အကျိုးရှိထိရောက်အောင် ဆောင်ရွက်နိုင်စွမ်းဖြင့် အလုပ်ကို အလုပ်နှင့် သက်သေပြရန်
‘‘ပြည်သူလူထု၏ အကျိုးကို လက်တွေ့ကျကျ ထိထိရောက်ရောက် ဆောင်ရွက်ပြခြင်းဖြင့် အလုပ်ဖြင့် သက်သေပြကြရန် တိုက်တွန်းလိုကြောင်း” ဟူသည့် မှာကြားချက်တစ်ခုကို ကြားသိခဲ့ရသည်။ စက်တင်ဘာလ ၂၉ ရက်နေ့ကကျင်းပခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၃) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုအစည်းအဝေးမှ နိုင်ငံတော်အကြီးအကဲ၏ မှာကြားချက်များတွင် အားနည်းချက်၊ အားသာချက်များကို ထောက်ပြခြင်းများ ပါဝင်ခဲ့သည်။ အထူးသဖြင့် အကန့်အသတ်ဖြင့် ရှိနေသည့် သွင်းအားစုနှင့် အရင်းအမြစ် အခြေအနေ၊ နိုင်ငံတကာ ကူညီထောက်ပံ့မှုများ အားနည်းနေမှု၊ အခွင့်အလမ်းဟူ၍ နည်းပါးချိန် အကျပ်အတည်း မျိုးစုံအောက်မှာ တည်ငြိမ်အေးချမ်းမှုကို ဦးစားပေးနေသည့် အနေအထား၊ ရပ်တန့်မှုများ၊ ပိတ်ဆို့မှုများ၊ အနှောင့်အယှက်၊ အဟန့် အတားများအောက်မှာ အထွေထွေလိုအပ်ချက်များစွာနှင့် ပြည့်နေသည့်ကာလတစ်ခုကို... ဘယ်လိုရင်ဆိုင်ရုန်းကန်နေရပါသလဲ၊ ဘယ်လိုတည်ဆောက်နေရပါသလဲ၊ ဒီကြားထဲမှာ တစ်ခုမှ ပစ်ပယ်ထားလို့မရသော ဖွံ့ဖြိုးမှုကဏ္ဍစုံကို ဟန်ချက်ညီညီ ဘယ်လိုတိုးတက်အောင် ဆောင်ရွက်နေရပါသလဲ၊ အားနည်းချက်များကို သင်ခန်းစာယူ၊ ပြုပြင်ပြင်ဆင်ပြီး အားသာချက်ကိုဖန်တီး၊ အခွင့်အလမ်းမှန်သမျှ ရသလောက် အသုံးချ၍ တိုးတက်အောင် ဆောင်ရွက်နေရပုံများကို နိုင်ငံအကြီးအကဲ၏ မှာကြားချက်များနှင့် ထင်ဟပ်ပြီး စဉ်းစားမိသည်၊ လေ့လာအတုယူစရာများလည်း ရရှိလာနိုင်မည်ဟု ယူဆမိပါသည်။
စိတ်ဓာတ်အင်အားအရင်းအမြစ်ကို အကောင်းဆုံးအသုံးချခြင်း
အခြေအနေအရ ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ခြေထောက်ပေါ်တွင် ရပ်တည်၍ ဆောင်ရွက်ရမည့်အခြေအနေတွင် အရင်းအမြစ်များအပေါ် စနစ်တကျ စီမံခန့်ခွဲနိုင်စွမ်းအား ကျွမ်းကျင်မှု၊ အတွေ့အကြုံများနှင့်အတူ တာ၀န်ယူ၊ တာဝန်ခံမှု၏ အရေးပါပုံများကို အလေးအနက်ထား ထောက်ပြသွားခဲ့သည်ကို တွေ့ရသည်။ အလုပ်ကို ဘာနှင့်သက်သေပြ လို့ရမလဲဆိုလျှင် အောင်မြင်မှုရလဒ်နှင့်ပဲ သက်သေပြရမည်ဟု ယေဘုယျဆိုလေ့ရှိကြသည်။
အလုပ်ကို တာဝန်ခံမှုနှင့် သက်သေပြနိုင်ရန် တစ်နည်းအားဖြင့် ရလဒ်နှင့် သက်သေပြနိုင်ရန်အပြင် ထိုရလဒ်ကို မည်သို့သောနည်းလမ်း၊ မည်သို့သောစီမံခန့်ခွဲမှုပုံစံဖြင့် ရရှိခဲ့သည်ကိုပါ တိုင်းတာအစမ်းသပ် ခံနိုင်မည့် တာဝန်ခံနိုင်မှုကိုပါ တိုင်းတာရမည်ဆိုသည်ကို နားလည်မိပါသည်။ အားနည်းချက်များက တစ်ပုံတစ်ပင်နှင့် အခွင့်အလမ်းက နည်းပါးနေသည့်အခြေအနေမှာ တစ်ဦးချင်းစီ၏ လုပ်ချင်ကိုင်ချင်စိတ်၊ တာဝန်ကို ကျေပွန်အောင် ထမ်းရွက်လိုစိတ်၊ အမှန်တကယ်အလုပ် လုပ်လိုစိတ်၊ အောင်မြင်ရမည်ဟူသော ယုံကြည်ချက်နှင့် အောင်မြင် အောင်လုပ်မည်ဆိုသည့် ခံယူချက်များဖြင့် ခိုင်မာသော Mental resources များ ရှိရပါမည်။
၎င်းအရင်းအမြစ်များက လုပ်ငန်းအောင်မြင်ရေးမှာ ကောင်းစွာ အထောက်အကူပြုနိုင်ပုံကိုသိရှိပြီး ထိုစိတ်ဓာတ်ခွန်အားများ မြင့်သည် ထက်မြင့်လာအောင် လှုံ့ဆော်နိုင်စွမ်း၏ အရေးပါပုံများကိုလည်း အလေးအနက် အသိအမှတ်ပြုရပါမည်။ ဘာပဲဖြစ်ဖြစ် သူတစ်ပါး အပေါ် မှီခိုလိုမှုစိတ် မရှိခြင်းသည် ကောင်းမွန်သော ကိုယ်ရည်ကိုယ်သွေးတစ်ခုပင်ဖြစ်သည်ကို လေ့လာလိုက်ရသည်။ ထိုသို့မှီခိုမှု မရှိခြင်းကပင် အချင်းချင်းပူးပေါင်းလိုစိတ်နှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးပွားနိုင်စေပြီး ထိုမှတစ်ဆင့် ညီညွတ်မှုနှင့် စိတ်ဓာတ်မြင့်မား တက်ကြွမှုကို တွန်းအားပေးလာပါလိမ့်မည်။
ထိုအချက်များမှာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ နိုင်ငံသားတစ်ဦးချင်း လိုအပ်နေသော စိတ်ပိုင်းဆိုင်ရာ ကိုယ်ရည်ကိုယ်သွေးများပင်ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ ပြည့်ဝကောင်းမွန်မှုမှသည် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုကိုပါ ဖြစ်လာစေပါသည်။ ထိုအခါ လုပ်ချင်ကိုင်ချင်စိတ်ရှိလာပြီး လုပ်ကိုင်နိုင်စွမ်းအားနှင့် စွမ်းဆောင်ရည်ပါ တိုးတက်လာသည်ကို တွေ့လာရသည်။
အနည်းဆုံးရင်းမြစ်အင်အားနှင့် အကောင်းဆုံး ဆောင်ရွက်နိုင်စွမ်း
မိမိတို့ လက်ရှိအခြေအနေမှာ input ဟုခေါ်သည့် အရင်းအမြစ်များစွာ ရှားပါးသည့် အခြေအနေတစ်ရပ်ကို ရင်ဆိုင်နေရသည်ဟု ဆိုနိုင်သည်၊၊ စွမ်းရည်ပြည့်လူသား အင်အား၊ ငွေကြေးဓနအင်အား၊ သယံဇာတ၊ အချိန်အကန့်အသတ်၊ ခံယူချက်မမှန်၊ စိတ်ဓာတ်က အားနည်း စသည်ဖြင့် Limited resources ကန့်သတ်ချက်က များစွာရှိနိုင်သည်။ အရင်းအမြစ်က အကန့်အသတ်နှင့်ဖြစ်သော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာနှင့်ရော ဒေသအလိုက်၊ ကဏ္ဍအလိုက် ရည်မှန်းချက်များ လုပ်ငန်းစဉ်များကား သူ့နေရာနှင့်သူ ချမှတ်ပြီးဖြစ်သည်၊၊
ရည်မှန်းချက် မရောက်ရောက်အောင် ထိထိရောက်ရောက် အောင်မြင်အောင်လုပ်ရမည့် လုပ်ငန်းများလည်းဖြစ်သည်။ အကျိုးရှိရှိ ထိထိရောက်ရောက် လုပ်ဆောင်ပြီး အကျိုးဖြစ်ထွန်းမှုရှိမှသာ ထိရောက်မှုရှိပြီး ရည်မှန်းချက် အောင်မြင်မည်ဟုဆိုပါသည်။ သို့သော် အရင်းအမြစ်အင်အားက ချို့တဲ့နေသည် သို့မဟုတ် ရှားပါးနေသည့် အခြေအနေတွင် မိမိလုပ်ငန်းထိရာက်အောင်မြင်ဖို့ဆိုလျှင် မိမိတို့၏ စွမ်းဆောင်ရည်က အမြင့်မားဆုံးဖြစ်နေရန် လိုအပ်မည်ဖြစ်သည်။
ထိုအခြေအနေမျိုးတွင် မိမိတို့၏ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်က ပို၍ အဓိကကျလာသည့်အတွက် အကောင်းဆုံး အရည်အချင်းများကို ပြသနိုင်ရန် အဆင်သင့်ရှိနေရမည်ဖြစ်သည်။ ရှားပါးအရင်းအမြစ်များကို အကောင်းဆုံးအသုံးချနိုင်ပြီး ချမှတ်ထားသည့် ရည်မှန်းချက် အောင်မြင်အောင် လုပ်နိုင်သည့်စွမ်းဆောင်နိုင်မှု efficiency ရှိသူများကသာ ဤနေရာတွင် အရေးပါလာမည်ဖြစ်သည်။
တစ်နည်းအားဖြင့် အနည်းဆုံးသော လူအင်အား၊ ငွေအင်အား၊ ပစ္စည်းအင်အား အခြေအနေတွင် အကောင်းဆုံးရလဒ်ကို ဖော်ဆောင် နိုင်သူသည်သာ စွမ်းဆောင်ရည်ပြည့်ဝသူ၊ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သူ ဖြစ်သည်ဟုဆိုသည်။ efficiency သဘောတရားတွင် အလေအလွင့်ဆုံးရှုံးမှု နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်စီမံနိုင်စွမ်းလည်း ပါဝင်သည်။ သူတို့သည် အနည်းဆုံး၊ အဆိုးဆုံး အခြေအနေမှာပင် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်စွမ်း ရှိခြင်းဖြင့် သူတို့၏ စနစ်တကျ စီမံခန့်ခွဲနိုင်စွမ်းနှင့် တာဝန်ကျေပွန်မှုကို ပြသနိုင်သူများဖြစ်သည်။
တစ်နည်းအားဖြင့် efficiency ရှိရှိ ဆောင်ရွက်ခြင်းဖြင့် ရရှိလာသော အောင်မြင်မှုမျိုးကိုသာ effectiveness ဖြစ်သည်ဟု သတ်မှတ်နိုင်ပါသည်။ ထို့ကြောင့် အလုပ်နှင့် သက်သေပြခြင်းဆို ရာမှာ မိမိအလုပ်အပေါ် စွမ်းဆောင်နိုင်မှုကို အတိုင်းတာခံနိုင်မှု ရှိခြင်းပင်ဖြစ်သည်ဟု ဆိုလိုရာရောက်ပါသည်။ ရည်မှန်းချက်ကို ရောက်ရှိရုံမက စွမ်းဆောင်ရည်ပြည့်ပြည့်ဖြင့် လုပ်ဆောင်နိုင်ခြင်းကိုပါ ပြသနိုင်ရပါမည်၊၊ စီမံခန့်ခွဲသူချင်းတူလျှင် ရှားပါးချို့တဲ့သည့်အခြေအနေများကြားမှာ အနည်းဆုံးသော ရင်းမြစ်အင်အားကို အကောင်းဆုံးရလဒ်ရအောင် လုပ်နိုင်ခြင်းဖြင့် တိုင်းတာရပါမည်။ effective ဖြစ်တာချင်းတူလျှင် ပိုပြီး efficient ဖြစ်သူက သာသည်ဟု သုံးနှုန်းလေ့ရှိကြသည်ကို သတိထားမိကြမည် ထင်ပါသည်။
ရလဒ် အကျိုးပြုရလဒ်နှင့် သက်ရောက်မှု
ထွက်ပေါ်လာသည့် ရလဒ်များကို အကောင်းဆုံး အသုံးချပါဟု လမ်းညွှန်မှာကြားချက်များကိုလည်း ခံယူဖူးကြပါလိမ့်မည်။ ရလဒ်ကို အသုံးမချဘဲ ရလဒ်အဆင့်မှာပင် ရပ်နားထားသည်များ ရှိနေသော ကြောင့်ဖြစ်သည်။ အသုံးချခွင့်မရတာ၊ အသုံးချနိုင်စွမ်းမရှိတာလည်း ပါမည်ထင်သည်။ ရလဒ်ကို အသုံးချတတ်မှသာ အကျိုးရှိမည်ဖြစ်သည်။ output နှင့်သာ မရပ်ဘဲ outcome ဖြစ်အောင်ပါလုပ်ဟု ဆိုကြသည်။ ဘာပဲလုပ်လုပ် အဆုံးသတ်အကျိုးဖြစ်ထွန်းသည်အထိ ရောက်စေချင်သည်၊၊ outcome အထိမျှော်၍ လုပ်စေချင်သည်။ တစ်ဆက်တည်း သက်ရောက်မှု impact အထိပါ မျှော်တွေးဆောင်ရွက်သင့်ကြသည်။ output လောက်နဲ့တင် အလုပ်ဖြစ်အောင်လုပ်နေသရွေ့ အလုပ်ကို အလုပ်နှင့်သက်သေပြနိုင်မည့် အခြေအနေတွင်မရှိပါ။
ဒီဘက်ခေတ်မှာ ဖွံ့ဖြိုးတိုးတက်မှု ရှိခြင်းမရှိခြင်းသည် positive outcome ထိ ရောက်သည့်အကျိုးရှိမှုနှင့်လည်းကောင်း၊ positive impact ကောင်းမွန်သည့် သက်ရောက်မှုနှင့်လည်းကောင်း တိုက်ရိုက်အချိုးကျသည်ဟု ဆိုရပါမည်။ ယနေ့ခေတ်တွင် ရလဒ် output တစ်ခုတည်းဖြင့် ကျေနပ်မနေသင့်တော့ပါ။ ရလဒ်ကို လက်တွေ့နယ်ပယ်တွင် အကျိုးရှိအောင် အသုံးချနိုင်မည့် အကျိုးပြုရလဒ်နှင့်အတူ မိမိနှင့်သက်ဆိုင်သူများ မိမိပတ်၀န်းကျင်နှင့် လူ့အဖွဲ့အစည်းအပေါ် ကောင်းမွန်သောသက်ရောက်မှု ရရှိနိုင်အောင် ဆောင်ရွက်နိုင်မည့်အရည်အသွေးများ နယ်ပယ်စုံတွင် လိုအပ်လာပြီဖြစ်ပါသည်။
ရလဒ်အပြင် အားလုံး၏ကျေနပ်မှုကိုပါ လိုအပ်ပြန်
ကိုယ်လုပ်လိုက်သည့် အလုပ်တစ်ခုကို သက်သေပြရာမှာ သတိပြုစရာတစ်ခုတော့ ရှိပါသည်။ ထိထိရောက်ရောက် ဆောင်ရွက် နိုင်ပြီ၊ စွမ်းဆောင်မှုအပြည့်ဖြင့်လည်း ဆောင်ရွက်နိုင်ခဲ့ပြီ၊ ရလဒ်နှင့် အကျိုးသက်ရောက်မှုပါ ကောင်းသည်ဆိုသော်လည်း ပိုပြီးပြည့်စုံစေမည့် အချက်တစ်ခု ကျန်နေသည်ကို မမေ့သင့်ပါ။ မိမိနှင့်အတူ ပါဝင်လက်တွဲဆောင်ရွက်သူများ၏ အားရကျေနပ်မှု၊ ကိုယ်ပါဝင်သည့် လုပ်ငန်းစဉ်နှင့် ရလဒ်အပေါ်မှာ ကျေနပ်မှုကိုလည်း လျစ်လျူရှု မထားသင့်ဘဲ ၎င်းအချက်ကို ထည့်သွင်းစဉ်းစားမှသာ ပြီးပြည့်စုံသော အောင်မြင်မှုဖြစ်ပါမည်။
ထို့အပြင် အောင်မြင်မှုတစ်ခုမှာ တစ်ဦးတစ်ယောက်ကောင်းကြောင့် အောင်မြင်မှုလား၊ သို့မဟုတ် အဖွဲ့လိုက်စုပေါင်း လုပ်ဆောင်မှု teamwork ကြောင့်လား၊ ကြည့်ရပြန်သည်။ ရလဒ်ကောင်းများနှင့် အောင်မြင်မှုတွေရနေသော်လည်း ဦးဆောင်သူအနေဖြင့်ရော မိမိလက်အောက်က လူတွေအဖို့မှာပါ ဖိစီးမှုတွေ၊ နစ်နာမှုတွေရှိနေမည်ဆိုလျှင်လည်း အလုံးစုံသော အောင်မြင်မှုဟု မမှတ်ယူနိုင်ပါ။
ထို့အပြင် ၀န်ထမ်းများ၏ ပြောင်းလဲလာနိုင်သောခံယူချက်များကိုလည်း သတိပြုရပါမည်။ တချို့က လုပ်ငန်းအခြေအနေကြောင့် ခံယူချက်များပြောင်းကုန်တာ ရှိသည်။ အောင်မြင်မှုနှင့်အတူ ခံယူချက် များ လိုက်ပါတိုးတက်ခြင်းက အကောင်းဆုံးပင်ဖြစ်၍ ထိုသို့ဖြစ်ရန်မှာ ဦးဆောင်သူများနှင့် လက်အောက်များအကြား အလုပ်အပေါ် ထပ်တူညီသော ဘုံရည်မှန်းချက်နှင့် အကျိုးစီးပွားများ အနီးကပ်ဆုံး ထပ်တူထပ်မျှရှိရန် လိုအပ်လှပါသည်။ သို့မဟုတ်လျှင် ထိုအောင်မြင်မှုသည် ငါတို့နှင့်မဆိုင်ဟု အတွေးအမြင်များ ကိန်းအောင်းလာနိုင်ပြီး အနာဂတ်လုပ်ငန်းစဉ်များအပေါ်မှာပါ ဆိုးကျိုးသက်ရောက်မှုများလည်း ရှိလာနိုင်သောကြောင့်ဖြစ်ပါသည်။
နိုင်ငံတစ်ခု၊ အလုပ်တစ်ခုတွင် ထိရောက်မှုရှိခြင်းနှင့် စွမ်းဆောင်ရည်ပြည့်ဝခြင်း စသည့်စွမ်းဆောင်မှုများသည် အလုပ်ကိုသက်သေပြရာမှာ အားထားရသော အညွှန်းများပင်ဖြစ်သည်၊၊ ထို့အပြင် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ကိုသွားရာတွင် အသုံးတည့်သည့် လက္ခဏာများတွင်လည်း ပါဝင်သည်ကို တွေ့ရသည်။ ထို့ကြောင့် အရေးကြီးသည်ဟု ဆိုချင်ပါသည်။ အလုပ်ကို မိမိ၏ တာဝန်ယူ၊ တာဝန်ခံမှုဖြင့် သက်သေပြသည်ဆိုရာမှာ မိမိတစ်ဦးတည်း သက်သေပြနေရုံ၊ ရရှိသည့်အောင်မြင်မှုအပေါ် မိမိဘာသာ ကျေနပ်သာယာ နေရုံဖြင့်လည်း မပြီးပါ။ မိမိ၏လုပ်ဖော်ကိုင်ဖက်များ အပါအဝင် အားလုံး၏ အမြင်သဘောထားများ၊ အကြံဉာဏ်များကိုပါ ထည့်သွင်းတွက်ချက်ရန် လိုပါသည်။
ပြည်သူ့အတွက်လုပ်သော ပြည်သူဗဟိုပြုလုပ်ငန်းများ ဝန်ဆောင်မှုများဆိုလျှင် ပြည်သူလူထု၏ သဘောထားမှတ်ချက်များ၊ အမြင်များကိုပါ ထည့်သွင်းပေါင်းစပ်နိုင်မှ ပြည့်စုံပါသည်။ နေရာစုံထောင့်စုံက ပြည်သူများ၏ ဝေဖန်မှုများ၊ အသံများကို နားထောင်ရန်လိုပါမည်။ တိုးတက်မှုကိုရှေးရှုလျှင် တစ်နေရာရာက ထင်မြင်ချက် အိုင်ဒီယာ တစ်ခုပင်ဖြစ်ပါစေ အရေးပါအရာရောက်နိုင်ပါသည်။ နားထောင်ပေးခြင်းနှင့် လက်ခံနိုင်စွမ်းရှိခြင်းသည်ပင် ခေါင်းဆောင်များနှင့် အချင်းချင်းကြားတွင် လိုအပ်သော ကောင်းမွန်သော ဆက်သွယ် ဆက်ဆံခြင်းစွမ်းရည် တစ်ခုဖြစ်ကြောင်း နားလည်သဘောပေါက်ပြီး ဖြစ်ပါသည်။
“ပြည်သူလူထု၏အကျိုးကို လက်တွေ့ကျကျ ထိထိရောက်ရောက် ဆောင်ရွက်ပြခြင်းဖြင့် အလုပ်ဖြင့်သက်သေပြကြရန် တိုက်တွန်းလိုကြောင်း” ဟူသည့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်သည် ရုံး၊ ဌာနအဖွဲ့အစည်းအကြီးအမှူးများက မကြာခဏ မှာကြား လေ့ရှိသော လမ်းညွှန်ချက်လည်း ဖြစ်ပါသည်။ အဓိကအချက်က စကားလုံးများအပေါ် ဖြန့်ကြက် တွေးတောမိခြင်းသာဖြစ်သည်။ အများအကျိုးအတွက် ဆောင်ရွက်သည်ဆိုသော အလုပ်ကို ရလာ သောရလဒ်ကောင်းများနှင့်အတူ အကန့်အသတ်နှင့် ရှိနေသော အရင်းအမြစ်များကို မည်သို့ အသုံးချဆောင်ရွက်နိုင်ပြီး ဘယ်လောက် အကျိုးရှိ ထိရောက်အောင်မြင်သည်ကို သက်သေပြရန်လိုမည်ဟု ယူဆပါသည်။
ကနဦး ရလဒ်နှင့်တင်မပြီး၊ ထိုရလဒ်ကို လက်တွေ့နယ်ပယ်မှာ အကောင်းဆုံးအသုံးချကာ မိမိပတ်၀န်းကျင်နှင့် လူ့အဖွဲ့အစည်းမှာ ကောင်းသောသက်ရောက်မှုများရသည်အထိလည်း ဆောင်ရွက်နိုင်ရပါမည်။ အောင်မြင်မှုရသော်လည်း မိမိနှင့် မိမိအဖွဲ့အစည်းအတွင်းမှာ အနုတ်လက္ခဏာဆန်သောသက်ရောက်မှုများ ကျန်နေလျှင် ပြီးပြည့်စုံသောအောင်မြင်မှုဟု သတ်မှတ်ရန် ခက်ခဲနိုင်သောကြောင့် ဖြစ်ပါသည်။ အရေးကြီးသည်က အားလုံးမှာ မိမိလုပ်ငန်းခွင် အတွင်း လုပ်ငန်းခွင်မိသားစုစိတ်ဓာတ်ဖြင့် သာယာပျော်ရွှင်ချမ်းမြေ့စွာဖြင့် အလုပ်ပြီးမြောက်ကြစေရန်ပင် ဖြစ်ပါသည်၊၊ ။
မိုးကေနိုင်