ဗီဇနှင့်ပတ်ဝန်းကျင်ကောင်းမွန်ရေး
ခင်မောင်မြင့်
လူဆိုသည်မှာ တစ်ဦးတည်း၊ တစ်ယောက်တည်းခွဲ၍ နေထိုင်ကျက်စားနိုင်သော သတ္တဝါအမျိုးအစား မဟုတ်ပါ။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းနှင့်စုဖွဲ့၍ နေထိုင်ကျက်စားသော သတ္တဝါအမျိုးအစား ဖြစ်သည်။
လူ့သမိုင်းကြောင်းစီးဆင်းလာပုံကို သုတေသီများ၏ မှတ်တမ်းမှတ်ရာများအရ ခေတ်ငါးခေတ်တိုင်ခဲ့ပြီဟု ဖော်ပြထားသည်။ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ စက်မှုခေတ်၊ နျူကလီးယားခေတ်၊ ယနေ့မျက်မှောက်ဆက်သွယ်ရေးနည်းပညာခေတ်ဟူ၍ ခေတ်တစ်ခေတ်ချင်းစီ၏ တီထွင်မှု အောင်မြင်ထွန်းကားခဲ့သည့်အတိုင်း ခေတ်ကိုကမ္ပည်းထိုး မှတ်တမ်းပြုခဲ့ကြသည်။
ကျောက်ခေတ်အခါက ကျောက်ဂူထဲတွင် နေထိုင်ကြစဉ်မှာ မျိုးနွယ်စုအလိုက် စုဖွဲ့နေထိုင်ကြပုံကို ကျွန်ုပ်တို့ကျောင်းနေစဉ်အခါက သမိုင်းဘာသာရပ်၌ သင်ကြားခဲ့ဖူးပါသည်။ ဤအချက်သည်ပင် လူဆိုသည်မှာ ပတ်ဝန်းကျင်အသိုင်းအဝိုင်းနှင့် နေထိုင်ကျက်စားကြကြောင်းကို သိနိုင်ပါပေသည်။ ယနေ့ဆက်သွယ်ရေးနည်းပညာခေတ်၌ကား အထူးပင်ဆိုဖွယ်ရာမရှိတော့။ စာပေအသိုင်းအဝိုင်း၊ ရုပ်ရှင်နှင့် ဂီတအသိုင်းအဝိုင်း၊ အားကစားအသိုင်းအဝိုင်း၊ စီးပွားရေးအသိုင်းအဝိုင်း၊ ပညာရှင်အသိုင်းအဝိုင်း စသည်ဖြင့် များလှစွာသော အသိုင်းအဝိုင်းတို့သည် လူနှင့်ပတ်ဝန်းကျင်၏ ပြယုဂ်များပင် မဟုတ်ပါလော။ စိတ်တူဝါသနာတူသော လူတစ်ဦးချင်းစီ စုပေါင်း၍ အသိုင်းအဝိုင်း(အဖွဲ့အစည်း)တစ်ခုကို တိုးတက်ထွန်းကားအောင် ဝိုင်းဝန်းဆောင်ရွက်ကြသည်။ အသိုင်းအဝိုင်းအဖွဲ့အစည်းက လူတစ်ဦးချင်းစီ၏ အရည်အသွေး တောက်ပြောင်လာအောင် ပြုစုပျိုးထောင်ပေးသည်။
ဤသို့ဆိုလျှင် လူတစ်ဦးချင်းကတစ်ဖက်၊ ပတ်ဝန်းကျင်အစုအဖွဲ့က တစ်ဖက်ထားကြည့်၍ လူနှင့်ပတ်ဝန်းကျင် ပေါင်းစည်းသွားသောအခါ ဖြစ်ပေါ်လာသည့်အကျိုးဆက်ကို လေ့လာကြည့်ကြပါစို့။ မြတ်စွာဘုရားရှင်၏ဒေသနာတော်သည် ယနေ့ မျက်မှောက်ခေတ်ထိ လူနှင့်ပတ်ဝန်းကျင် ပေါင်းစည်းခြင်း၏အဖြေမှာ-
ရှင်မဟာမောဂ္ဂလာန်သည် တန်ခိုးအရာတွင် ဧတဒဂ်ဘွဲ့ခံ၏။ သူ၏တပည့်သား ရဟန်းများတို့ တန်ခိုးအရာ၌ ထင်ရှားကြသည်။ ရှင်သာရိပုတ္တရာသည် ပညာအရာ၌ ဧတဒဂ်ဘွဲ့ခံ၏။ သူ၏တပည့် သားရဟန်းများတို့ ပညာဉာဏ်ကြီးကြကုန်၏။ ရှင်မဟာကဿပသည် ဝိနည်းအရာတွင် ဧတဒဂ်ဘွဲ့ခံ ၏။ သူ၏တပည့်သားရဟန်းများသည်လည်း ဝိနည်းကို အထူးစောင့်ထိန်းကြ၏။
မျက်မှောက်ခေတ်တွင်လည်း လက်တွေ့ကြည့်ပါဦးစို့။ စီးပွားရေးအသိုင်းအဝိုင်းကြားတွင် ကြီးပြင်းသွားသည့်ကလေးမှာ စီးပွားရေးသမားဖြစ်သွားသည်။ အားကစားအသိုင်းအဝိုင်းကြားတွင် ကြီးပြင်းသွားသည့်ကလေးမှာ အားကစားသမားဖြစ်သွားသည်။ ပညာတတ်အသိုင်းအဝိုင်းကြားတွင် ကြီးပြင်းသွားသည့်ကလေးမှာ ပညာကိုတန်ဖိုးထားခုံမင်လှပေသည်။ လောင်းကစားသမားကြားတွင် ကြီးပြင်းလာရသည့်ကလေး၊ အရက်သေစာယစ်မူးသူများကြားတွင် ကြီးပြင်းလာရသည့်ကလေး၊ တဏှာရာဂကို တပ်မက်သူများကြားတွင် ကြီးပြင်းလာရသည့် ကလေးများမှာ ထူးချွန်သည့် အားကစားသမား၊ အောင်မြင်သည့်စီးပွားရေးပညာရှင်၊ ကျွမ်းကျင်သည့် အတတ်ပညာရှင်ဖြစ်ရန် ရာခိုင်နှုန်းအတော်ပင်နည်း ပေလိမ့်မည်။ အများအားဖြင့် ပျက်စီးကြသည်သာများ၏။
ရေသန့်သော်လည်း ခွက်မသန့်လျှင် သောက်၍ မရသကဲ့သို့ ခွက်သာသန့်၍ ရေမသန့်လျှင်လည်း သောက်၍မရနိုင်ပါ။
မိမိသည် အိမ်ကြီးအိမ်ကောင်းနှင့် ပစ္စည်းဥစ္စာများရှိပါသော်လည်း ပတ်ဝန်းကျင်မှာ လူလိမ်သူခိုးများ ကြီးစိုးသောအရပ်တွင်နေရပါမူ မချမ်းသာနိုင်ပါ။ ရပ်ကွက်သန့်သန့်တွင် နေရပါသော်လည်း မိမိအိမ်တွင်းရေး ဖောက်ပြန်ပျက်စီးနေပါလျှင်လည်း အကျိုးမထူးနိုင်ပါ။ ပုံပြင်စာအုပ်တစ်အုပ်တွင် ဖတ်ဖူးသော ပုံပြင်တစ်ပုဒ်ကိုသတိရမိပါသည်။ အလွန်မျိုးကောင်းသောကြောင့် အောင်မြင်ဖြစ်ထွန်းနေသော ပြောင်းဖူးအခင်းပိုင်ရှင် ယာသမားကြီးတစ်ဦးသည် သူ၏ ပြောင်းဖူးမျိုးစေ့အား အနီးပတ်ဝန်းကျင်မှ ယာသမားတို့ကို ဝေငှပေးလေ၏။ ထိုသတင်းကိုကြားသော ဆွေမျိုးတို့က သူ့အားအပြစ်တင်ကြပါသည်။ ယာခင်းရှင်၏ရှင်းပြပုံမှာ သစ်သီးဝလံတို့၏ သဘာဝသည် ဝတ်မှုန်ကူးရာမှမျိုးအောင်၍ သီးပွင့်ကြခြင်းဖြစ်ရာ သူ့ပြောင်းခင်းတစ်ခုထဲ မျိုးကောင်းနေရုံနှင့်မပြီးပါ။ ပတ်ဝန်းကျင်မှ မျိုးညံ့သောဝတ်မှုန်များကူးလာပါက သူ့ပြောင်းခင်းလည်း အရည်အသွေး ကျသွားနိုင်ခြင်းကြောင့် ပတ်ဝန်းကျင်ကိုလည်း ကောင်းဖို့လိုကြောင်း ရှင်းပြလိုက်သည်။ မှန်ပါပေသည်။ လောကသဘာဝသစ္စာအရ မိမိကိုယ်တိုင်ကလည်း ဗီဇကောင်းဖို့ လိုသကဲ့သို့ ပတ်ဝန်းကျင်ကိုလည်း ကောင်းစေရန်ပြုပြင်နိုင်စွမ်း ရှိဖို့လိုပါသည်။ သို့မှသာလျှင် သာယာအေးချမ်းသော၊ ဖွံ့ဖြိုးတိုးတက်သော လူ့ဘောင်လောက၏ ခေတ်တစ်ခေတ်ကို ထူထောင်နိုင်မည်ဖြစ်ပါသည်။ ကျွန်ုပ်တို့မည်ကဲ့သို့ကြိုးပမ်းဖို့ လိုမည်နည်း။
ကျွန်ုပ်တို့ငယ်စဉ်က ကျောင်းတွင် ကျောင်းတက် ချိန်ရောက်လျှင် ကျောင်းကောင်စီသစ္စာအဓိဋ္ဌာန် ကို သီဆိုကြရပါသည်။
(၁) မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်။
(၂) မိမိအတန်းကို ကောင်းအောင်ကြိုးစားမည်။
(၃) မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည်။
(၄) မိမိတိုင်းပြည်အတွက် ကောင်းအောင် ကြိုးစားမည်။
မှန်ရာကိုဝန်ခံရလျှင် ထိုစဉ်ကစုပေါင်း၍ ညီညီညာညာရွတ်ဆိုနေကြသော်လည်း အဓိပ္ပာယ်ကို နက်နက်ရှိုင်းရှိုင်းမသိခဲ့ပါ။ နောင်အသက်ကြီးလာသည့်အခါ ဗုဒ္ဓဒေသနာတော်များကို ဖတ်မိနာကြားမိသည့်အခါတွင် ဤသစ္စာအဓိဋ္ဌာန်အချက်သည် မင်္ဂလသုတ္တံဒေသနာတော်မှ ထုတ်နုတ်ထားကြောင်း သိခဲ့ရပါသည်။ သပြေကန်ဆရာတော်ကြီး ဒေါက်တာအရှင်ပညိဿရ၊ သီတဂူဆရာတော်ကြီး စသည့် ပညာရှင်ဆရာတော်ကြီးများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များကြောင့် မိမိသာမက လူ့ဘောင်လောကကြီးတစ်ခုလုံးအတွက် နေထိုင်ကျင့်သုံးရေး မင်္ဂလာဖြစ်မှန်းသိခဲ့ရပါသည်။
အတ္တသမ္မာပဏိဓိစ မိမိကိုယ်တိုင်ကောင်းအောင် ကိုယ်ကျင့်သီလစောင့်ထိန်းရပါမည်။ မိမိသည် တစ်ဦးတစ်ယောက်တည်းနေခြင်းမဟုတ် မိမိမှာ ပတ်ဝန်းကျင်ရှိသည်။ အနီးဆုံးပတ်ဝန်းကျင်မှာ မိသားစုဝင်များပင်ဖြစ်ပါသည်။ ထိုပတ်ဝန်းကျင်ကောင်းဖို့ ထိန်းသိမ်းစောင့်ရှောက်ဖို့ ငွေကြေးပစ္စည်းဥစ္စာလိုပါသည်။ ထို့ကြောင့် ငွေကြေးဥစ္စာရဖို့ အလုပ် လုပ်ရပါမည်။ သို့သော် ထိုအလုပ်သည် အနဝဇ္ဇာနိ ကမ္မာနိ-အပြစ်မရှိသော အလုပ်ဖြစ်ဖို့တော့ လိုပါသည်။ ထိုမှတစ်ဆင့်တက်လျှင် မိမိအိမ်လမ်းကောင်းဖို့၊ ရပ်ကွက်လမ်းကောင်းဖို့၊ ရပ်ကွက်ကောင်းဖို့ ထိုအရာအားလုံးအတွက် အလုပ်လုပ်ရပါမည်။ သို့သော် ထိုအလုပ်သည် အပြစ်ကင်းရပါမည်။ ကိုယ့်မိသားစုနှင့် ပတ်ဝန်းကျင်ကောင်းဖို့ ကိုယ်ကအပြစ်မကင်းသော အလုပ်ကိုလုပ်ခဲ့ပါလျှင် သူတစ်ပါး ကောင်းဖို့ ကိုယ်အနစ်နာခံခြင်း မဟုတ်နိုင်ပါ။ မှားယွင်းသော လုပ်ရပ်သာဖြစ်ပါသည်။
ထို့ကြောင့် အချုပ်ဆိုရပါလျှင် ဗီဇနှင့်ပတ်ဝန်းကျင် ကောင်းမွန်ရေးအတွက် မြတ်စွာဘုရားရှင်သည် နေထိုင်ကျင့်သုံးရေးစက်လေးပါးကို ညွှန်ပြတော်မူခဲ့ပါသည်။ “ပုဗ္ဗေစကတပုညတာ” လွန်ခဲ့သော တစ်ချိန်က မှန်ကန်ကောင်းမွန်သောအလုပ်ကို လုပ်ထားလျှင် “ပတိရူပဒေသဝါသောစ” နေထိုင်၍ကောင်းမွန်သော သင့်တင့်လျောက်ပတ်ခြင်းရှိသော အရပ်ဒေသကို မှီခိုနေထိုင်ရပေမည်။ “ပဏ္ဍိတာနဉ္စ” ထိုအရပ်ဒေသကောင်း၌ရှိသော မိတ်ကောင်းဆွေ ကောင်းများကို မှီဝဲဆည်းကပ်ရခြင်းကြောင့် ဝတ်မှုန်ကောင်းများ ကူးလူးဆက်ဆံရပေမည်။ ထိုအခါ မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်သော- “အတ္တသမ္မာပဏိဓိစ”ဟူသောမင်္ဂလာနှင့် ပြည့်စုံနိုင်ခြင်းကြောင့် မိမိအပါအဝင် ဗီဇနှင့်ပတ်ဝန်းကျင် ကောင်းမွန်ခြင်းမှအစပြုကာ လူ့ဘောင်လောက သာမက ခေတ်တစ်ခေတ်၏ မော်ကွန်းကမ္ပည်းကို ရေးထိုးနိုင်ကြလိမ့်မည်ဟု အကြံပြုရေးသားအပ် ပေသည်။ ။