ရဲနွယ်ချောင်းရေဖြင့် သီးထပ်စိုက်ပျိုးနိုင်သည့်ဧရိယာများ ဖော်ဆောင်မည်
ပဲခူးရိုးမမှ မြစ်ဖျားခံစီးဆင်းလာသော ရဲနွယ်ချောင်း၊ ဘိုင်းဒါးချောင်းတို့သည် ညောင်လေးပင်မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းကာ စစ်တောင်းမြစ်အတွင်း စီးဝင်သွားသည်။ ရိုးမကို မြစ်ဖျားခံစီးဆင်းလာသော မြစ်ချောင်းများ၏ ရေချိုအရင်းအမြစ်ကို အလဟဿမဖြစ်စေဘဲ စိုက်ပျိုးရေးအတွက် အကျိုးရှိရှိအသုံးချသွားနိုင်ရန် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနသည် စီမံဆောင်ရွက်ခဲ့ရာ ရဲနွယ်ရေလှောင်တမံကို (၂၀၀၆-၂၀၀၇)ခုနှစ်တွင် လည်းကောင်း၊ ဘိုင်းဒါးချောင်းတွင် ဘိုင်းဒါးရေလှောင်တမံကို (၂၀၀၂-၂၀၀၃)ခုနှစ်တွင်လည်းကောင်း အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည်။
ညောင်လေးပင်မြို့နယ်သည် စပါး၊ ပဲမျိုးစုံအပါအဝင် သီးနှံမျိုးစုံ စိုက်ပျိုးထွက်ရှိပြီး လက်ရှိမိုးစပါးစိုက်ဧက ၁၃၅၇၀၃ ဧက၊ နွေစပါးစိုက်ဧက ၇၆၃၆ ဧကရှိကြောင်း ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ရာသီပတ်လုံးရေရှိတဲ့ ရဲနွယ်ချောင်းရေ
“ဒီဒေသတွေမှာ စပါး၊ ပဲမျိုးစုံ အပါအဝင် သီးနှံမျိုးစုံစိုက်ပျိုးတယ်။ ဒီလိုစိုက်ပျိုးတဲ့အခါ တစ်သီးစား တင်မကဘဲ တောင်သူတွေ သီးထပ်စိုက်နိုင်အောင် ကျွန်တော်တို့ဌာနအနေနဲ့ ဆောင်ရွက်သွားမယ့်အစီအမံတွေ ရှိပါတယ်။ ရဲနွယ်ရေလှောင်တမံ တည်ဆောက်ပြီးစီးခဲ့ပေမယ့် ရေသောက်စနစ်တစ်ခုလုံး အပြည့်အဝမပြီးစီးသေးပါဘူး။ အခုကတော့ ရဲနွယ်ချောင်းရေနဲ့ ညောင် လေးပင်မြို့နယ်အတွင်းမှာ စိုက်ပျိုးနိုင်ဖို့ Quick Win အနေနဲ့ ဆောင်ရွက်တာပါ။ ရာသီပတ်လုံး ရေရှိတဲ့ ရဲနွယ်ချောင်းရေကိုအသုံးပြုပြီး စိုက်ပျိုးရေပေးနိုင်ဖို့ တမံမြှင့်ပိတ်မယ်။ ဒီကနေ အောင်းကြီး-၂ ချောင်းကို ပြန်တူးပြီး အောင်းကြီး-၂ ချောင်းဧရိယာတွေ နွေသီးနှံစိုက်နိုင် အောင် ရေပေးသွားမှာပါ” ဟု ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး က ပြောသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေး လုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်သည့် မြေသယံဇာတများနှင့် စိုက်ပျိုး ရေအတွက်လည်း မြစ်ချောင်းအင်းအိုင်များစွာကို ပိုင်ဆိုင်ထားပြီးဖြစ်သည့်အတွက် စိုက်ပျိုးမြေများတွင် တစ်သီးစားကိုသာ စိုက်ပျိုးနိုင်ရုံဖြင့် ကျေနပ်နေ၍မရဘဲ သီးထပ်စိုက်ပျိုးနိုင်ရေး ကြိုးပမ်းကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လမ်းညွှန်မှာကြားထားသည်။
မြန်မာနိုင်ငံအတွင်းရှိ မြစ်ချောင်းများ၏ စုစုပေါင်းစီးဆင်းရေပမာဏသည် ဧကပေသန်းပေါင်း ၈၇၀ ခန့်ရှိသော်လည်း ဧကပေသန်းပေါင်း ၃၀ ခန့်သာ အသုံးပြုနိုင်ပြီး ကျန်ဧက ပေသန်းပေါင်း ၈၃၀ ခန့်မှာ ပင်လယ်ထဲသို့ စီးဝင်သွားကြောင်း သိရှိရသည်။
သီးထပ်စိုက်ပျိုးရေရရှိရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုစွမ်းအား
ထို့ကြောင့် တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးဒေသများအတွက် အလျင်အမြန် အချိန်တိုအတွင်း အကျိုးရှိ စေမည့် သီးထပ်စိုက်ပျိုးရေရရှိရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုစွမ်းအား မြင့်တက် လာစေရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် စိုက်ပျိုးရေးအတွက် အလားအလာရှိသည့် ရေချိုအရင်းအမြစ် တိုးတက်သုံးစွဲသွားနိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်။
“ကျွန်တော်တို့ဘက်မှာ စပါးစိုက်ဧက ၅၀၀၀ လောက်ရှိတယ်။ ကျွန်တော်က လယ်ဧက ၄၀ လောက် ရှိပါတယ်။ လက်ရှိမှာတော့ မိုးစပါးနဲ့ ပဲစိုက်ပျိုးတာများပါတယ်။ တောင်သူတွေကတော့ ရေမျှော်တာပေါ့။ ၁၉၉၂ ခုနှစ်ဝန်းကျင်က လုပ်ပေးထားတာ ရှိတယ်။ အဲဒီအချိန်က အောင်မြင်တယ်။ ဒါပေမဲ့ အောင်းကြီးချောင်းက ပြန်ပိတ်သွားတော့ တောင်သူတွေက ကိုယ်ထူကိုယ်ထ မလုပ်နိုင်ကြဘူး။ အခုလိုပြန်ပြီး ဆောင်ရွက်ပေးမယ်ဆိုတော့ နွေစပါး၊ မိုးစပါး၊ ဆောင်းသီးနှံဆိုပြီး သီးထပ် စိုက်ပျိုးနိုင်ပြီ”ဟု ညောင်လေးပင်မြို့ သံတံတားကျေးရွာမှ ဦးခင်ဝင်းက ပြောသည်။
သီးထပ်စိုက်ပျိုးခြင်းသည် စိုက်ပျိုးမြေတွင် သီးနှံနှစ်မျိုး သို့မဟုတ် နှစ်မျိုးထက်ပို၍ တစ်နှစ်တာအတွင်း သီးနှံတစ်ခုရိတ်သိမ်းပြီး နောက်သီးနှံတစ်ခုကို ထပ်မံစိုက်ပျိုးခြင်းဖြစ်သည်။ မိုးစပါး-ကုလားပဲ-နွေစပါး၊ မိုးစပါး-မြေပဲ-နွေနှမ်း စသည်ဖြင့် စိုက်ပျိုးသည့် သုံးသီး စိုက်သီးနှံပုံစံနှင့် မိုးစပါး-ချည်မျှင် ရှည်ဝါ၊ မိုးစပါး-နေကြာ၊ မိုးစပါး-မြေပဲ စသည်ဖြင့် စိုက်ပျိုးသည့် နှစ်သီးစိုက် သီးနှံပုံစံတို့သည် တောင်သူများ စိုက်ပျိုး မှုများသည့် သီးနှံပုံစံဖြစ်သည်။
ညောင်လေးပင်မြို့နယ်အတွင်း သီးထပ်စိုက်ပျိုးရေရရှိရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုစွမ်းအား မြင့်တက်လာစေရေးအတွက် အောင်းကြီး-၂ ချောင်းဧရိယာနှင့် ဇီးဖြူဘုရားရိုးဧရိယာ နွေစပါးစိုက်ပျိုးရေရရှိရေးလုပ်ငန်းများကို တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်သွားမည်ဖြစ်သည်။
“အောင်းကြီး - ၂ ချောင်းဧရိယာ စီမံကိန်းဆောင်ရွက်ပေးခြင်းအားဖြင့် ညောင်လေးပင် မြို့နယ်အတွင်းက ချောင်းရင်း၊ ကညင်နှစ်ပင်၊ အောင်းကြီးနဲ့ စီပင်ကျေးရွာအုပ်စုတွေက လယ်မြေတွေအတွက် မိုးစပါးအောင်ရေနဲ့ နွေစပါး သီးထပ်ဧရိယာ ၃၅၀၀ ကျော်ကို အကျိုး ရှိစေမှာဖြစ်ပါတယ်”ဟု ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။
အောင်းကြီး - ၂ ချောင်း ဧရိယာနွေစပါးစိုက်ပျိုးရေ ရရှိရေးလုပ်ငန်းတွင် ရေရယူမည့် ရဲနွယ်ချောင်းပေါ်၌ ယာယီချောင်းပိတ်ဆည် ပြုလုပ်ခြင်း၊ အောင်းကြီး -၂ ချောင်းကို ရေပေးဝေ နိုင်စေရန် အလျား ၁ ဒသမ ၇၀ မိုင် ပြန်လည်တူးဖော်ခြင်းလုပ်ငန်းများ ပါဝင်သည်။
နွေစပါးဧက ၄၀၀၀ ခန့်ကို သီးထပ်စိုက်ပျိုးသွား
ထို့အတူ ဇီးဖြူဘုရားရိုးဧရိယာ နွေစပါးစိုက်ပျိုးရေ ရရှိရေးလုပ်ငန်းတွင် ဇီးဖြူဘုရားရိုးကို အလျား ၂ ဒသမ ၀၈ မိုင် ပြန်လည်တူးဖော်မည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ပေးခြင်းဖြင့် ညောင်လေးပင်မြို့နယ် ဇီးဖြူဘုရား ကျေးရွာအုပ်စုမှ မိုးစပါးစိုက်ပျိုးသည့် ဧရိယာများကို ရေကြီးနစ်မြုပ်မှု လျော့ပါးသက်သာစေမည်ဖြစ်ပြီး နွေစပါးစိုက်ပျိုး ရာသီတွင် တိုက်ရိုက်ရေရယူနိုင်သည့် ဧရိယာ ဧက ၁၀၀၀ နှင့် တောင်သူများ၏ ကိုယ်ထူကိုယ်ထ ရေအနိမ့်တင်စနစ် (Low Lift)ဖြင့် ဧက ၃၀၀၀ စုစုပေါင်း နွေစပါးဧက ၄၀၀၀ ခန့်ကို သီးထပ် စိုက်ပျိုးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့က မိုးစပါးစိုက် တယ်။ ပဲစိုက်တယ်။ သီးနှံကတော့ မျိုးစုံစိုက်တယ်။ ကျွန်တော်တို့နယ်က ရာသီပတ်လုံး စိုက်ပျိုးချင်ကြတယ်။ အခုလို နွေစပါးပါ စိုက်ပျိုးနိုင်အောင် ချောင်းရေပိတ်ပြီး ဆောင်ရွက်ပေးမယ်ဆိုတော့ ပိုအဆင်ပြေတာပေါ့။ တောင်သူအတွက် နွေရာသီစိုက်ဖို့ပါ ရေရရှိမယ်ဆိုတော့ စိတ်ဝင်စားမှုရှိကြတယ်”ဟု ညောင်လေး ပင်မြို့မှ တောင်သူ ဦးမောင်ရွှေဆန်းက ပြောသည်။
ညောင်လေးပင်မြို့နယ်အတွင်း သီးထပ်စိုက်ပျိုးရေရရှိရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုစွမ်းအား မြင့်တက်လာစေရေးအတွက် အထက်ဖော်ပြပါ လုပ်ငန်းနှစ်ခုကို ဆောင်ရွက်ခြင်းဖြင့် နွေစပါး စိုက်ဧရိယာဧက ၇၅၀၀ ခန့်ကို အကျိုးရှိစေမည်ဖြစ်ပြီး အဆိုပါဧရိယာများအတွင်းရှိ တောင်သူများအနေဖြင့် မိုးစပါး-ပဲ- နွေစပါးသီးနှံပုံစံဖြင့် သုံးသီး စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးဧကတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ဘေးတိုက်တိုးချဲ့ရေးအပြင် ဒေါင်လိုက်တိုးချဲ့နိုင်ရေးအတွက် တစ်သီးစိုက်သည့် ဧရိယာများတွင် နှစ်သီးစိုက်ပျိုးနိုင်ရေး၊ နှစ်သီးစိုက်သည့် ဧရိယာများတွင် သုံးသီးတိုးတက်စိုက်ပျိုးနိုင်ရေးကို တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပဲခူးခရိုင် ကဝမြို့နယ် မုဒုကျေးရွာအုပ်စုအတွင်း မုဒုရိုးတူးဖော်ခြင်း လုပ်ငန်းစီမံကိန်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် စတင်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ ယခုနှစ်တွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနသည် မုဒုရိုး ခုနစ်မိုင် တူးဖော်ခြင်းနှင့် ချောင်းပိတ်လုပ်ငန်း စီမံကိန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းပြီးစီးပါက နွေစပါးသီးနှံကို ပဲခူး-စစ်တောင်းတူးမြောင်းရေအား မုဒုရိုးအတွင်းသွင်းယူ၍ နွေစပါးဧက ၁၁၄၀ ကို တတိယသီးနှံအဖြစ် စိုက်ပျိုးသွားနိုင်မည်ဖြစ်သည်။
တိုင်းဒေသကြီးအတွင်း အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ရေလှောင်တမံများတွင် ရေဝင်ရောက်မှု သိသာစွာနည်းပါးပြီး စိုက်ပျိုးနိုင်မည့် ဧရိယာများ လျော့နည်းသွားခြင်းကို ကုစားနိုင်ရန်အတွက် ရေအရင်းအမြစ်များအား နည်းလမ်းပေါင်းစုံဖြင့် ထိန်းသိမ်းနိုင်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
သို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မြေပြင်တွင်ဖြစ်နိုင်သည့် ရေအရင်းအမြစ် အခြေအနေများကို ကွင်းဆင်းကြည့်ရှုမှု များစွာပြုလုပ်ခဲ့ရာ ပဲခူးခရိုင် သနပ်ပင်မြို့နယ် ကျိုက်ပဒိုင် ကြီးကျေးရွာရှိ လယ်သမားတာပေါ်တွင် ရေသွင်းရေထုတ် ရေတံခါးတည်ဆောက်ပေးပါက ရေကိုလိုအပ်သလို ထိန်းသိမ်းနိုင်ပြီး ဒေသခံတောင်သူများသည် နွေစပါးနှစ်သီး တိုးချဲ့စိုက်ပျိုးနိုင်မည်ကို တွေ့ရှိရသည်။
နွေစပါးသီးထပ်စိုက်ဧက ၂၀၀၀ ကျော်
သို့အတွက် ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနသည် ကျိုက်ပဒိုင်ကျေးရွာ လယ်သမားတာတွင် ၆ ပေ x ၁၂ ပေ ရေတံခါး နှစ်ပေါက် တည်ဆောက်ပေး သွားမည်ဖြစ်သည်။ ထိုသို့ တည်ဆောက်ပြီးပါက မိုးရာသီမြစ်ရေကြီးမှုကို ရေတံခါးပိတ်၍ ကာကွယ်နိုင်ပြီး မိုးအကုန်တွင် ကွင်းရေများ လွယ်ကူစွာ ထုတ်နိုင်ရေးအတွက် ရေတံခါးဖွင့်၍ လျင်မြန်စွာ လျှော့ချနိုင်မည်ဖြစ်သဖြင့် နွေစပါး သီးထပ်စိုက်ဧက ၂၀၀၀ ကျော်ကို နှစ်ခါစိုက်ပျိုးနိုင်ကာ တိုင်းဒေသကြီး အနောက်ဘက်ခြမ်းရှိ လျော့နည်းသွားမည့် နွေစပါးစိုက်ဧရိယာများကို အထိုက်အလျောက် အစားထိုးဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။
ထို့အပြင် တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနသည် တိုင်းဒေသကြီးအတွင်း၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ရေချိုအလေအလွင့် မရှိစေရေးအတွက် မြေသားယာယီချောင်းပိတ်/မြောင်းပိတ် လုပ်ငန်း ၂၅ ခု၊ အကျိုးပြုဧက ၇၉၉၅ ဧကအပြင် အယ်လ်နီညိုရာသီဥတု အတွက် မိုးရေကြိုတင်သိုလှောင်မည့် အစီအမံအဖြစ် ယာယီချောင်းပိတ် ၃၁ ခု၊ နွေစပါး၊ မိုးစပါး၊ ဆောင်းသီးနှံများအတွက် စုစုပေါင်းအကျိုးပြုဧက ၁၈၈၇၀ တို့ကို စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံကဲ့သို့ စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံအတွက် စိုက်ပျိုးရေးကိုအခြေခံ၍ ကုန်ထုတ်စွမ်းအားမြင့်မားအောင်၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။ ထို့ကြောင့် တောင်သူများ၏ စိုက်ပျိုးရေးအတွက် စိုက်ပျိုးရေရရှိရေး ကြံဆောင်ကြိုးပမ်းရာတွင် ပေါများလှသည့် မြစ်ရေ၊ ချောင်းရေ ရေချိုအရင်းအမြစ်များကို တိုးတက်အသုံးပြုနိုင်အောင် ဆောင်ရွက်ခြင်းဖြင့် တောင်သူစီးပွားပွားများအောင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဖော်ဆောင်သွားမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။
မြတ်သူ