ငြိမ်းချမ်းသာယာဝပြောသော အနာဂတ်ကို အတူတကွ မျှဝေတည်ဆောက်
ကိုကိုလှိုင်
အနောက်ဘက်ကမ္ဘာတစ်ခြမ်းတွင် သေနတ်သံ၊ ဗုံးသံ၊ ငရဲပွက်သံများဖြင့် ဆူညံနေသောကာလ၌ အေးချမ်းသာယာသော ရပ်ဝန်းတစ်ခုသို့ ကျွန်တော်တို့ ခြေချမိခဲ့ကြသည်။ ကျွန်တော်တို့ဆိုသည်မှာ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ဖြစ်ပြီး အေးချမ်းသာယာသောရပ်ဝန်း ဆိုသည်မှာ မြန်မာကိုယ်စားလှယ်အဖွဲ့ အောက်တိုဘာလ ၁၅ နှင့် ၁၆ ရက်တို့တွင် တက်ရောက်ခဲ့သည့် “တတိယအကြိမ်ရပ်ဝန်းနှင့် ပိုးလမ်းမဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်” ကျင်းပရာဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်း မြို့တော်ဖြစ်သည်။
လေလှိုင်းပေါ်တွင် မီဒီယာစစ်ပွဲအဖြစ် ကူးစက်ရောက်ရှိ
ကျွန်တော်တို့ ကိုယ်စားလှယ်အဖွဲ့တည်းခိုရာ ပေကျင်းနိုင်ငံတကာဟိုတယ်သို့ရောက်ရှိ နေရာချထားပြီးသည်နှင့် အခန်းထဲမှ ရုပ်မြင်သံကြားကိုဖွင့်လိုက်ရာ ရုပ်သံလိုင်း အတော်များများက အစ္စရေး-ပါလက်စတိုင်း ဂါဇာပဋိပက္ခကို ပြသနေကြသည်။ တရုတ်နိုင်ငံအတွင်းသို့ ဆိုက်ဘာမဟာတံတိုင်း (Cyber Great Firewall) ကြီးကို ဖြတ်ကျော်ဝင်ရောက်လိုက်သည်နှင့် Facebook, Google, Gmail စသည့် ရှိရှိသမျှ အနောက်နိုင်ငံသုံး အင်တာနက်ဆက်သွယ်ရေး လမ်းကြောင်းများ အဆက်အသွယ် ပြတ်သွားကြသည်ဖြစ်ရာ တရုတ်နိုင်ငံသုံး WeChat, Beidu စသည့် လမ်းကြောင်းများမဖွင့်ထားခဲ့လျှင် ကမ္ဘာကြီးနှင့် ဒစ်ဂျစ်တယ်လမ်းကြောင်း ပြတ်တောက်သွားတော့သည်။ ထို့ကြောင့် ဟိုတယ်ခန်းထဲမှ ရုပ်မြင်သံကြားသည်သာ ကမ္ဘာကြီး၌ ဖြစ်ပျက်နေသမျှမြင်တွေ့နိုင်သည့် တစ်ခုတည်းသောပြတင်းပေါက် ဖြစ်လာလေသည်။ ရုပ်မြင်သံကြားလိုင်းများတွင်လည်း ဂါဇာပဋိပက္ခကို မိမိတို့အားသန်သည့် အမြင်များဖြင့် တင်ဆက်ပြသနေကြသည်။ CNN ရုပ်သံလိုင်းက ဟားမားစ်အဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှုများကို အလေးပေးပြသနေချိန်တွင် တရုတ်ရုပ်သံလိုင်းများတွင် အစ္စရေးတင့်ကားနှင့် သံချပ်ကာယာဉ်များက ဂါဇာနယ်စပ်တွင် မြေပြင်ထိုးစစ်ကြီးဆင်နွှဲရန်ရာနှင့်ချီ၍ စုရုံးနေပုံကို ပြသနေသည်။ ရုရှားရုပ်သံလိုင်း RT ကဂါဇာတွင် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တိုက်တာအိမ်ခြေအဆောက်အဦများ ပြားပြားဝပ်ပြိုကျပျက်စီးနေပုံ၊ ဂါဇာပြည်သူလူထု ထိခိုက်ဒဏ်ရာရ သေဆုံးနေကြပုံများကို ပြသနေသည်။ အောက်တိုဘာလ ၁၆ ရက်နေ့တွင်မူ ဂါဇာဆေးရုံတစ်ရုံအပေါ် ဒုံးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်အများစုအပါအဝင် လူများရာနှင့်ချီ၍ သေဆုံးကြသည့်သတင်းတက်လာသည်။ အရှေ့အလယ်ပိုင်းနှင့် အာရပ်ကမ္ဘာတွင် အစ္စရေးလက်ချက်ဟု တညီတညွတ်တည်းစွပ်စွဲကာ လူထုအုံကြွဆန္ဒပြမှုများ ပျံ့နှံ့ဖြစ်ပွားလာသည်ကို တရုတ်နှင့်ရုရှားရုပ်သံလိုင်းများတွင် တွေ့မြင်နေရချိန်တွင် အမေရိကန် CNN က ယင်းဖြစ်ရပ်မှာ အစ္စရေး၏လက်ချက်မဟုတ်ဘဲ အစ္စလာမ္မစ်ဂျီဟတ်စစ်သွေးကြွအဖွဲ့၏ လက်ချက်ဖြစ်သည်ဟု ဖော်ပြ နေသည်။ ဂါဇာကမ်းမြောင်ဒေသ၏ မြေပြင်စစ်ပွဲကလေလှိုင်းပေါ်တွင်လည်း မီဒီယာစစ်ပွဲအဖြစ်သို့ ကူးစက်ရောက်ရှိနေခဲ့လေသည်။
အရှေ့အလယ်ပိုင်းဒေသတွင် စစ်မီးတောက်မီးလျှံများ၊ ဒုံးသံ၊ ဗုံးသံ၊ သေနတ်သံများဖြင့် ငရဲပွက်နေချိန်တွင် နိုင်ငံပေါင်း ၁၃၀ နှင့် နိုင်ငံတကာအဖွဲ့အစည်း ၃၀ ကျော်မှ အဆင့်မြင့် ကိုယ်စားလှယ်များ၊ နိုင်ငံအကြီးအကဲများ ပါဝင်တက်ရောက်နေကြသည့် ရပ်ဝန်းနှင့် ပိုးလမ်းမဖိုရမ်တွင်မူ တရုတ်ရိုးရာဂီတအဖွဲ့၊ တရုတ်နိုင်ငံတော်ဩချက်စတြာ တီးဝိုင်းနှင့်တရုတ်တပ်မတော် စစ်တီးဝိုင်းတို့၏ သာယာငြိမ့်ညောင်းသော ဂီတသံတို့က လွှမ်းမိုးနေသည်။ အရှေ့အလယ်ပိုင်းတွင် တစ်ဖက်နှင့်တစ်ဖက် အပြတ်ရှင်းလင်းသုတ်သင်ရန် ကြိမ်းဝါးနေကြချိန်တွင် ဤဖိုရမ်၌မူ ကမ္ဘာကြီးငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် နိုင်ငံအများ ပူးပေါင်းဆောင်ရွက်ရေးကို ညှိနှိုင်းဆွေးနွေးနေကြသည်။
အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကျင်းပသည့် ဖိုရမ်ဖွင့်ပွဲအခမ်းအနား၌ တရုတ်သမ္မတရှီကျင့်ဖျင်က ရပ်ဝန်းနှင့် ပိုးလမ်းမအစီအစဉ် ဆက်လက်ဆောင်ရွက်ရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံက ဆက်လက်ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ် ၈ ရပ်ကို တင်ပြခဲ့သည်။ ယင်းလုပ်ငန်းစဉ်များကို အကျဉ်းချုပ်ဖော်ပြရပါလျှင် ရပ်ဝန်းနှင့် ပိုးလမ်းမဘက်စုံဆက်သွယ်မှုကွန်ရက် တည်ဆောက်ရေး၊ ကမ္ဘာ့စီးပွားရေးကို ပွင့်လင်းလွတ်လပ်စွာဆောင်ရွက်နိုင်ရန် အတွက် အားပေးထောက်ခံရေး၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားရေး၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့်တင်ရေး၊ သိပ္ပံနှင့်နည်းပညာ တီထွင်ဆန်းသစ်မှုများတိုးတက်ဆောင်ရွက်ရေး၊ ပြည်သူလူထုအချင်းချင်း ဆက်သွယ်ထိတွေ့ဆက်ဆံမှုကို ထောက်ပံ့အားပေးရေး၊ ပေါင်းစည်းမှုအခြေပြုရပ်ဝန်းနှင့် ပိုးလမ်းမဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အားပေးမြှင့်တင်ရေး၊ နိုင်ငံတကာရပ်ဝန်းနှင့် ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှုအတွက် စနစ်တကျဖွဲ့စည်းဆောင်ရွက်မှုများကို ခိုင်ခိုင်မာမာ တည်ဆောက်သွားရေးတို့ဖြစ်သည်။
ဤဖိုရမ်၏ ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲများတွင် ဖော်ပြပါအချက် ၈ ချက်ကိုမူတည်၍ ခေါင်းစဉ်တပ်ကာ သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများက ပါဝင်ဆွေးနွေးခဲ့ကြသည်။ ဖိုရမ်ဖွင့်ပွဲအခမ်းအနား၌ ရပ်ဝန်းနှင့် ပိုးလမ်းမအစီအစဉ်တွင်ပါဝင်သည့် ကမ္ဘာ့နေရာဒေသ အသီးသီးမှ နိုင်ငံခေါင်းဆောင် ၅ ဦးနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တို့က အနှစ်ချုပ်မိန့်ခွန်းများ မှတ်ချက်ပြုပြောကြားခဲ့ကြသည်။ အရှေ့ဥရောပဒေသမှ ရုရှားသမ္မတပူတင်က ကမ္ဘာ့မဟာဗျူဟာအနေအထားနှင့်ပတ်သက်၍ တစ်နိုင်ငံတည်းကြီးစိုးခြယ်လှယ်သည့် Unilateralism မှေးမှိန်လာကာ နိုင်ငံစုံဆက်ဆံမှုမူဝါဒ Multilateralism က အစားထိုးဝင်ရောက်လာမှုကို အလေးထားပြောကြားသွားခဲ့ပြီးရပ်ဝန်းနှင့် ပိုးလမ်းမအခြေခံမူများဖြစ်သည့် လူ့ယဉ်ကျေးမှုအဖွဲ့အစည်းများအကြား ကွဲပြားမှုအပေါ် အသိအမှတ်ပြုလေးစားရေးနှင့် နိုင်ငံတိုင်းက မိမိတို့နှစ်သက်ရာ ဖွံ့ဖြိုးတိုးတက်မှုပုံစံကို ရွေးချယ်ပိုင်ခွင့်တို့အပေါ်မူတည်ကာ နိုင်ငံချင်းတန်းတူရည်တူ၊ အကျိုးတူပူးပေါင်းဆောင်ရွက်ရေးတို့ကို ထောက်ခံပြောကြားသွားခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသမှ ကာဇက်စတန်သမ္မတ တိုကာယက်ပ်ကလည်း ယင်းတို့နိုင်ငံအနေဖြင့် ရပ်ဝန်းနှင့်ပိုးလမ်းမအစီအစဉ်ကြောင့် ကုန်းတွင်းပိတ်နိုင်ငံ (Land Locked) ဘဝမှ ကုန်းတွင်း ချိတ်ဆက်ပေါင်းကူးနိုင်ငံ (Land Link) နိုင်ငံဖြစ်လာခဲ့ပြီး အကျိုးစီးပွားဖြစ်ထွန်းခဲ့မှုများကို ဝမ်းမြောက်ဝမ်းသာ ပြောကြားသွားခဲ့သည်။
အရှေ့တောင်အာရှဒေသမှ အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုက ကွဲပြားမှုကြီးမားနေသည့် ကမ္ဘာကြီးတွင် ရပ်ဝန်းနှင့်ပိုးလမ်းမနိုင်ငံများအနေဖြင့် ပေါင်းစည်းအင်အား တည်ဆောက်၍ စုပေါင်းညီညာဆောင်ရွက်ကြရန်လိုအပ်မှုကို မီးမောင်းထိုးပြောကြားသွားခဲ့သည်။
တောင်အမေရိကတိုက်မှ အာဂျင်တီးနားသမ္မတ ဖာနန်ဒက်ဇ်ကလည်းရပ်ဝန်းနှင့် ပိုးလမ်းမအစီအစဉ်၌တရုတ်နိုင်ငံ၏ ဦးဆောင်မှုကဏ္ဍကို ချီးမွမ်းပြောကြားသွားပြီး နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုနှင့် ပေါင်းစည်းအင်အားရယူရေးကို အလေးထားဖော်ပြ မှတ်ချက်ပြုသွားခဲ့သည်။
အာဖရိကဒေသမှ အီသီယိုးပီးယားဝန်ကြီးချုပ်အာမက်က အာဖရိကနိုင်ငံများအနေဖြင့် ယခင်ကကမ္ဘာ့အရေးအရာများတွင် ဘေးဖယ်ချောင်ထိုးခံထားခဲ့ရသည့် အဖြစ်မှ ယခုအခါ တိုးတက်ပြောင်းလဲမှုများ ပေါ်ပေါက်လာခဲ့ပြီဖြစ်ကြောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမအစီအစဉ်ကြောင့် ဒေသခံများလူမှုစီးပွားရေးဘဝနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာမှုကို အထူးပြုပြောကြားသွားခဲ့သည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဂူတာရက်က ရပ်ဝန်းနှင့် ပိုးလမ်းမအစီအစဉ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ သန်းထောင်ချီရှိသော ပြည်သူများ၏ နေ့စဉ်ဘဝအတွက် အခြေခံဖြစ်သည့် သောက်သုံးရေ၊ လျှပ်စစ်ဓာတ်အား၊ လမ်းတံတား၊ ဆေးရုံ၊ ကျောင်းစသော အခြေခံအဆောက်အဦများ ရရှိနိုင်ရေးအတွက် အထူးအရေးပါသော အစီအစဉ်ဖြစ်ကြောင်း ထောက်ခံပြောကြားသွားခဲ့သည်။
ကမ္ဘာ့နိုင်ငံအများစုက ထိုကဲ့သို့နိုင်ငံစုံပူးပေါင်း ဆောင်ရွက်ရေးအတွက် နိုင်ငံခေါင်းဆောင်များနှင့် အဆင့်မြင့် ကိုယ်စားလှယ်များ ကိုယ်တိုင်လာရောက်စုစည်းကာ အမြင်ချင်းဖလှယ်၍ အပြုသဘော ဆွေးနွေးနေကြချိန်တွင် ကိုယ်တိုင်လည်းမပါဝင်၊ အကောင်းမြင်သဘောဖြင့် ရှုမြင်နိုင်ခြင်းလည်းမရှိဘဲ အောင့်အည်းအောင့်သက် ဘေးထွက်ထိုင်ကာ အမနာပပြောဆိုကြသူ တစ်စုတော့ ရှိပါလေသည်။ ရေရှည်ကာလတွင်မူ လက်တွေ့ကျကျ အခြေခံပြည်သူလူထု၏ အကျိုးစီးပွားကို အမှန်ဖော်ဆောင်ပေးနိုင်သော အစီအစဉ်တို့ကသာ လွှမ်းမိုးအောင်မြင် သွားပေလိမ့်မည်။
လူထုဆက်ဆံရေးပညာကို ထိရောက်စွာအသုံးချနိုင်
အခြေခံလူထု၏ အကျိုးစီးပွားကို ရပ်ဝန်းနှင့် ပိုးလမ်းမအစီအစဉ်က လက်တွေ့ကျကျ ဖော်ဆောင်ပေးနေမှုကို ကျွန်တော်ပါဝင်တက်ရောက်ခဲ့သော ပြည်သူချင်း ဆက်သွယ်ထိတွေ့ဆက်ဆံရေး ဘာသာရပ်ဖိုရမ်တွင် တွေ့မြင်ခဲ့ရသည်။ ဤဘာသာရပ်ဆိုင်ရာဖိုရမ်၏ ထူးခြားချက်မှာဖိုရမ်တို့၏ ထုံးတမ်းစဉ်လာအတိုင်း ဦးဆောင်ဆွေးနွေးသူ Panelist တို့၏ ပါဝင်ဆွေးနွေးမှုကို တိုတိုကျဉ်းကျဉ်းပြုလုပ်ပြီး လက်တွေ့နယ်ပယ်၌ ပြည်သူချင်းထိတွေ့ဆက်ဆံမှုလုပ်ငန်းများ၏ အောင်မြင်စွာ ဖော်ဆောင်နိုင်မှုများကို ဖြစ်ရပ်မှန်သရုပ်ဖော်ပြကွက် Story Telling acts များဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်သွားရာ ဖိုရမ်တက်ရောက်လာသူများ အတွက် အသိပညာလည်းရ ဖျော်ဖြေတင်ဆက်မှုများကြောင့် အငြီးလည်းပြေကာ ပရိသတ်၏ စိတ်ဝင်စားမှုကို ရယူနိုင်ခဲ့သော တီထွင်ဖန်တီးမှုအဖြစ်မြင်ရသည်။ ယင်းသည်ပင် လူထုဆက်ဆံရေးပညာ Public Relation ကို ထိရောက်စွာအသုံးချနိုင်မှုကို ဖော်ပြနေခြင်း ဖြစ်လေသည်။
အဆိုပါပြကွက်များမှ ကျွန်တော်အမှတ်ထင်ထင်ရှိခဲ့ရသော ဖြစ်ရပ်အချို့ကို မှတ်မိနေပါသေးသည်။ ပထမဖြစ်ရပ်တစ်ခုမှာ တရုတ်သမ္မတရှီကျင့်ဖျင်ထံ စာရေးသားပေးပို့ခဲ့သော လာအိုနိုင်ငံမှ ကျေးရွာလေးတစ်ခုမှ မူလတန်းကျောင်းသူလေးကို သမ္မတရှီကိုယ်တိုင် ပြန်စာရေးသားပေးပို့ခဲ့သည့်အပြင် ထိုကျောင်းသူလေးနှင့် ကျောင်းအုပ်ဆရာမကြီးကိုပါ ယခုဖိုရမ်သို့ ဖိတ်ကြားကာ ဖိုရမ်တက်ရောက်လာသူများနှင့် မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါကျောင်းသူလေးက သူတို့မူလတန်းကျောင်းကို တရုတ်-လာအို မီးရထားလမ်း ဆောက်လုပ်ရေးကုမ္ပဏီက လူမှုတာဝန်သိလုပ်ငန်းအဖြစ် အသစ်ဆောက်လုပ်ပေးခဲ့ကြောင်း၊ တရုတ်ပရဟိတ ဆရာမနှစ်ဦးကလည်း တရုတ်ဘာသာစကား လာရောက်သင်ကြားပေးခဲ့ကြောင်း၊ ယင်းအတွက် တရုတ်သမ္မတကြီးထံ စာရေးသားခဲ့ရာ မမျှော်လင့်ဘဲ သမ္မတကြီးထံမှ ပြန်စာရ၍ အလွန်ဝမ်းသာရပါကြောင်း၊ ယခုတရုတ်နိုင်ငံသို့ လာရောက်ခဲ့ရာတွင်လည်း တရုတ်-လာအို မြန်နှုန်းမြင့် မီးရထားကြီးကို စီး၍လာရသဖြင့် အလွန်ပျော်ရွှင်မိပါကြောင်း၊ လာအိုသံဝဲဝဲ တရုတ်ဘာသာ စကားဖြင့် မပြောတတ်ပြောတတ် ပြောကြားခဲ့ရာ သောင်းသောင်းဖြဖြအားပေးမှုကို ရရှိခဲ့သည်။
နောက်ထပ်ပြကွက်တစ်ခုမှာ ငယ်စဉ်ကပင်ဖျားနာကာ အာရုံကြောထိခိုက်မိ၍ ဆွံ့အနားမကြားဖြစ်နေသော ကမ္ဘောဒီးယား မိန်းကလေးငယ်တစ်ဦးကို စေတနာ့ဝန်ထမ်း တရုတ်တိုင်းရင်းဆေးပညာရှင်အဖွဲ့က အပ်စိုက်ကုသပေးခဲ့မှု ဖြစ်သည်။ အဆိုပါ မိန်းကလေးမှာ မိဘကငွေကြေးမတတ်နိုင်သဖြင့် ဆေးဝါးမကုသနိုင်ဘဲကြီးပြင်းလာခဲ့ရာ အပျိုပေါက်အရွယ်ရောက်မှ တရုတ်အပ်စိုက်ကုအဖွဲ့က ကုသပေးခဲ့ခြင်းဖြစ်သည်။ မိန်းကလေးမှာအပ်များကို တွေ့မြင်ပြီး ကြောက်လန့်ကာ အစိုက်မခံဘဲငြင်းဆန်နေမှုကြောင့် အပ်စိုက်ပညာရှင်ကိုယ်တိုင် သူ့အပ်ကို သူ့မျက်နှာတွင် စိုက်ပြခဲ့ရသည်။ အပ်စိုက်ကုသ၍ နားကြားလာချိန်တွင် ကံမကောင်းအကြောင်းမလှစွာ မိုးကြိုးပစ်သံကို အနီးကပ်ကြားလိုက်ရသဖြင့် အကြောက်လွန်ကာနားအကြား အာရုံ ပျောက်ကွယ်သွားရ ပြန်သည်။ တရုတ်ဆေးပညာရှင်အဖွဲ့မှာ နားရောဂါကိုလည်း ဆေးကု၊ စိတ်ပိုင်းဆိုင်ရာကိုလည်း ကုသပေးခဲ့ရသည်။ ထိုကမ္ဘောဒီးယား မိန်းကလေးနှင့် သူ၏မိခင်ကိုပါ ဖိုရမ်သို့ ဖိတ်ခေါ်၍ ယခင်ကုသမှု ဗီဒီယိုမှတ်တမ်းများနှင့်ပါ တွဲဖက်၍ တင်ပြခဲ့သည်။ တရုတ်ဘာသာ စကားဖြင့် “ကျေးဇူးတင်ပါတယ်” ဟု မပီကလာ ပြောခဲ့သော မိန်းကလေးနှင့် သမီးကိုဖက်၍ ဝမ်းသာဝမ်းနည်း မျက်ရည်လည်ရွဲဖြစ်နေသော သူ၏မိခင်တို့က ပရိသတ်၏ နှလုံးသားကို ဖမ်းစားနိုင်ခဲ့၏။
စေတနာ့ဝန်ထမ်း ၆၀၀၀ ကျော် မဖွံ့ဖြိုး သေးသောနေရာများတွင် ကျန်းမာရေးကူညီပေး
ရပ်ဝန်းနှင့် ပိုးလမ်းအစီအစဉ်မှ ပြည်သူချင်း ထိတွေ့ဆက်ဆံမှုကမ္ဘာတွင် ပါဝင်လုပ်ဆောင်နေသော စေတနာ့ဝန်ထမ်း ဆေးကုသရေးအဖွဲ့တွင် တရုတ်ကျန်းမာရေးလုပ်သားများ အပါအဝင် နိုင်ငံပေါင်းစုံမှ စေတနာ့ဝန်ထမ်း ၆၀၀၀ ကျော်ရှိပြီး အာရှ၊ အာဖရိက၊ လက်တင်အမေရိက စသည့်ဒေသများမှ မဖွံ့ဖြိုးသေးသော နေရာများတွင် ဖြန့်ခွဲကာ ကျန်းမာရေးအကူအညီများပေးလျက် ရှိကြသည်။ ယင်းအဖွဲ့တွင် နှလုံးခွဲစိတ်ကုသသည့် ခေတ်မီကိရိယာများ တပ်ဆင်ထားသည့် ရွေ့လျားခွဲစိတ် ကုသရေးယာဉ်၊ မျက်စိခွဲစိတ်ကုသရေး လှုပ်ရှားမှုအဖွဲ့စသည့် ရွေ့လျားကုသရေးလုပ်ငန်းများနှင့် ဆေးရုံသင်္ဘောဖြင့် ကမ်းရိုးတန်း တစ်လျှောက် လှည့်လည်ကုသရေးလုပ်ငန်းများပါ ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
ထိုအစီအစဉ် ပြကွက်များကို ကရုဏာ၊ မုဒိတာစိတ်များဖြင့် စိတ်ဝင်တစား ကြည့်ရှုနေမိရင်းမှပင် ကမ္ဘာ့တစ်ထောင့်တစ်နေရာ၌ ဘာသာရေးပွဲနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပနေစဉ် ကလေးသူငယ်များပါ မကျန် မည်းမည်းမြင်ရာ ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးသွားသည့် အကြမ်းဖက်ဖြစ်ရပ်များ၊ ယင်းကို တန်ပြန်လက်စားချေသည့် အနေဖြင့် ကုလသမဂ္ဂစာသင်ကျောင်းပါမကျန် ဗုံးမိုးရွာတိုက်ခိုက်မှု ဖြစ်ရပ်များကြောင့် လူထောင်ပေါင်းများစွာ သေကျေဒဏ်ရာရမှုများထံသို့ အတွေးစိတ်က ရောက်သွားပြန်သည်။ ထို့အပြင် ကမ္ဘာ့တစ်နေရာ၌ ဆေးရုံသင်္ဘောဖြင့် လူ့အသက်များကို ကယ်တင် နေစဉ်အခြားတစ်နေရာ၌ လေယာဉ်တင် စစ်သင်္ဘောကြီးများ အပါအဝင် တိုက်ခိုက်ရေးရေယာဉ်အုပ်စုကြီးများက မြေထဲပင်လယ်ဘက်ဆီ အုပ်ဖွဲ့ချီတက်ကာ စစ်ပြင်နေမှုများကို နှိုင်းယှဉ်ကာ တွေးနေမိသည်။
အပြုနှင့်အဖျက်၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မှု၊ ခက်ခက်ခဲခဲကုသ ကယ်တင်ခဲ့ရသည့်အသက်များနှင့် စက္ကန့်ပိုင်းအတွင်း ပေါက်ကွဲမှုကြီးများနှင့်အတူ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားခဲ့ရသည့် ဘဝများ၊ ငွေကြေးများစွာ အသုံးပြုတည်ဆောက်နေသည့်လမ်း၊ တံတား၊ အခြေခံအဆောက်အဦများနှင့် ငွေကြေးများစွာ အကုန်ခံကာ ခေတ်မီဒုံးလက်နက်၊ ဗုံးများဖြင့် တမင်ဖျက်ဆီးပစ်လိုက်သည့် အဆောက်အဦများ။ တစ်နည်းဆိုသော် ကမ္ဘာ့ဇာတ်ခုံပေါ်မှာပင် တစ်ပြိုင်နက်ဖြစ်ပေါ်နေသည့် အဖြူနှင့်အမည်း ပြကွက်နှစ်မျိုးတွင် မည်သူတွေအကျိုးရှိ၍ မည်သူတွေ အကျိုးထိခိုက်ဆုံးရှုံးနေပါသနည်း။
အတွေးစအမျှင်တန်းရင်းမှပင် သံဝေဂများလည်း ရမိပါသည်။ ကမ္ဘာကြီးတွင်ရော ကျွန်တော်တို့ မြန်မာပြည်တွင်ပါ အပြုသဘောဆောင်အများ အကျိုးရှိသော တည်ဆောက်မှုများ အားကောင်းနိုင်ပါစေ၊ အဖျက်သဘောဆောင် အကျိုးမဲ့သတ်ဖြတ် ဖျက်ဆီးမှုများ လျော့ပါးပပျောက်နိုင်ပါစေဟု ဆန္ဒပြုရင်းမှပင်-
ကမ္ဘာတစ်ဝန်း အေးချမ်းသာယာဖွံ့ဖြိုးနိုင်ရန် ငြိမ်းချမ်းစွာအတူတကွ ပူးပေါင်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါသတည်း။ ။