေါ်လာခဲ့သည့် အစိုးရသစ်လက်ထက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ဖြစ်သည့် လားဟူဒီမို ကရက်တစ်အစည်းအရုံးနှင့် မွန်ပြည်သစ်ပါတီတို့ ပါဝင်လက်မှတ်ရေးထိုးခဲ့သဖြင့် ငြိမ်းချမ်းရေးခရီးကို စတင်လှမ်းလိုက်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့အထိရှိလာခဲ့ပြီ ဖြစ်သည်။ ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး တိုင်အောင် ကျင်းပနိုင်ခဲ့ကာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ အထိ NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များအကြား သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့သည်။

သမိုင်းတစ်လျှောက် ငြိမ်းချမ်းရေးတည်ဆောက် မှုလုပ်ငန်းစဉ်များကို သုံးသပ်ကြည့်မည်ဆိုပါက တိုင်းရင်းသားများအနေဖြင့် မိမိတို့၏ဆန္ဒနှင့် လိုလားချက်များကို လက်နက်ကိုင် တောင်းဆိုနေ၍ မရဘဲ ဒီမိုကရေစီစံနှုန်းနှင့်အညီ ပေါင်းစပ်ညှိနှိုင်းပြီး ဆွေးနွေးဆုံးဖြတ် ဆောင်ရွက်သွားကြရမည် ဆိုသည့်အချက်မှာ ငြင်းဆို၍မရနိုင်ပေ။ ထို့ကြောင့် နိုင်ငံရေးစင်မြင့်ဖြစ်သည့် လွှတ်တော်ထဲသို့ တိုင်းရင်းသားကိုယ်စားလှယ်များ စုံစုံညီညီရောက်ရှိပြီး လိုလားချက်များ၊ ရည်မှန်းချက်များကို လွှတ်တော်အသီးသီးတွင် ပွင့်လင်းမြင်သာစွာ ဆွေးနွေး၊ ဆုံးဖြတ်၊ အကောင်အထည်ဖော်နိုင်ရန် အရေးကြီးသည်။ ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်များကို လက်နက်ကိုင်လမ်းကြောင်းမှ နိုင်ငံရေးစင်မြင့်ပေါ် တက်ရောက်လာနိုင်ရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို အလေးထားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့် မြန်မာ့ဒီမိုကရေစီခရီးစဉ်နှင့်အတူ အစိုးရနှင့်တပ်မတော်၏ ကြိုးပမ်းချက်အရ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့တို့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ် ရေးထိုးခဲ့ကြပြီး ငြိမ်းချမ်းရေးခရီးစဉ်၏ မှတ်တိုင်တစ်ရပ်ကို စိုက်ထူနိုင်ခဲ့သည်။ ထို့နောက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၂) ဖွဲ့တို့ ပါဝင်လက်မှတ်ရေးထိုး ခဲ့ကြသဖြင့် ငြိမ်းချမ်းရေးခရီးစဉ်တွင် ပါဝင်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့အထိ ရှိလာပြီဟုပင် ဆိုနိုင်သည်။ ထိုသို့ ငြိမ်းချမ်းရေးတည်ဆောက်မှုခရီး၏ သမိုင်းမှတ်တိုင်တစ်ရပ် စိုက်ထူနိုင်ခဲ့ခြင်းသည် အောက်တိုဘာ ၁၅ ရက်တွင် (၈) နှစ်မြောက်နှစ်ပတ်လည်နေ့သို့ပင် ရောက်ရှိပြီ ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဆွေးနွေးရန် အစဉ်အမြဲ တံခါးဖွင့်ထားပြီး အောက်တိုဘာ ၁၅ ရက်တွင် ကျရောက်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ကို အနှစ်သာရရှိစွာဖြင့် ကျင်းပပြုလုပ်ရန် ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့ဟာ ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုခြင်း၊ NCA လက်မှတ်ရေးထိုးသည့် (၈) နှစ်မြောက်နေ့ ဖြစ်ပါတယ်။ ဒါကို နိုင်ငံရေး အနှစ်သာရရှိရှိ လုပ်ဖို့ရှိပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေလည်း လက်လှမ်းမီသလောက် အကုန်ဖိတ်ပါတယ်။ ပြည်ပနိုင်ငံတွေလည်း အခု ဖိတ်နေပါပြီ။ ကျွန်တော် Personal အကုန်စာတွေ ရေးပြီးဖိတ်ပါတယ်။ တချို့ကလည်း တယ်လီဖုန်းနဲ့၊ တချို့ကလည်း စာနဲ့ရေးပြီး ဖိတ်တာတွေရှိတယ်။ တချို့လာနိုင်တယ်လို့လည်း ပြောတာရှိတယ်။ တချို့ကတော့ သူတော့ မလာနိုင်ဘူး၊ သို့သော်လည်း အဓိကကျတဲ့သူတို့ ကိုယ်စားလှယ်တွေ လွှတ်ပေးမယ်လို့ ပြောတာတွေ ရှိပါတယ်။ ပြည်ပနိုင်ငံတွေက ဒီလိုသဘောထားရှိလို့ရှိရင် ကျွန်တော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေ ပိုပြီးလိုလားတဲ့ စိတ်ရှိဖို့လိုတာပေါ့။ အထူးသဖြင့် လက်မှတ်ရေးထိုး ထားတဲ့အဖွဲ့တွေ အကုန်တက်နိုင်ဖို့လိုပါတယ်။ လက်မှတ်မထိုးထားတဲ့အဖွဲ့တွေကလည်း ငြိမ်းချမ်း ရေးကို လိုချင်တယ်ဆိုလို့ရှိရင် ဒီအခမ်းအနားကို လာတက်ခြင်းအားဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းလို့ရအောင် လမ်းခင်းဖို့လိုပါတယ်။ အမုန်းတရားတွေဖြစ်နေပြီးတော့ လုပ်နေမယ်ဆိုရင်တော့ တိုင်းပြည်နစ်နာဖို့ပဲရှိတယ်။ ကျွန်တော်တို့ကတော့ Moving Forward ပဲ၊ ရှေ့ကိုသွားမှာပဲ။ ရသလောက် ကျွန်တော်လုပ်သွားမှာပဲ။ ရအောင်လုပ်သွားမယ်။ အဲဒီတော့ ဒီအပေါ်မှာ ကျွန်တော်တို့အားလုံး သံသယရှင်းရှင်း၊ အာဃာတကင်းကင်းနဲ့ လုပ်ကြမယ်ဆိုရင်တော့ ကျွန်တော်တို့ မျှော်မှန်းချက်လမ်းကြောင်းကတော့ ရှောရှောရှုရှုရောက်မယ်ဆိုတာကို တွေ့ပါတယ်။ ဒါလေးတွေ ဝိုင်းဝန်းဆောင်ရွက်ပေးနိုင်ဖို့အတွက် တိုက်တွန်းလိုပါတယ် ဟု စက်တင်ဘာ ၂၈ ရက်က ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၄/၂၀၂၃) တွင် ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွဲ့စည်းပုံခိုင်မာအားကောင်းလာရေးတို့သည် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင်များအနက် (၁၆) ခုတွင် ပါဝင်သည့်ပန်းတိုင်တစ်ရပ်လည်းဖြစ်သည်။ တရားဥပဒေစိုးမိုးမှုအပေါ် အခြေခံသည့် ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုရှိရေး၊ လူ့အခွင့်အရေးနှင့် ထိရောက်သော အုပ်ချုပ်ရေး ပေါ်ပေါက်လားရေးတို့မပါရှိဘဲ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာရေးကို မျှော်လင့်၍ မရနိုင်ပေ။ သို့သော်လည်း ကျွန်ုပ်တို့ကမ္ဘာကြီးတွင် သဘောထားကွဲလွဲမှု များစွာရှိနေဆဲပင်ဖြစ်သည်။ ထိုအရာများသည် ရှောင်လွှဲ၍ မရသည့်အရာမျိုးမဟုတ်ဘဲ ညှိနှိုင်းအဖြေရှာ၍ ဖြေရှင်းဆောင်ရွက်ရမည်အရာများပင် ဖြစ်သည်။

လက်နက်ကိုင် အကြမ်းဖက်မှုနှင့် လုံခြုံမှုမရှိခြင်းများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်ပြီး မျိုးဆက်များစွာကြာရှည်သည့် နစ်နာမှု အကျိုးဆက်များကို ခံစားကြရလေ့ရှိသကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုများအတွက်လည်း ဆိုးကျိုးသက်ရောက်မှုများ များစွာရှိသည်။ ပဋိပက္ခဖြစ်ပွားရာ (သို့) တရားဥပဒေစိုးမိုးခြင်းမရှိသည့် နေရာများတွင် အကြမ်းဖက်မှု၊ မှုခင်း၊ ကိုယ်ကျိုးရှာခြင်းနှင့် ညှဉ်းပန်းမှုပြုခြင်းများ ဖြစ်ပွားလေ့ရှိပြီး နိုင်ငံများအနေဖြင့် ထိုဒဏ်ကို အများဆုံးခံရသည့် ပြည်သူများကို အကာအကွယ်ပေးရန် နည်းလမ်းများဖြင့် လုပ်ဆောင်သွားရန် လိုအပ်လျက်ရှိကြောင်း ကုလသမဂ္ဂကလည်း တိုက်တွန်းထားသည်။

စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် (၁၆)သည် နေရာတိုင်းရှိ လူများငြိမ်းချမ်းမှု နှင့် သာယာဝပြောမှုကို ရရှိခံစားနိုင်ရေးသေချာမှုရှိစေရန်အတွက် ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုမှု တစ်ရပ်လည်းဖြစ်သည်။

ခွင့်လွှတ်နိုင်သူကမှ သတ္တိရှိသူပါ

ခန္တီစ - အရာရာသည်းခံခြင်းသည် မင်္ဂလာမည်၏ ဟု မြတ်စွာဘုရားရှင်က ဟောကြားတော်မူခဲ့ သည်။ သည်းခံခြင်းသည် ကြောက်ရွံ့ခြင်း၊ အရှုံးပေးခြင်းမဟုတ်ပါ၊ အလွန်သတ္တိရှိသူများသာ သည်းခံ ခွင့်လွှတ်နိုင်ပါသည်။ ထိုကဲ့သို့ပင် တောင်အာဖရိကနိုင်ငံ၏ ဒီမိုကရေစီစနစ်ဖြင့် အပြည့်အဝ ရွေးချယ်ခြင်းခံရသည့် ပထမဆုံးသော သမ္မတကြီး နယ်လ်ဆင်မင်ဒဲလားကလည်း “ငြိမ်းချမ်းရေးအတွက် ခွင့်လွှတ်နိုင်သူကမှ သတ္တိရှိသူပါ ဟု မိန့်ဆိုခဲ့ဖူးသည်။ လက်ရှိကာလ မိမိတို့နိုင်ငံ၏ ပထဝီနိုင်ငံရေးအနေအထားအရ ငြိမ်းချမ်းရေးသည် ပထမ၊ ငြိမ်းချမ်းရေးသည် ဒုတိယ၊ ငြိမ်းချမ်းရေးသည် တတိယဖြစ်ပြီး ငြိမ်းချမ်းရေးရရှိပြီးမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရေးတို့ကို ဆက်လက်အကောင် အထည်ဖော်ဆောင်နိုင်မည်ဖြစ်သည်။ မိမိတို့နိုင်ငံ အနေဖြင့် အသက်ပေါင်းများစွာ ပေးဆပ်ပြီးမှသာ လွတ်လပ်ရေးရရှိခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားအချင်းချင်း သဘောထားကွဲလွဲမှုများအပေါ်တွင် အခြေတည်ဖြစ်ပေါ်လာခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကို “သဘောထား ကြီးကြီးဖြင့် သည်းခံဖြေရှင်းနိုင်မှသာ ဒီမိုကရေစီ၏ အနှစ်သာရ၊ လွတ်လပ်ရေး၏ အနှစ်သာရကို အပြည့်အဝ ခံစားနိုင်ကြမည်ဖြစ်သည်။ 

ထို့ကြောင့် တိုင်းပြည်၏ ပကတိအခြေအနေကို တိုင်းရင်းသားပြည်သူများအားလုံး မှန်မှန်ကန်ကန် သိရှိပြီး စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်ရည်မှန်းကာ ၅၅ သန်းသော တိုင်းရင်းသားပြည်သူများ၏ အန္တိမရည်မှန်းချက်ဖြစ်သည့် တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် အားလုံးပါဝင်မှုဖြင့် အဖြေရှာနိုင်မည်ဆိုပါက “ပြိုင်တူတွန်းလျှင် ရွေ့နိုင် ပါသည် ဟူ၍သာ။      ။

ကိုးကား -

(၁)     ၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး(ဒုတိယတွဲ)

(၂)      မြန်မာ့နိုင်ငံရေးစနစ်ပြောင်းကာလ ၁၉၆၂-၁၉၇၄ (ဒုတိယတွဲ)

(၃)     ဂုဏ်ပြုခံပင်လုံ သို့မဟုတ် ပြည်ထောင်စု၏ နှလုံးသားနှင့် လက်ရွေးစင် ဆောင်းပါး များ။

(၄)     ၁၉၆၃ ခုနှစ်ထုတ် သတင်းစာများ။

(၅)     ၂၉-၉-၂၀၂၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ။