Skip to main content

သူရမင်းဒင် (သို့) သူရဘွဲ့ ရရှိခဲ့သူတစ်ဦး၏ တိုက်ပွဲဝင်မှတ်စု

၁၉၅၉ ခုနှစ်၊ မေလ ၁၅ ရက်နေ့။ ရှမ်းရိုးမမှာ နှင်းရည်ခန်းလို့ မိုးပန်း​တွေကျဆင်းတဲ့ ဝသန္တရာသီတွင်းကို ချင်းနင်းစအချိန် လင်းအရုဏ် မြူးကြွစ ကြည်နူးစရာ ဒီအချိန်မှာ မြူခိုးပန်းကို ဆင်မြန်းထားကြတဲ့ ရှမ်းရိုးမတောင်တန်းကြီး​တွေကို မပီဝိုးတဝါး မြင်နေရတဲ့အချိန် စစ်မြေတစ်နေရာမှာ လွမ်းမောဖွယ်ရှုခင်းတွေကို ကြည်နူးနေစဉ်မှာ သဲသဲမဲမဲပေါက်ကွဲသွားကြတဲ့ ၈၁ မီလီမီတာ စိန်ပြောင်းသံ​တွေကြောင့် နံနက်စောစော အိပ်မောကျနေတဲ့ ဝမ်တုံခေါ် မိုင်ဖုံးဒေသကလေးကို လှုပ်နှိုးလိုက်သလို ရှိတော့တယ်။

မနေ့က ရန်သူတို့လက်မှ ပြန်သိမ်းပိုက်ခဲ့တဲ့ ဒီနယ်မြေကို ဒီနေ့ ရန်သူတို့က ပြန်လိုချင်နေကြတယ်။ စိန်ပြောင်းသံနဲ့အတူ စက်ကြီး၊ စက်လတ်သံ​တွေကလည်း ဘဝဂ်သို့ ညံသွားတယ်။ ရန်သူ​တွေဟာ မိမိတို့ ခံစစ်စည်းကို နည်းအမျိုးမျိုးနဲ့ ထိုးဖောက်ဖို့ ဆင်ဆိုးတစ်ကောင်လို သောင်းကျန်းလို့ နေကြတယ်။

ဆင်ဆိုးကို အစွယ်ကျိုး‌အောင် သတ်ရတော့မယ်

ရှေ့တူရူ ရန်သူဘက်သို့ မိမိရဲ့စက်သေနတ်နဲ့ အဆက်မပြတ် ပစ်ခတ်ရင်း ကတုတ်ကျင်းကို အရယူလိုက်ရတယ်။ ရဲဘော်ရဲဘက်​တွေရဲ့ သေနတ်က မီးပွား​တွေ လွှတ်ထုတ်လိုက်တာကိုလည်း မြင်လိုက် ရတယ်။ မိမိတို့ဘက်မှ ချစ်ရဲဘော်​တွေ ပစ်ခတ်လိုက်တဲ့ သုံးလက်မ စိန်ပြောင်း​တွေကြောင့် ရန်သူ့တောင်ကုန်းမှာ မီးလုံး​တွေ တဖွားဖွား ပေါက်ကွဲနေတာကိုလည်း မြင်နေရတယ်။ မနေ့က တိုက်စစ်၊ ယနေ့တော့ ခံစစ်နဲ့ ထိုးဖောက်လာတဲ့ ဆင်ဆိုးကို အစွယ်ကျိုး‌အောင် သတ်ရတော့မယ်။

ရန်သူ​တွေက သူတို့အတွက် မြေအနေအထား သာလွန်ကောင်းမွန်တဲ့ မျက်နှာစာဘက်က ဖိအားပေးပြီး တိုက်နေကြတယ်။ ရန်သူနေရာယူထားတဲ့ တောင်ကုန်းနဲ့ မိမိတို့ခံစစ်ကုန်းကို ဆက်နေတဲ့ တောင်ကြောဟာ ရန်သူဘက်မှ တဖြည်းဖြည်း နိမ့်ဆင်းလာပြီး မိမိဘက်ကို တဖြည်းဖြည်းမြင့်တက်လာတဲ့အတွက် အင်အားသာတဲ့ ရန်သူအတွက် အသာစီးရတဲ့ ချဉ်းကပ်ရာ လမ်းပဲဖြစ်ပါတယ်။ မိမိတို့ နေရာယူထားတဲ့နေရာကို ရန်သူဘက်ကကြည့်ရင် လွယ်ကူစွာ လှံစွပ် ထိုးချေမှုန်းနိုင်မယ်လို့ ထင်ရပေမယ့် တကယ်တော့ မိမိတို့ ကတုတ်ကျင်းများက ၁၀ ပေခန့်မြင့်တဲ့ ကမ်းပါးပေါ်တွင် ရှိနေတဲ့အတွက် ဒင်းတို့ ချက်ချင်းတက်နိုင်စွမ်းမရှိတဲ့ မြေအနေအထားပဲ ဖြစ်ပါတယ်။

နေရောင်ခြည်ရောက်လို့ မိုးပန်း​တွေ ပျောက်တဲ့အချိန်မှာ ရန်သူတို့ အနေအထားကို သဲကွဲစွာ မြင်လာရတယ်။ မနေ့က အထိနာသွားတဲ့ ရန်သူဟာ ရရာစစ်ကူ​တွေကို စုစည်းလာပုံရတယ်။ မိမိတို့အင်အားနဲ့ ဆယ်ဆမက များပြားနေတဲ့ လူလှိုင်းကြီးများကိုလည်း အတိုင်းသား မြင်နေရတယ်။

သားချင်း​တွေ မြေပေါ်ကို မတရားကျူးကျော်နေကြရုံမျှမက တရားသောစစ်နဲ့ ကာကွယ်တာကိုပင် ဒင်းတို့က ရပိုင်ခွင့်တစ်ခုအနေနဲ့ ဒီနယ်မြေကို လက်မလွှတ်ချင်ကြ။ တရားသဖြင့် ဝင်ရောက် နေရာယူခဲ့ကြတဲ့ မိမိတို့တပ်ကိုပင် အစိမ်းလိုက်ဝါးစားတော့မယ့်အတိုင်း လူအားနဲ့ ဝါးမျိုဖို့ ကြိုးစားလို့နေကြပြန်တယ်။

ဒီတိုက်ပွဲဖြစ်စဉ်ကြောင့် လွန်ခဲ့တဲ့အတိတ်က အရိပ်များကို ပြန်ပြောင်းလို့ မြင်ယောင်မိပြန်တယ်။ ကုန်းဘောင်ခေတ် ဘိုးဘေးဘီဘင်​တွေဟာ ထိုမတရားသော စစ်အတွက် အသက်ပေးပြီး ခုခံ တိုက်ခိုက်ခဲ့ကြတာ ဒီနယ်မြေမှာပဲဖြစ်ပါတယ်။ မင်းရဲသီဟသူ၊ ဗလမင်းထင်နဲ့ စံလှကြီးတို့ဆိုရင် တစ်ဖက်ရန်သူ​တွေပင် လေးစားရတဲ့အထိ သူရသတ္တိပြောင်မြောက်ခဲ့ကြကြောင်း ရံဖန်ရံခါ မိဘ​တွေရဲ့ ပြောစကားကို ကြားယောင်လာမိတယ်။

တရားသောစစ်ကို ဆင်နွှဲဖို့ပဲဖြစ်

စစ်ပညာသင်ယူစဉ်က ဆရာတို့ရဲ့စကားကိုလည်း ကြားယောင်လာပြန်တယ်။ “ငါတို့ တပ်မတော်ဟာ တိုင်းတစ်ပါးကို ကျူးကျော်ဖို့ မဟုတ်ဘူး။ အမိနိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးစော်ကား လာတဲ့ ရန်သူကို ခုခံကာကွယ်ဖို့ပဲ ဖြစ်တယ်။ တစ်နည်းအားဖြင့် တရားသောစစ်ကို ဆင်နွှဲဖို့ပဲဖြစ်တယ်။ ဒါကြောင့် ငါတို့ရဲ့မြေကို တစ်လက်မတောင် အထိမခံနဲ့၊ အသေခံတိုက်ကြ၊ ကျူးကျော်လာတဲ့ ရန်သူမှန်သမျှကို အမြစ်ပါမကျန်အောင် တိုက်ထုတ်မယ်၊ ရဲဘော်တို့၊ ရဲဘော်ဆိုတာ ရဲဘော်မသေ သေသော်ငရဲမလားဘူး တဲ့။

မိမိတပ်ရဲ့ လက်ရှိအခြေအနေကတော့ စတင်အထိုးခံလိုက်ရတဲ့ လက်ဝှေ့သမားလိုပဲ၊ အံကြိတ်ကာ တိမ်းရှောင်ရင်း ရန်သူကို ပြန်လှန်ထိုးသတ်ဖို့ ကြိုးစားနေရတဲ့ အခြေအနေပဲဖြစ်ပါတယ်။

လူနာနဲ့ လူကောင်းတိုက်ရတဲ့ပွဲ

လင်းအရုဏ်တိုက်ပွဲကို စနစ်တကျဆင်နွှဲနိုင်ခဲ့တဲ့ ရန်သူအဖို့ တစ်ပန်းသာနေတယ်။ စတင်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး၊ လက်နက်ငယ်​တွေရဲ့ ပစ်အား​တွေဟာ ဘယ်ညာလက်သီး စုံပစ်သွင်းနိုင်တဲ့ လက်ဝှေ့သမားလို အသာစီးရသွားခဲ့ပါတယ်။ မိုင် ၂၀၀ ကျော် ခရီးကို သုံးရက်ကျော်ခြေကျင်ချီတက်ပြီး အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရတဲ့အတွက် စစ်သည်​တွေ စစ်ပန်းနေကြတယ်။ ဒီအချိန်ကို အခွင့်ကောင်းယူပြီး တန်ပြန်တိုက်ခိုက်ကြခြင်း ဖြစ်ပါတယ်။ မနေ့က အထိနာလို့ ဆုတ်ခွာသွားတဲ့ ရန်သူတွေအစား အားသစ်အင်သစ်အပြည့်ရှိတဲ့ ရန်သူများက ယနေ့ ထိုးစစ်ဆင်နေတဲ့အတွက် လူနာနဲ့ လူကောင်းတိုက်ရတဲ့ပွဲပါပဲ။

ယနေ့တော့ ဗိုလ်ချုပ်အောင်ဆန်း တပ်ထွက်မိန့်ခွန်းနဲ့အညီ ဗမာပီပီ၊ ဗမာ့သွေးကိုပြရမယ့် နေ့ပင်။ ရဲဘော်​တွေက အားသစ်စိတ်သစ်ကိုမွေးပြီး ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေကြတယ်။ အခြေအနေပေးရင် ခံစစ်မှထိုးစစ်သို့ပြောင်းနိုင်ဖို့ ကြိုးပမ်းနေကြတယ်။ ဒဏ်ရာရတဲ့ ရဲဘော်​တွေကလည်း မညည်းညူကြ။ မီးတောင်ပေါက်ကွဲစဉ်က ပွန်ပေမြို့ကြီးနဲအတူ ချော်ရည်အောက် ရောက်သွားတဲ့ ရောမစစ်သည်​တွေလို ဘေးအန္တရာယ်မှန်သမျှကို ကြံ့ကြံ့ခံနေကြတယ်။

မိမိတို့ရှေ့တန်းခံစစ်စည်းကို ချိုးဖောက်ဖို့ တက်လာတဲ့ ရန်သူဟာလည်း ရှေ့တန်းက ပြိုကျသွားတဲ့ ရန်သူအလောင်းများအပေါ် ကျော်ကျော်ပြီး လှိမ့်တက်နေကြတယ်။ ဒါပေမယ့် မိမိတို့ဘက်က ကျည်အားနဲ့ တားထားခြင်းကြောင့် အလောင်းချင်းထပ်လို့သာ နေတော့တယ်။

ရန်သူရဲ့ ချဉ်းကပ်မှုကလည်း နီးကပ်လာ

စစ်ပွဲကြာညောင်းလာတာနဲ့အမျှ မိမိဘက်က ပစ်အားတွေ ယုတ်လျော့လာပြီ။ ရန်သူရဲ့ ပစ်အားက များလို့များလို့လာနေကြတယ်။ ရန်သူရဲ့ ချဉ်းကပ်မှုကလည်း ပိုလို့ပိုလို့ နီးကပ်လာနေတယ်။ မိမိတို့ရဲ့ ခံစစ်ကုန်းဟာလည်း မီးဟုန်းဟုန်းတောက်လောင်ကာ ရှေ့တန်းခံစစ်စည်းလည်း ကျိုးပဲ့ပျက်စီးကုန်လေပြီ။ မိမိအပါအဝင် ရဲဘော်​တွေလည်း ဒဏ်ရာလွတ်သူမရှိကြတော့။ မိမိအဖို့ ကံကောင်းလို့ ခြေလက်အကောင်းကျန်ပြီး ရန်သူကို ပစ်ခတ်နိုင်ပေမယ့် အချို့ရဲဘော်များ မလှုပ်ရှားနိုင်တော့။

ရန်သူရဲ့ စစ်နည်းဗျူဟာက ပထမပိုင်းပစ်အားနဲ့ ချေမှုန်းခဲ့တယ်။ ဒုတိယကျည်ကွယ်၊ မျက်ကွယ်ယူပြီး ချဉ်းကပ်လာကြတယ်။ တတိယ အဆင့်အနေနဲ့ လှံစွပ်ထိုးဖို့ လက်ပစ်ဗုံးနဲ့ ချေမှုန်းနေကြပြီ။ မိမိတို့ ယခုအချိန်အထိ ကံကောင်းနေသေးတာက ရန်သူအနေနဲ့ မိမိတို့ ကုန်းကို တက်ဖို့ အနည်းငယ်နက်ရှိုင်းတဲ့ ကမ်းပါးက ခံပေးလို့ပင်။

ထိုကမ်းပါးကို တက်နိုင်ပြီးပါက မိမိတို့ရဲ့ ခံစစ်စည်းကို အလွယ်တကူပင် သိမ်းပိုက်နိုင်ကြတော့မယ်။ လက်ရှိအခြေအနေက မိမိတို့ ရှေ့တန်းပစ်အားကို ရန်သူရဲ့ ပစ်အားက ဦးနှိမ်ထားပြီး ကျသွားတဲ့ ရဲဘော်​တွေရဲ့ ကျင်းနှုတ်ခမ်းမှ သေနတ်ပြောင်းများကို ကမ်းပါးအောက်မှ ရန်သူများက လှမ်းဆွဲနေကြတယ်။

သူတို့အပေါ်က မိမိတို့နေရာယူထားတဲ့ကျင်းထဲကို လက်ပစ်ဗုံး တစ်လုံးပြီးတစ်လုံး ပစ်ထည့်နေကြတယ်။ မိမိရဲ့ ကျင်းထဲကိုကျလာတဲ့ လက်ပစ်ဗုံး​တွေကိုလည်း ရန်သူ့ထံပြန်ပစ်ဖို့ အချိန်မရလို့ ကောက်ပစ် နေရပြန်တယ်။

ရှေ့တူရူမှ ရန်သူ့စက်ကလည်း မိမိအား သဲသဲမဲမဲ ဒုက္ခပေးနေတယ်။ မျက်နှာချင်းဆိုင်မှ ကျည်ဆန်က မိမိထံ ဖြောင့်တန်းစွာဝင်လာသလိုပဲ၊ မိမိရဲ့စက်သေနတ်က ကျည်များကိုလည်း ရန်သူ့ထံ တန်ပြန်လွှတ်နေရတယ်။

ခက်တာကအောက်မှ လက်ပစ်ဗုံးနဲ့ လှမ်းလှမ်းဒုက္ခပေးနေတဲ့ ရန်သူကို အပေါ်စီးပစ်ခတ်ရန်က ရပ်ပြီးပစ်မှဖြစ်မယ်။ ထရပ်ဖို့ မဆိုထားနဲ့ ကျင်းနှုတ်ခမ်းပေါ် ခေါင်းပေါ်တာနဲ့ ခေါင်းပြတ်ပါသွားနိုင် တယ်။ ဒါကြောင့် လက်လှမ်းမီရာကို ပြန်လှန်ပစ်ခတ်နေရုံမှအပ ဘာမှမတတ်နိုင်ခဲ့။

လက်ထဲတွင်ပဲ ပေါက်ကွဲသွားတော့တယ်

ဒီအချိန်မှာတော့ တိုက်ပွဲကို တစ်ချိန်လုံးကွပ်ကဲနေတဲ့ ဖခင် တပ်ရင်းမှူးကြီးအနေနဲ့ ရရာအင်အားကို စုစည်းပြီး မိမိတို့ထံ အမြန်လာရောက်ကူညီနိုင်ပါစေလို့ပဲ ဆုတောင်းနေမိတယ်။ ကမ်းပါးယံ အောက်က ရန်သူအချို့ကလည်း ပစ်အားကောင်းနေတဲ့ မိမိရဲ့ စက်သေနတ်ပြောင်းကို လှမ်းလို့ပင် ဆွဲနေပြန်တယ်။ ဒီအချိန် လက်ပစ်ဗုံး တစ်လုံးလောက်ရရင် ဘယ်လောက်ကောင်းမလဲလို့ စိတ်ထဲကဖြစ်မိတယ်။ လာပြန်ပြီ ကျင်းထဲသို့ လက်ပစ်ဗုံးတစ်လုံး၊ နှစ်လုံး၊ သုံးလုံး၊ ဆက်တိုက် ကျလာတဲ့လက်ပစ်ဗုံးများကို အားရှိသလောက် ကောက်ပစ်ခဲ့သော်လည်း တတိယအလုံး အကောက်တွင် မြက်ဖုတ်ကို ရောဆုပ်မိတဲ့အတွက် လက်ထဲတွင်ပဲ ပေါက်ကွဲသွားတော့တယ်။

ခေတ္တမျှ အံ့အားသင့်ပြီး နားလည်းမကြားရ။ မျက်စိလည်းမမြင်ရ။ မီးခိုးရှင်းအောင် အောင့်အည်းသည်းခံနေချိန်မှာ အပါယ်သား ရန်သူများက မိမိအား ဝိုင်းထားကြလေပြီ။ သေပြီအထင်နဲ့ မဆင်မခြင် ကတုတ်ကျင်းနှုတ်ခမ်း ရပ်လာကြတဲ့ ရန်သူ​တွေကို ရှိသမျှအားဖြင့် စက်ကလေးမောင်းခလုတ်ကို တအားကုတ်ဆွဲလိုက်ရတယ်။ ကျင်းနှုတ်ခမ်းမှ ကျွမ်းပြန်ကျသွားတဲ့ ရန်သူ​တွေကို အားယူကာ စက်ကိုပိုက်ပြီး လိုက်ပစ်နေစဉ်မှာပဲ ရှေ့တူရူမှ ရန်သူ့ကျည် နှစ်တောင့်က မိမိရဲ့ ခန္ဓာတွင်းသို့ ဖောက်ထွင်းလို့သွားကြပြန်တယ်။ ရန်သူ့ကျည်နှစ်တောင့်ရဲ့ ဆောင့်တွန်းလိုက်တဲ့ အားကြောင့် မိမိကျင်းအတွင်းသို့ နောက်ပြန်ဆင်းလိုက်ရတယ်။ တစ်ချိန်လုံး ထွေးပိုက်ပြီး တိုက်ပွဲဝင်ခဲ့တဲ့ ချစ်ရဲဘော် စက်သေနတ်လည်း ရန်သူ့ကျည်ဒဏ်ကြောင့် အစိတ်စိတ် ကျိုးပဲ့ပျက်စီးလို့သွားပေပြီ။

အမိနိုင်ငံတော်ရဲ့ မြေပေါ်ကို ကျူးကျော်လာတဲ့ ရန်သူမှန်သမျှကို အမြစ်ပါမကျန်အောင် တိုက်ခိုက်မယ်ဆိုတဲ့ သန္နိဋ္ဌာန်နဲ့ အားမာန်တွေ တင်းထားခဲ့ပေမယ့် ထိမှန်ထားတဲ့ ဒဏ်ရာတွေကြောင့် အတန်တန်အံကြိတ်ပြီး စိတ်ကိုတင်းထားပေမယ့် ဒူးညွတ်လို့သွားလေပြီ။ ဘေးကအမှီအတွယ်တွေကိုလည်း မြင်နိုင်စွမ်းမရှိတော့။ အားတင်းထားတဲ့ကြားက ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ဖုံးလို့ သွားခဲ့လေပြီ။

ပူနွေးသော မျက်ရည်ပေါက်​တွေရဲ့ ထိတွေ့မှုကြောင့် သတိတစ်ဖန် ပြန်ရချိန်မှာတော့ ဖခင်ရဲ့ရင်ခွင်တွင်းမှာ ပွေ့ဖက်ခြင်းခံထားရတာကို သိလိုက်ရတယ်။ ဖခင်တပ်ရင်းမှူးကြီးရဲ့ ဒေါမာန်တကြီး အော်ပြီး အမိန့်ပေးနေတဲ့ အသံကလည်း “ခွေးမျိုးကျူးကျော်ကောင် တွေ၊ တို့မြေကို တစ်လက်မမှ မပေးနဲ့၊ ကျည်ဆန်ကုန်ရင် သေနတ်နဲ့ ရိုက်၊ သေနတ်ကျိုးရင် ခြေနဲ့ကန်ထုတ်ကြဟု ပြင်းထန်သော အမိန့်သံ က ကောင်းကင်ယံကို လျှံထွက်နေတယ်။

ဒီအသိကြောင့် တစ်ချိန်လုံး သဲသဲမဲမဲ ကျွဲရိုင်းတစ်ကောင်ပမာ ဆိုးသွမ်းစွာ ဖိတိုက်နေတဲ့ ရန်သူဟာ အရန်အင်အားကိုသုံးပြီး စနစ် တကျ ထိုးစစ်ဆင်လိုက်တဲ့ ဖခင်ရဲ့ စစ်နည်းဗျူဟာကြောင့် မရှုမလှ ထွက်ပြေးကြရလေပြီဟု သိလိုက်မိတယ်။

တစ်ချိန်တည်းမှာပဲ ဟိုတုန်းက မိဘစကားတစ်ဆင့်သာ ကြားဖူးတဲ့ သူရဲကောင်း မင်းရဲသီဟသူ၊ ဗလမင်းထင်နဲ့ စံလှကြီးတို့ကို ယခုတော့ မျက်ဝါးထင်ထင် တွေ့မြင်နေရတဲ့အလား ဖခင်တပ်ရင်းမှူးကြီးရဲ့ မျက်နှာအသွင်အပြင်ကို မြင်နိုင်သော စွမ်းအားဖြင့် ကြိုးစားပြီး ကြည့်နေမိတယ်။

ဖခင်အနေနဲ့ အဘယ်မှာလျှင် ရတက်အေးနိုင်ပါ့မလဲ

ကျွန်တော့ရဲ့ အကြည့်ကို ဖခင်က မချိပြုံးဖြင့် “ငါ့သား မသေနိုင် ပါဘူး၊ အားတင်းထားပါ၊ မကြာခင် လေယာဉ်လာပါလိမ့်မယ်တဲ့။ ဒါပေမယ့် ကျွန်တော့်ရုပ်အဆင်းက မသေမီကပင် ဘဝပြောင်းနေတဲ့ အတွက် ဖခင်အနေနဲ့ အဘယ်မှာလျှင် ရတက်အေးနိုင်ပါ့မလဲ။

လက်ထဲမှာကွဲသွားတဲ့ ဗုံးဆန်​တွေဟာ မျက်နှာ၊ လည်ပင်းနဲ့ ရင်ဘတ်တို့မှာ ပြန့်ကြဲစွာစူးဝင်နေခြင်းကြောင့် သွေးချင်းချင်းရဲနေတယ်။ ကျည်ဆန်ရာ နှစ်ပေါက်က အောက်သို့စီးကျနေတဲ့ သွေး​တွေကလည်း ပိတ်ထားသော ဖခင်ရဲ့လက်ကြားမှ တအားယိုစီးလို့နေကြတယ်။ ဒီအဖြစ်ကို မြင်နေရတဲ့ ဖခင်အနေနဲ့ မိမိကိုအားတင်းခိုင်းရ သော်လည်း စက္ကန့်ပိုင်းအတွင်း သူ့အားခွဲခွာသွားတော့မှာပါလား ဆိုတဲ့ အသိကြောင့် မချိတင်ကဲဖြစ်နေပုံရတယ်။ ဒါကြောင့် သူ့မျက်ရည်ပေါက်တွေက မိမိရဲ့ပါးပေါ်သို့ တွဲလွဲခိုခုန်ဆင်းနေကြဆဲပင်။

ရှိသမျှအားကို စုစည်း၍ ဖခင်တပ်ရင်းမှူးကြီးရဲ့ မျက်နှာကို နောက်ဆုံးအနေနဲ့ကြည့်ရင်း ရှေးသူရဲကောင်းတို့ဟာ သေငယ်ဇောနဲ့ ​မျောမနေလိုကြ။ ရတဲ့အချိန်မှာ ဘုရား၊ တရား၊ သံဃာ တည်းဟူသော ရတနာမြတ်သုံးပါးကို အာရုံပြုတတ်ကြတယ်ဟု မိဘတို့ပြောစကားကို ကြားယောင်လာပြန်တယ်။ ဒါကြောင့် ရတနာမြတ်သုံးပါးကို အာရုံပြုပြီးနေမိတယ်။ တစ်ချိန်တည်းမှာပဲ မိဘဆရာ​တွေရဲ့ “ရဲဘော်တို့၊ ရဲဘော်ဆိုတာ ရဲဘော်မသေ သေသော်ငရဲမလားဘူး ဆိုတဲ့ အသံတွေကိုလည်း ကြားယောင်လို့နေမိပြန်တယ်။

ဘာပဲဖြစ်ဖြစ် လူ့ဘဝတစ်သက်တာမှာ ကိုယ့်ငန်းကိုယ့်တာ ကျေခဲ့ပြီမို့ ဘဝဆိုတာ “ရေပွက်ပမာ တစ်သက်လျာတည်း ဟူသောအသိနဲ့ “ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏ အသက်ကို စွန့်လွှတ်ရန် ဟုသာ အဓိဋ္ဌာန်ပြုလိုက်ပါရဲ့။

(ရှေ့တန်းရောက်စစ်သည်များကို ဤဆောင်းပါးဖြင့် ဂုဏ်ပြုပါ၏)

(ဤဆောင်းပါးသည် (၉ - ၁၀ - ၁၉၈၃) ရက်နေ့ထုတ် ဗိုလ်တထောင်သတင်းစာတွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ယခု ပြန်လည်ဆန်းသစ်​ဖော်ပြခြင်း ဖြစ်ပါသည်။)

မြေဆီလွှာ