Skip to main content

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့

အတုမရှိသော ဂေါတမမြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့်နေ့တွင် သဗ္ဗညုတဉာဏ်တော်ရှင်ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည်။ ထို့နောက် သတ္တမမြောက်ဝါတွင် တာဝတိံသာနတ်ပြည်သို့ ကြွတော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားကို အမှူးထား၍ လောကဓာတ်တစ်သောင်းမှ ရောက်လာ ကြကုန်သောနတ်ဗြဟ္မာအပေါင်းတို့အား ဝါတွင်းသုံးလကာလပတ်လုံး အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူခဲ့သည်။ ထိုစဉ်ကမြတ်စွာဘုရားရှင်သည် မယ်တော်ဖြစ် ခဲ့ဖူးသည့် သန္တုဿိတ နတ်သားကို အဘိဓမ္မာဒေသနာဖြင့် ကျေးဇူးဆပ်ရန် ခြေလှမ်းနှစ်လှမ်းဖြင့်သာ တာဝတိံသာနတ်ပြည်သို့ ကြွသွားတော်မူခဲ့သည်။

အဘိဓမ္မာဒေသနာတော်မြတ်ကို ဟောကြား

မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ ဝါတွင်းသုံးလကာလပတ်လုံး နတ်ဗြဟ္မာအပေါင်း တို့အား အဘိဓမ္မာဒေသနာတော်မြတ်ကို ဟောကြား တော်မူနေစဉ်အတွင်း ဆွမ်းခံချိန် ရောက်တိုင်း နိမ္မိတရုပ်ပွားဘုရားတစ်ဆူကို ဖန်ဆင်း၍ ထားတော်မူခဲ့သည်။ မြတ်စွာဘုရားရှင်သည် ဥတ္တရကုရုကျွန်းသို့ ဆွမ်းခံကြွတော်မူပြီး အနောတတ်အိုင်သို့ ပြန်ကြွ၍ ဆွမ်းဘုဉ်းပေးကာ စန္ဒကူးတောသို့ဝင်စဉ် ရှင်သာရိပုတ္တရာမထေရ်သည် အလျင်အမြန်လာ ရောက်ပြီး နေ့စဉ်ဝတ်ကြီးဝတ်ငယ် အသွယ်သွယ်ကို ပြုစုတော်မူသည်။ ထိုအချိန်တွင် မြတ်စွာဘုရားရှင်သည် နတ်ဗြဟ္မာတို့အား ဟောကြားတော်မူခဲ့သည့် အဘိဓမ္မာတရားတော်ကို အကျဉ်းနည်းဖြင့် ရှင်သာရိပုတ္တရာမထေရ်အား ဟောကြား တော်မူခဲ့သည်။

ထို့နောက် ရှင်သာရိပုတ္တရာမထေရ်သည် မြတ်စွာဘုရားထံမှ နာကြားခဲ့ရသည့်အဘိဓမ္မာ တရားတော်ကို မဇ္ဈိမဒေသရှိ တပည့်ရဟန်းငါးရာတို့အား မကျဉ်းမကျယ်နည်းဖြင့် ဟောကြားတော်မူခဲ့သည်။ အဘိဓမ္မာဒေသနာတော်ကို မြတ်စွာဘုရား ရှင်ကိုယ်တော်တိုင် တာဝတိံသာနတ်ပြည်တွင် လည်းကောင်း၊ ရှင်သာရိပုတ္တရာမထေရ်ကို စန္ဒကူး တောတွင် လည်းကောင်း၊ အရှင်သာရိပုတ္တရာမထေရ် က ရဟန်းငါးရာတို့ကို မဇ္ဈိမဒေသလူ့ပြည်တွင် လည်းကောင်း ဟောကြားတော်မူခဲ့သည့်ကာလမှာ ဝါတွင်းသုံးလ ကာလဖြစ်ပြီး သီတင်းကျွတ် လပြည့်နေ့တွင် တရားတော်ပြီးဆုံးသည်။

သုတ်၊ ဝိနည်း၊ အဘိဓမ္မာဟူ၍ ပိုင်းခြားထား

မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့သည့် တရားတော်တို့ကို သုတ်၊ ဝိနည်း၊ အဘိဓမ္မာဟူ၍ ပိုင်းခြားထားသည်။ ထိုတရားတော်များကို ပိဋကတ် သုံးပုံဟူ၍ ခေါ်သည်။ ပိဋကတ်သုံးပုံတွင် အဘိဓမ္မာ တရားသည်သုတ္တန်တရားတို့ထက် သာလွန်ထူးခြားပြီး နက်နဲခက်ခဲသည်။ မြတ်စွာဘုရားရှင်သည် အဘိဓမ္မာကို နတ်ဗြဟ္မာတို့အား အကျယ်နည်းဖြင့် ဟောကြား၍ အရှင်သာရိပုတ္တရာမထေရ်ကို အကျဉ်းနည်းဖြင့် ဟောကြားသည်။ ထို့နောက်အရှင်သာရိ ပုတ္တရာမထေရ်သည် ရဟန်းငါးရာတို့အား မကျဉ်း မကျယ် အလယ်အလတ်နည်းဖြင့် ဟောကြားတော် မူခဲ့သည်။

မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားဟောကြားပြီး၍ ဝါကျွတ်သောအခါ သိကြားမင်းဖန်ဆင်းသည့် ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြား စောင်းတန်း သုံးသွယ်ဖြင့် လူ့ပြည်သင်္ကဿနဂိုရ်ပြည်သို့ နတ်ဗြဟ္မာအပေါင်း ခြံရံလျက် သက်ဆင်းကြွ ရောက်တော်မူသည်။ ထိုအခါမင်းနှင့်တကွ ပြည်သူတို့သည် ဆီမီးတန် ဆောင်ထွန်းညှိကာ မြတ်စွာဘုရားအား ကြိုဆိုကြသည်။ ထိုအချိန်မှစ၍ ဗုဒ္ဓဘာသာဝင်ပြည်သူတို့သည် သီတင်းကျွတ်လပြည့်နေ့သို့ရောက်သောအခါ ဆီမီးတန်ဆောင် ညှိထောင်ထွန်းလင်းပူဇော်ခြင်း ကုသိုလ်ကို ပြုလုပ်လေ့ရှိကြသည်။

မြတ်စွာဘုရားရှင်သည် နတ်ဗြဟ္မာအပေါင်း ခြံရံလျက် သက်ဆင်းကြွရောက်တော်မူ၍ သင်္ကဿ နဂိုရ်ပြည်တောင်တံခါးဝ၌ ရပ်တော်မူလျှင်ရှင်သာရိ ပုတ္တရာမထေရ်လည်း တပည့်သံဃာတော်တို့နှင့် တကွလာရောက်ကာ မြတ်စွာဘုရား၏ခြေတော်၌ ဦးဖြင့်တိုက်၍ ရှိခိုးပူဇော်ခဲ့သည်။

 ပရမတ္ထဒေသနာတော်

မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် သုတ္တန်ဒေသနာ၊ ဝိနည်းဒေသနာတော်တို့သည် ဒါန၊ သီလတို့၏ အကြောင်းအကျိုးတို့ကို လည်းကောင်း၊ ရှေးရှေးသော ဘဝတို့၌ဖြစ် ခဲ့ဖူးသည့် အနိမ့်အမြင့် ဆင်းရဲချမ်းသာတို့ကိုလည်းကောင်း ဟောတော်မူခြင်း ဖြစ်သည်။ အဘိဓမ္မာဒေ သနာတော်သည် ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊ ဣန္ဒြေ၊ အာရုံ၊ အာရမ္မဏိက၊ ရုပ်၊ နာမ်တရားတို့ကို ခွဲခြမ်းစိတ်ဖြာဟောတော်မူခြင်းဖြစ်သည်။ အဘိဓမ္မာတရားတော်သည် လောက သုံးပါးနှင့် နိဗ္ဗာန်အကြောင်း အရာတို့ကို ပရမတ္ ထတရားလေးပါးအဖြစ် ခွဲခြမ်းစိတ်ဖြာကာ သဘာဝ တရားများကိုဖြစ်စဉ်အတိုင်း အကြွင်းမရှိပြည့်စုံစွာ ဟောကြားတော်မူခဲ့သော ပရမတ္ထဒေသနာ တော်ဖြစ်သည်။

အဘိဓမ္မာတရားတော်များကို ရွတ်ဖတ်ပူဇော်ခြင်း၊ သင်ကြားနာယူခြင်းအားဖြင့် နာမရူပ ပရိစ္ဆေဒဉာဏ် ရင့်သန်စေနိုင်သည်။ မဂ်ဖိုလ်နိဗ္ဗာန်ရောက်ရန် လမ်းကြောင်း အထောက်အပံ့ကောင်းကို ရစေနိုင်သည်။ ဘေးဥပဒ်အန္တရာယ်ကင်းဝေးစေနိုင်သည်။ ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံစေနိုင်သည့် အကျိုးထူးတရားများကို ရရှိစေနိုင်ပေသည်။ အထူးသဖြင့် မြတ်ဗုဒ္ဓ၏ တရားတော်များ နာယူကျင့်ကြံအားထုတ်သူများအနေဖြင့် မကောင်းမှုရှောင်၊ ကောင်းမှု ဆောင်လျက် ဖြူအောင်စိတ်ကိုထားကာ တိုင်းပြည်နှင့် လူမျိုးအကျိုးကို သယ်ပိုးနိုင်သူများ ဖြစ်ပါ စေကြောင်း သီတင်းကျွတ်အခါသမယတွင် ဆုမွန်ကောင်းတောင်း ရေးသားလိုက်ရပါသည်။ ။

ကိုးကား။ ဆရာပြေအေးသက်၏ “မိခင်ကျေးဇူး ဘယ်မမေ့ အဘိဓမ္မာအခါတော်နေ့”၊ ၈- ၁၀ -၂၀၂၂ ရက်နေ့ထုတ် ကြေးမုံ သတင်းစာ။