အွန်လိုင်းလိမ်လည်မှု သတိပြုပါ
ယခုတစ်လောတွင် အွန်လိုင်းလိမ်လည်မှုများ ပိုမိုမြင့်မားလာလျက်ရှိသကဲ့သို့ ဖမ်းဆီးရမိသည့် သတင်းများကိုလည်း သတင်းစာများတွင် မကြာခဏ ဖတ်ရှုရပါသည်။ Analytics Insight ၏ ၂၀၂၃ ခုနှစ် နှစ်ဆန်းမှတ်တမ်းများအရ ကမ္ဘာတစ်ဝန်း အွန်လိုင်းပေါ်၌ လိမ်လည်လှည့်ဖြားမှု အများဆုံး ကျူးလွန်သည့် ၁၀ နိုင်ငံမှာ အစဉ်လိုက်အားဖြင့် နိုင်ဂျီးရီးယား၊ ဂါနာ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ရိုမေးနီးယား၊ ရုရှား၊ တောင်အာဖရိက၊ ယူကရိန်းနှင့် အမေရိကန်ပြည်ထောင်စုတို့ဖြစ်သည်ဟု ဆိုသည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အွန်လိုင်းပေါ်ကျူးလွန်သည့် ပြစ်မှုအမျိုးအစားများမှာ မတူညီကြပေ။ ယေဘုယျအားဖြင့် ငွေကြေးလိမ်လည်မှု၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လိမ်လည်မှု၊ အလုပ်အကိုင်လိမ်လည်မှု၊ နည်းပညာပံ့ပိုးမှုဆိုင်ရာ လိမ်လည်မှု၊ အချစ်ရေးဆိုင်ရာ လိမ်လည်မှု၊ ထီလိမ်လည်မှုတို့ဖြစ်သည်။ ရုရှားလိမ်လည်သူများသည် ဖြားယောင်းမှု ဆော့ဝဲလ်တိုက်ခိုက်မှုနှင့် အထောက်အထားခိုးယူမှုများကို အဓိကကျူးလွန်လေ့ရှိပြီး အမေရိကန်တွင်မူ ဖြားယောင်းမှု၊ အထောက်အထားခိုးယူမှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လိမ်လည်မှုက အများဆုံးဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် ယင်းပြဿနာများကို ဖြေရှင်းနိုင်ရန် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေကြရဆဲဖြစ်သည်။
ငွေကြေးဆိုင်ရာလိမ်လည်မှု
မြန်မာနိုင်ငံတွင် အဖြစ်အများဆုံးမှာ ငွေကြေးဆိုင်ရာလိမ်လည်မှုဖြစ်သည်။ အရေးယူနိုင်သည့် ဥပဒေအများအပြားရှိသော်လည်း ယင်းကိစ္စမျိုးသည် သာမန်ရာဇဝတ်မှုများကဲ့သို့ သက်သေခံ အထောက်အထား ရှာဖွေဖော်ထုတ်ရန် မလွယ်ကူသဖြင့် အရေးယူရာတွင် အခက်အခဲများရှိနေတတ် သည်။ အမှုတည်ဆောက်နိုင်ရေးအတွက် လိုအပ်သည့် သက်သေအထောက်အထား ပြည့်စုံစွာရရှိရန် ခက်ခဲခြင်း၊ ဆုံးရှုံးသည့်ငွေကြေးနှင့် တရားစွဲဆိုရန် ကုန်ကျစရိတ်မကာမိခြင်း၊ နစ်နာသူများအနေဖြင့် တရားရုံးများသို့ သွားရောက်လိုစိတ် နည်းပါးခြင်း စသည့် အခြေအနေအရပ်ရပ်တို့ကလည်း ငွေကြေး လိမ်လည်သူများအတွက် အခွင့်အလမ်းသဖွယ် ဖြစ်နေသည်။ အွန်လိုင်းမီဒီယာများပေါ်၌ လတ်တလော ခေတ်စားလျက်ရှိသော ချေးငွေလုပ်ငန်းများစွာရှိသည့်အနက် သတိပြုရှောင်ရှား သင့်သော အန္တရာယ်ရှိ ချေးငွေလုပ်ငန်း ၃၅ မျိုးကို ဆက်သွယ်ခြင်းမပြုလုပ်ကြရန် စားသုံးသူရေးရာ ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
ဒေါင်းလုတ်မဆွဲသင့်သော အက်ပလီကေးရှင်း ၃၅ ခု၏ လိုဂိုများကို ဂူဂဲလ်ပလေးစတိုးတွင် ပိတ်ပင် ထားပြီး အကယ်၍ အဆိုပါ အက်ပလီကေးရှင်းများအား ဒေါင်းလုတ်ဆွဲလိုက်ပါက မြန်မာကျပ်ငွေ ဖြင့် စတင်ငွေချေးနိုင်ကာ မိမိချေးယူလိုက်သည့် ငွေပမာဏ၏ ၇၅ ရာခိုင်နှုန်းကို စတင်လွှဲပို့မည် ဖြစ်ကြောင်း၊ ငွေမလွှဲမီ မိမိထံမှ ၎င်းတို့တောင်းဆိုထားသည့် အချက်ခုနစ်ချက်ကို စတင်ပေးပို့ရမည် ဖြစ်ပြီး တရားမဝင် ချေးငွေလုပ်ငန်းများ အသုံးပြုသည့် အက်ပလီကေးရှင်းများတွင် အင်စတော ပြုလုပ်ရန်အတွက် ပေးရသည့် ပါမစ်ရှင် အသုံးပြုသူများကို ထိခိုက်စေနိုင်သည့်အပြင် ၎င်းတို့ တောင်းသောဓာတ်ပုံများကို ပေးမိပါက မိမိကိုယ်တိုင်မသိလိုက်ဘဲ ဓာတ်ပုံနှင့် ဗီဒီယိုများကို ရယူသွားနိုင်ကြောင်း သိရသည်။ မျက်မှောက်ကာလ လူအများ၏ နေ့စဉ်ဘဝတွင် အင်တာနက် အသုံးပြုမှုများပြားလာသည်နှင့်အမျှ အွန်လိုင်းလိမ်လည်မှုများ၏ သားကောင်ဖြစ်နိုင်ခြေသည် ယခင်ကထက် ပိုမိုမြင့်မားလာသဖြင့် ကမ္ဘာလုံးဆိုင်ရာပြဿနာဖြစ်လာသည်။ ထို့ကြောင့် အစိုးရ အသီးသီးနှင့် သက်ဆိုင်ရာဌာနများ၏ အွန်လိုင်းပေါ်မှ အန္တရာယ်များအပေါ် မည်သို့ရှောင်ရှားရမည်ကို အသိပေးလမ်းညွှန်မှုများသည် အွန်လိုင်းသုံးစွဲသူများ လုံခြုံမှုရှိစေရေးအတွက် အကောင်းဆုံးနည်းလမ်းများဖြစ်သည်။
အင်တာနက်ငွေကြေးလိမ်လည်မှုတွင် လူကုန်ကူးခံရ
ဖိလစ်ပိုင်နိုင်ငံ၌ အင်တာနက်မှ ငွေကြေးလိမ်လည်မှုလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်သည့် မြန်မာနိုင်ငံသားများကို ကယ်တင်၍ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူခြင်းသတင်းကို မေလ ၃၁ ရက်နေ့ ည ရုပ်မြင်သံကြားသတင်းနှင့် ဇွန်လ ၁ ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။ ဖိလစ်ပိုင်နိုင်ငံ ပစ်ပန်ဂါပြည်နယ် မာဘလာကတ်မြို့ရှိ Clark Sun Valley Hub ၌ ပြုလုပ်ခဲ့သည့် လူကုန်ကူးမှုတိုက်ဖျက်ရေးတွင် ဖိလစ်ပိုင်ရဲတပ်ဖွဲ့က စစ်ဆင်ရေးပြုလုပ် ကယ်ထုတ်ခဲ့ရာ နိုင်ငံပေါင်းစုံမှ နိုင်ငံသား ၁ဝ၉ဝ ခန့် တွေ့ရှိခဲ့ရပြီး မြန်မာနိုင်ငံသား ၃၉ ဦး ပါဝင်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက သံတမန်စာဖြင့် မြန်မာသံရုံးသို့ ၂၀၂၃ ခုနှစ် မေလ ၅ ရက်နေ့တွင် အကြောင်းကြားခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံရှိ မြန်မာသံရုံး ယာယီတာဝန်ခံနှင့် ကောင်စစ်အရာရှိတို့က အထက်ပါမြန်မာနိုင်ငံသားများ ပါဝင်နေသည့်ကိစ္စနှင့်စပ်လျဉ်း၍ သွားရောက်တွေ့ဆုံခဲ့ရာ အင်တာနက်ငွေကြေးလိမ်လည်မှု (Online Scam) တွင် လူကုန်ကူးခံရ၍ ကယ်တင်ခံထားရသည့် မြန်မာနိုင်ငံသား ၃၉ ဦးနှင့် တွေ့ဆုံ စိစစ်မေးမြန်းခြင်းများ ပြုလုပ်ခဲ့သည်။ ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား ၃၉ ဦးအနက် ပထမအသုတ်အဖြစ် လူ ၂၀ သည် မြန်မာနိုင်ငံသံရုံး၏ စီစဉ်ပေးမှုဖြင့် ၂၀၂၃ ခုနှစ် မေလ ၂၈ ရက်နေ့တွင် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများကကြိုဆို၍ လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် လူကုန်ကူးမှုပပျောက်စေရေးအတွက် လူကုန်ကူးမှုတိုက်ဖျက်ရေး ဆိုင်ရာစီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး ဆိုင်ရာ စတုတ္ထ(၅)နှစ် စီမံကိန်းကာလမှာ ၂ဝ၂၂ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ဖြစ်သည်။ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ် စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့အနေဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ထိရောက်စွာ အကောင်အထည်ဖော်လျက်ရှိသည်။ လူကုန်ကူးခံရသူများတွင် သတင်းအမှားများဖြင့် လိမ်လည်လှည့်ဖြားခံရခြင်းမှာ တူညီသောအဓိကအချက်ဖြစ်သည်။ လိမ်လည်လှည့်ဖြားလိုသူ လူကုန်ကူးသမားများသည် ပြောင်းလဲတိုးတက်နေသော အင်တာနက် နည်းပညာများကိုအသုံးပြု၍ လူသစ်စုဆောင်းမှုများ ပြုလုပ်လာကြသည်။ အလုပ်အကိုင်အခွင့်အလမ်းများ၊ မက်မောဖွယ်ငွေကြေးများဖြင့် ဆွဲဆောင်စည်းရုံးကာ လူကုန်ကူးမှုကို ကျူးလွန်နေကြသည်။ နိုင်ငံခြားသားများအနေဖြင့် ကွန်ပျူတာ၊ နည်းပညာနှင့် ဆက်စပ်သည့် အလုပ်လုပ်ကိုင်ရန် အွန်လိုင်းမှတစ်ဆင့် လစာကောင်းသည့် အလုပ်ရမည်ဟု ပြောဆိုစည်းရုံး၍ လိမ်လည်ခေါ်ဆောင်မှု များကို ပြည်သူများအနေဖြင့် လုံးဝယုံကြည်မှုမရှိရန် အကြိမ်ကြိမ် သတင်းထုတ်ပြန် အသိပေးလျက် ရှိသည်။
အွန်လိုင်းအသုံးပြုလိမ်လည်နည်းများကို သင်ကြားပေး
ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိသွားခဲ့သော မြန်မာနိုင်ငံသားများမှာ facebook တွင် ကြော်ငြာထားသည့် Leap Group Co.,Ltd. နှင့် Colorful Group Co.,Ltd. တို့၏ ဝက်ဘ်ဆိုက်မှ တစ်လလျှင် ပီဆို ၃ဝဝဝဝ မှ ၇ဝဝဝဝ အထိလည်းကောင်း၊ တရုတ်ယွမ်ငွေ ၄၀၀၀ မှ ၈၀၀၀ အထိလည်းကောင်း အရည်အချင်းအပေါ်မူတည်၍ ရရှိမည်ဟု အလုပ်ခေါ်ယူသည့် ကြော်ငြာစာများ တွေ့ရှိသဖြင့် အွန်လိုင်းမှ လျှောက်ထားခဲ့ကြသည်။ Online Interview ဖြင့် အင်္ဂလိပ်စာနှင့် ကွန်ပျူတာကျွမ်းကျင်မှုကို စစ်ဆေးခံရပြီး အောင်မြင်သဖြင့် အလုပ်ခေါ်စာနှင့်လေယာဉ် လက်မှတ်ကို အွန်လိုင်းမှပေးပို့၍ ရရှိခဲ့ကြသည်။ ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်ခဲ့ရာ လေဆိပ်တွင် အမည်မသိသူများက လာရောက်ကြိုဆိုပြီး ခေါ်ဆောင်သွားခဲ့သည်။ ကုမ္ပဏီတွင် နှစ်ရက်၊ သုံးရက်ခန့် စမတ်ဖုန်းနှင့် ကွန်ပျူတာတို့မှ အွန်လိုင်းအသုံးပြုလိမ်လည်နည်းများကို သင်ကြားပေးသည်။ အလုပ်ချိန်မှာ နေ့စဉ်နံနက် ၁ဝ နာရီမှ ည ၁ဝ နာရီအထိ လုပ်ကိုင်ကြရသည်။ အွန်လိုင်းမှ လိမ်လည်စည်းရုံးခေါ်ယူသူမရရှိလျှင် အချိန်ပို နှစ်နာရီမှ သုံးနာရီအထိ နေ့စဉ် ထပ်မံအလုပ်ဆင်းရသည်။
လုပ်ခလစာမှာလည်း ပထမလတွင်သာ သတ်မှတ်ထားသည့်အတိုင်း ရရှိသော်လည်း နောက်လများတွင် အကြောင်းအမျိုးမျိုးပြကာ ငွေကြေးဖြတ်တောက်သည်။ အချို့မှာ လစာလုံးဝ မရသူများရှိသည်။ နားရက်မှာလည်း တစ်ပတ်တွင် တစ်ရက်သာအနားရရှိသည်။ လိမ်လည်သူများမှာ ကုမ္ပဏီကြီးများဟန်ဆောင်၍ ကြော်ငြာများဖြင့် လစာကောင်းပေးမည်ဟု ခေါ်ယူသော်လည်း လုပ်ငန်းခွင်သို့ ရောက်ရှိသည့်အခါ တစ်ရက်လျှင် ၁၄ နာရီစေခိုင်းပြီး အကျပ်ကိုင်ခြိမ်းခြောက်မှုများ ပြုလုပ်သည်။ ငွေချေးပေးသူဟုဆိုပြီး အွန်လိုင်းတွင် Apps များ ဒေါင်းလုတ်ရယူခိုင်းကာ ကိုယ်ရေး အချက်အလက်များရယူ၍ ခြိမ်းခြောက်ငွေညှစ်မှုများကို ကြုံတွေ့ရခြင်းများရှိနေကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူများ၏ ပြောကြားချက်များအရ သိရသည်။
စားသုံးသူရေးရာဦးစီးဌာနကလည်း ချေးငွေလုပ်ငန်းအမည်ခံထားပြီး ခြိမ်းခြောက်မှုများ ပြုလုပ် နေသည့် အန္တရာယ်ရှိ Apps ၃၅ မျိုးကို အသိပေး ထုတ်ပြန်ထားသည်။ အဆိုပါ လိမ်လည်ခြိမ်းခြောက် နေသည့် Application များမှာ Pegion ၊ Sun Cash ၊ Morning Cash ၊ Happy Cash ၊ Cash Tree ၊ Easy Wallet ၊ Fast Cash ၊ Sky Cash ၊ MM Finance ၊ Money Bag ၊ Cash Woo ၊ U Finance ၊ Lone M ၊ Lxora Cash ၊ Cash Now ၊ Kind Cash ၊ Kyat Wave ၊ Money Bag ၊ Quick Kyat အစရှိသည်တို့ဖြစ်ပြီး အဆိုပါ Application များသည် ၂၀၂၂ ခုနှစ် ကတည်းကပင် လိမ်လည်မှုများကြောင့် နာမည်ပျက်နှင့်ကျော်ကြားနေသည်ဟု စားသုံးသူရေးရာဦးစီးဌာနက အသိပေးထားသည်။ အဆိုပါ Apps များကို ဒေါင်းလုတ်ပြုလုပ်မိပါက ဖုန်းအတွင်း မှတ်သား ထားသည့် Contact တွင်ရှိ အဖေ သို့မဟုတ် အမေ သို့မဟုတ် မိန်းမထံ ဆင်းကတ်မျိုးစုံဖြင့် ဖုန်းဆက်၍ ပြဿနာရှာခြင်း၊ ညစ်ညမ်းယုတ်ညံ့စွာ ဆဲဆိုခြင်းများ ခံရနိုင်သည့်အပြင် Facebook Account ၊ Telegram Account အစရှိသည်တို့နှင့်လည်း ၎င်းတို့၏ အကောင့်အတုများဖြင့် အသရေ ဖျက်လာနိုင်ကြောင်း၊ မိသားစု၊ ချစ်သူ၊ သမီးရည်းစား ဓာတ်ပုံ/ဗီဒီယိုများ၏ အချက်အလက်များကိုပါ ရရှိသွားနိုင်သည့်အပြင် Black mail(ငွေညှစ်ခြင်း)များ ဖြစ်ပေါ်လာနိုင်ကြောင်း သတင်းစာများတွင် ထုတ်ပြန်ထားသည်။
ငွေချေးလုပ်ငန်းများနှင့် သံသယဖြစ်ဖွယ် ကြော်ငြာများကို အထူးသတိပြုရှောင်ရှား
မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များနှင့် ပြည်သူများအနေဖြင့် လူပုဂ္ဂိုလ်၊ ကုမ္ပဏီအား သိရှိခြင်းမရှိဘဲ ဆက်သွယ်လာမှုများကို ယုံကြည်မှုမရှိကြပါရန်နှင့် အမျိုးသမီးငယ်များအနေဖြင့် အလုပ်လျှောက်ထားရာတွင် အလုပ်ခေါ်ယူသည့် ကုမ္ပဏီများနှင့် ပတ်သက်၍ မှန်ကန်မှု၊ ခိုင်မာမှုရှိ၊ မရှိကို နားလည်တတ်ကျွမ်းသူများ၊ အတွေ့အကြုံရှိသူများထံ မေးမြန်းစိစစ်ပြီး သေချာမှ သွားရောက်လုပ်ကိုင်သင့်သည်။ ကုမ္ပဏီအတုအယောင်များဖြင့် အွန်လိုင်းလိမ်လည်သည့် လုပ်ငန်းများစွာရှိနေသဖြင့် အဆိုပါလိမ်လည်မှုများတွင် ဖမ်းဆီးခံရပါက သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေအရ ဖမ်းဆီးချုပ်နှောင်ခြင်း၊ တရားရုံးပြစ်ဒဏ်ချမှတ်ခြင်းများခံရမည် ဖြစ်သည်။ ဥပဒေနှင့်မညီသော လုပ်ငန်းများတွင် သွားရောက်လုပ်ကိုင်ခြင်းမရှိစေရေး သတိပြု ဆောင်ရွက်ကြပါရန် အထူးအရေးကြီးပေသည်။ အွန်လိုင်းပေါ်မှ မက်လုံးပေး ကြော်ငြာသော ငွေအပ်နှံရန် ဖိတ်ခေါ်မှုများ၊ ချေးငွေရရှိရန် အလွန်လွယ်ကူသော ငွေချေးလုပ်ငန်းများနှင့် သံသယ ဖြစ်ဖွယ် ကြော်ငြာများကို အထူးသတိပြု ရှောင်ရှားကြရန်နှင့် သက်ဆိုင်ရာက ထုတ်ပြန်ထားသော အွန်လိုင်းသုံးစွဲသူများ လုံခြုံမှုရှိစေရေး သတိပေးချက်များကို အလေးထားလိုက်နာကြရန် လိုအပ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။
အောင်ထက်လင်း (ကြိမ်ချောင်း)