အင်ဒိုနီးရှားနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များအား လေ့လာခြင်း
ခန့်ဇော် (ကျေးလက်)
(ယမန်နေ့မှအဆက်)
မူဝါဒအကြံပြုချက်များ
လေ့လာမှုစစ်တမ်းအရ ကျေးလက်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးသည် ကျေးလက်နေပြည်သူများ၏ လူမှုဘဝတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့အတွက် မရှိမဖြစ် အရေးပါလျက်ရှိသည်ကို တွေ့ရှိရပြီး အင်ဒိုနီးရှားနိုင်ငံအပါအဝင် အခြားနိုင်ငံများတွင်လည်း အခြေခံအဆောက်အအုံဖွံ့ဖြိုးမှုသည် ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုကို သိသိသာသာလျော့ကျသွားစေကြောင်း တွေ့ရှိရသည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးဆောင်ရွက်ရာတွင် နိုင်ငံတော်အဆင့်အနေဖြင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေးကို ကျေးလက်ဒေသများတွင် စဉ်ဆက်မပြတ် ဦးတည်ဆောင်ရွက်ခြင်း၊ ဗဟိုချုပ်ကိုင်မှုစနစ်ကိုဖြေလျှော့ပြီး ဒေသဆိုင်ရာအစိုးရများက ဦးဆောင်၍ ကျေးလက်ဒေသအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်ခြင်းတို့ကို မူဝါဒပိုင်းအရချမှတ်သင့်ပါကြောင်း အကြံပြုတင်ပြထားရှိသည်ကို လေ့လာတွေ့ရှိရပါသည်။
အင်ဒိုနီးရှား၏ အလုံးစုံဖွံ့ဖြိုးရေးမူဝါဒ(Inclusive Growth Policy)များသည် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်စေရန်နှင့် စီးပွားရေးဖူလုံစေရန် လိုက်လျောညီထွေမှုရှိပြီး အလွန်အမင်းဆင်းရဲနွမ်းပါးမှု ပပျောက်လုနီးပါးဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။ သို့ရာတွင် ဆင်းရဲနွမ်းပါးသော လူဦးရေ၏ထက်ဝက်ခန့်သည် ဆင်းရဲတွင်းသို့ ပြန်လည်ကျရောက်နိုင်ခြေရှိသည့်အတွက် တုံ့ပြန်နိုင်စွမ်းအား ကောင်းမွန်သော အစီအစဉ်များ၊ ရင်းနှီးမြှုပ်နှံမှုများ ဖန်တီးပေးရန် လိုအပ်မည် ဖြစ်ပါသည်။
ဝင်ငွေတိုးတက်မြင့်မားစေပြီး ကုန်ကျစရိတ်သက်သာစေမည့် နိုင်ငံတစ်ဝန်း လူ့စွမ်းအားအရင်းအမြစ်များ သာတူညီမျှတိုးတက်စေရေးအတွက် ကန့်သတ်ချက်များကို ဖယ်ရှားပေးနိုင်မည့် ထိရောက်သောမူဝါဒများ ချမှတ်နိုင်ရန်လိုအပ်မည်ဖြစ်ပါသည်။ ထို့အပြင် အလုံးစုံဖွံ့ဖြိုးရေးကို စဉ်းစားရာတွင် နိုင်ငံဆင်းရဲနွမ်းပါးမှုကို ဖြစ်စေသည့် အကြောင်းရင်းများအနက် တစ်ခုအပါအဝင်ဖြစ်သော သဘာဝဘေးအန္တရာယ် မကြာခဏကျရောက်တတ်ခြင်းကိုလည်း အလေးထားစီမံခန့်ခွဲရန် လိုအပ်ပါသည်။ သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိသည့် အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန် လိုအပ်ကြောင်း လေ့လာသိရှိရပါသည်။
လူမှုဖူလုံရေးစနစ်
၂၀၀၀ ပြည့်နှစ်ဝန်းကျင်ကတည်းကပင် လူမှုဖူလုံရေးအစီအမံများကို ကျယ်ကျယ်ပြန့်ပြန့် စတင်ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရပြီး ယင်းတွင် ပညာသင်ထောက်ပံ့ကြေးများ၊ အခမဲ့ကျန်းမာရေးအာမခံ၊ ပင်စင်လစာ၊ ဆန်ပေးဝေခြင်းစသည်တို့အပါအဝင် ဆင်းရဲမှုမှ လွတ်မြောက်ရေးအတွက် အလုံးစုံအစီအမံများ ပါဝင်သည်ကို လေ့လာ တွေ့ရှိရသည်။ သို့ရာတွင် နိုင်ငံတကာစံနှုန်းများအရ လူမှုဖူလုံရေးအတွက် ငွေကြေးထောက်ပံ့နိုင်မှုပမာဏ နည်းပါးနေသေးသည်ဟု ဆိုနိုင်ပါသည်။ လူမှုဖူလုံရေးအထောက်အပံ့များရရှိသည့် လုပ်သား အရင်းအမြစ်များ တိုးပွားလာစေရန်၊ ပိုမိုကောင်းမွန်သည့် အလုပ်အကိုင်များ ရရှိနိုင်စေရန်အတွက် လူမှုဖူလုံရေးအာမခံတိုးမြှင့်ပေးရေး၊ အခွန်စည်းကြပ်မှုတိုးမြှင့်ပြီး တရားဝင်လုပ်ကိုင်သူများ ဖြစ်စေရေး ဆိုင်ရာမူဝါဒများ ချမှတ်ဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ပါသည်။
အနာဂတ်ကျေးလက်ဒေသဖွံ့ဖြိုးရေးမျှော်မှန်းချက်
၂၀၂၀ ပြည့်နှစ်တွင် ကျေးလက်ဒေသစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ မက်ခရိုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ရေးနှင့် လူတစ်ဦးချင်း၏ ဝင်ငွေနှင့် စိုက်ပျိုးရေး GDP ကို နှစ်ဆတိုးမြှင့်ခြင်းဖြင့် ဒေသတွင်းအဆင့် ဆင်းရဲနွမ်းပါးသည့်လူဦးရေကို လျှော့ချနိုင်ရန်၊ ကျေးရွာများတွင် တစ်ဦးချင်ပျမ်းမျှ တစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၀၀၀ ခန့်အထိ ရရှိစေရန်နှင့် ဆင်းရဲမှုမျဉ်းအောက်ရှိ ကျေးရွာလူဦးရေသည် ကျေးရွာရှိ လူဦးရေ၏ ၅ ရာခိုင်နှုန်းအောက် ဖြစ်လာစေရန်၊ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော နည်းပညာနှင့် စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ရိတ်သိမ်းပြီးချိန် နည်းပညာများ တိုးမြှင့်ရရှိစေရန် စသည်တို့နှင့်စပ်လျဉ်း၍ မျှော်မှန်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။
အစိုးရနှင့် နိုင်ငံရေးပါတီအသီးသီးသည် ဆင်းရဲနွမ်းပါးသူများ သက်သာချောင်ချိရေးအတွက် အာရုံစိုက်ကြိုးပမ်းလျက်ရှိပြီး အရင်းအနှီးရရှိရေးနှင့် ထုတ်ကုန်အရည်အသွေးမြှင့်တင်ရန်၊ စျေးကွက်ချဲ့ထွင်နိုင်မှုနှင့် စီးပွားရေးဝန်ဆောင်မှုစွမ်းရည်များမြှင့်တင်ရန်၊ စွန့်ဦးတီထွင်မှုနှင့် အစုအစပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်။ ထို့အပြင် မညီမျှမှုများကို လျှော့ချရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေထောက်ပံ့မှုများကို အစဉ်သဖြင့် ပြန်လည်သုံးသပ်ပြုပြင်ပြောင်းလဲခြင်း၊ ပြည်တွင်းရင်းနှီးမြှုပ်နှံသူများနှင့် ပြည်တွင်းလုပ်ငန်းရှင်များကို ပံ့ပိုးပေးခြင်း၊ ပြည်တွင်းထုတ်ကုန်ပစ္စည်းများကို အွန်လိုင်း၊ လက်လီရောင်းချသူများထံနှင့် ချိတ်ဆက်ရောင်းချစေခြင်းဖြင့် သွင်းကုန်ဖိအား လျှော့ချပေးခြင်း တို့ကို ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်။ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အဓိကထား ဆောင်ရွက်လျက် ရှိသည်ကို တွေ့ရှိရသည်။
သုံးသပ်ချက်
ကျေးလက်ဒေသ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အဆင့်တိုင်းသည် အလွန်ထိရောက်မှုရှိပါသည်။ သို့ရာတွင် ကျေးလက်နေလူထုသည် သတင်းအချက်အလက်များ လက်လှမ်းမီရန် ခက်ခဲသည့်အတွက် ၎င်းတို့လက်လှမ်းမီမှုရှိစေမည့် နည်းလမ်းများ၊ လုံလောက်သော အခြေခံအဆောက်အအုံများရရှိစေရန် ထည့်သွင်းစဉ်းစားသင့်ပြီး ကျေးလက်ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အသွင်ကူးပြောင်းရေးကိုလည်း ဆောင်ရွက်သင့်ပါသည်။ လက်ရှိတွင် ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုများအတွက် သွင်းအားစုများ (အရင်းအနှီးများ၊ လယ်ယာသုံးစက်ကိရိယာ)များ ထောက်ပံ့မှု၊ BEKERJA အစီအစဉ်နှင့် အခြားအကူအညီများ ထောက်ပံ့ပေးထားသည်မှန်သော်လည်း ၎င်းအသွင်ကူးပြောင်းမှုတွင် ခေါင်းဆောင်ပိုင်းမှ ပါဝင်မှုလည်း လိုအပ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်အသီးသီးက ဆိုသည်။ မြေမျက်နှာသွင်ပြင်အနေအထား၊ ကျေးလက်လူမှုအသိုင်းအဝိုင်း၏ လူမှုရေးပြဿနာများ၊ လူ့စွမ်းအားအရင်းအမြစ်ပြဿနာများ၊ ဗဟိုနှင့် ဒေသဆိုင်ရာစည်းမျဉ်းအာဏာပိုင်များကြား အချိုးမညီမျှမှု စသည်တို့ကြောင့် စိန်ခေါ်မှုများစွာကို တွေ့ကြုံခဲ့ရသည်။ မည်သို့ပင်ဆိုစေ ဗဟိုအစိုးရသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးချဲ့ဆောင်ရွက်မှု၊ စားနပ်ရိက္ခာနှင့် ငွေကြေးထောက်ပံ့မှုတို့အပါအဝင် ကျေးလက်နေပြည်သူများ၏ စီးပွားရေးကိုမြှင့်တင်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းခဲ့ပြီး အပြုသဘောဆောင်သော တုံ့ပြန်ချက်များစွာရရှိခဲ့သည့် အပြင် ဆင်းရဲနွမ်းပါးမှုလျှော့ချရာတွင်လည်း သိသိသာသာ အောင်မြင်ခဲ့သည်ဟု ဆိုရပါမည်။