သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ပေါ်ထွန်းလာစေရေး
ကျော်နိုင်ဦး (ပတ်ဝန်းကျင်)
ယနေ့ (၂၁) ရာစုခေတ်လူငယ်တွေဟာ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာနဲ့အတွေးအခေါ်တွေ၊ ဖြစ်ပေါ်တိုးတက်မှုတွေ၊ အခက်အခဲနဲ့စိန်ခေါ်မှုတွေကို စူးစမ်းလေ့လာလိုစိတ်၊ သိရှိနားလည်သင်ယူလိုစိတ်၊ ထိန်းသိမ်းစောင့်ရှောက်လိုစိတ်တွေ များစွာရှိလာနေကြပြီ ဖြစ်ပါတယ်။
သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ(Clean and Green Schools)နဲ့ စိမ်းလန်းသော ကျောင်းပညာရေးအစီအစဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဟာ ပညာရေးကဏ္ဍမှာ တိုးတက်ပြောင်းလဲမှုတွေကို မလွဲမသွေတွေ့မြင်ခံစားနိုင်မှာဖြစ်ပါတယ်။ အခြေခံပညာရေးစနစ်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဆွေးနွေးမှုတွေလုပ်ဆောင်ရင်း ကျယ်ပြန့်တဲ့ ပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှုတွေ လုပ်ဆောင်နိုင်ပါက ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် များစွာအထောက်အပံ့ဖြစ်စေမှာ ဖြစ်ပါတယ်။
နိုင်ငံတကာရှိ Eco School များ
၁၉၈၁ ခုနှစ်က စတင်ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး ပတ်ဝန်းကျင်ဆိုင်ရာပညာရေးအဖွဲ့ဖြစ်တဲ့ Foundation for Environmental Education (FEE) က Eco Schools တွေကို စတင် မိတ်ဆက်ခဲ့တာဖြစ်ပြီး ၁၉၉၂ ခုနှစ်က ရီယိုဒီဂျနေးရိုး မြို့မှာကျင်းပခဲ့တဲ့ ကုလသမဂ္ဂပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ညီလာခံရဲ့ ဆွေးနွေးချက်အချို့အပေါ်အခြေခံပြီး Eco Schools တွေ စတင် ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ဒိန်းမတ်နိုင်ငံမှာ Eco Schools အစီအစဉ်တွေကို ၁၉၉၄ ခုနှစ်က စတင်ခဲ့ပါတယ်။ နိုင်ငံတကာမှာ အမည်အမျိုးမျိုးပေးထားကြသော်လည်း အများစုကတော့ Green Schools လို့ လက်ခံသတ်မှတ်ထားကြပါတယ်။ မြန်မာနိုင်ငံမှာ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ(Clean and Green Schools)လို့ ခေါ်ဆိုကြပါတယ်။ အိုင်ယာလန်နိုင်ငံမှာဆိုရင် စိမ်းလန်းသော ကျောင်းပညာရေးအစီအစဉ်ကို ၁၉၉၇ ခုနှစ်ကတည်းက စတင်မိတ်ဆက်ခဲ့ပြီး Green School ပေါင်း ၃၀၀၀ ကျော် မှတ်ပုံတင်ဖွင့်လှစ်ထားရှိကာ စာသင်ကျောင်းအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းဟာ စိမ်းလန်းသောကျောင်းများအဖြစ် ရပ်တည်နေကြပြီဖြစ်ပါတယ်။ အဲဒီနိုင်ငံမှာ စိမ်းလန်းသောအလံဆု (Green Flag) ကို ကျောင်းပေါင်း ၁၄၀၀ သို့ ပေးအပ်ချီးမြှင့်နိုင်ခဲ့ပြီး ကမ္ဘာပေါ်မှာအအောင်မြင်ဆုံးဆောင်ရွက်မှုလို့ ဆိုရမှာဖြစ်ပါတယ်။ ယခုအခါ ကမ္ဘာ့နိုင်ငံပေါင်း ၆၈ နိုင်ငံ၌ Eco School ကျောင်းပေါင်း ၅၉၀၀၀ ရှိနေပြီဖြစ်ပါတယ်။ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်တဲ့ ပညာရေးစနစ်ရရှိဖို့ အထောက်အပံ့ပေးတဲ့ အစီအစဉ်တစ်ခုအနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေကြတာဖြစ်ပါတယ်။
နိုင်ငံတကာတွင် စိမ်းလန်းသော ကျောင်းများအတွက် အထောက်အပံ့ပေးမှုများ
စီးပွားရေးလုပ်ငန်းတွေ၊ ကုမ္ပဏီကြီးတွေ၊ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံလာတဲ့ ကုမ္ပဏီတွေက စိမ်းလန်းသောကျောင်းတွေအတွက် လှူဒါန်းငွေတွေ ထည့်ဝင်ပံ့ပိုးခြင်း၊ စာချုပ်ချုပ်ဆိုပြီး တစ်နှစ်စာ ရန်ပုံငွေတာဝန်ယူပေးခြင်းစတာတွေကို နိုင်ငံတကာမှာ ကျင့်သုံးလုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။ ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေးအဖွဲ့များက စိမ်းလန်းသောကျောင်းတွေအတွက် အသုံးပြုတဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍကို ထောက်ပံ့ပေးတာမျိုးလည်း တွေ့ရှိလာပါတယ်။ စိမ်းလန်းသောကျောင်းတွေမှာ ပို့ချမယ့်သင်ခန်းစာအကြောင်းအရာတွေကို အကြံပေးထောက်ပံ့ပေးတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အေဂျင်စီတွေလည်း များစွာတွေ့ရှိလာရပါတယ်။ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေကလည်း ၎င်းတို့တည်ထောင်ထားတဲ့ ရန်ပုံငွေများစွာထဲမှ စိမ်းလန်းသောကျောင်းရဲ့ ကျောင်းလှုပ်ရှားမှုတွေ ဆောင်ရွက်နိုင်ဖို့ ရန်ပုံငွေတွေ ခွဲဝေထောက်ပံ့ပေးလျက်ရှိကြပါတယ်။
မြန်မာနိုင်ငံ C&G School များ၏အစ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနဲ့ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Pestalozzi Children’s Foundation (PCF) တို့ ပူးပေါင်းပြီး ၂၀၁၈ ခုနှစ် မေ ၂ ရက်က နေပြည်တော် သင်္ဂဟဟိုတယ်မှာ National Inception Workshop on Development of Eco School Guideline in Myanmar ခေါင်းစဉ်နဲ့အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကျင်းပခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၂ ရက်မှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းတွေကို ရေရှည်ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက် အခြေခံလုပ်ငန်းအဖြစ် အခြေခံပညာကျောင်းတွေမှာ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းတွေဖော်ဆောင်ဖို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။ ရည်ရွယ်ချက်တွေကတော့ အခြေခံပညာကျောင်းတွေမှာ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာဗဟုသုတတွေနဲ့ လှုပ်ရှားမှုတွေ ပိုမိုမြှင့်တင်နိုင်ဖို့၊ သန့်ရှင်းတဲ့ပတ်ဝန်းကျင်မှာ ဆရာ ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူတွေ ကျန်းမာစွာပညာသင်ယူပို့ချနိုင်ဖို့၊ သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းတွေ ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေး လုပ်ငန်းတွေအပေါ် အထောက်အပံ့ဖြစ်စေဖို့၊ အစိုးရဌာနတွေ၊ ပုဂ္ဂလိကနဲ့ လူမှုအဖွဲ့အစည်းတွေအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်မှုနဲ့ အလေ့အကျင့်ကောင်းတွေ ကို ရေရှည်ဆောင်ရွက်သွားနိုင်မယ့် Platform တစ်ခု ပျိုးထောင်ပေးနိုင်ဖို့၊ Clean and Green School Award ဆုတွေ ပေးအပ်ချီးမြှင့်ပြီး အခြေခံပညာ ကျောင်းတွေဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ညီညွတ်တဲ့ကျောင်းများအဖြစ် အသွင်ပြောင်းရပ်တည်လာစေဖို့၊ အနာဂတ်လူငယ်တွေအတွက် ပတ်ဝန်းကျင်ဆိုင်ရာအလေ့အထကောင်းတွေ၊ အတွေးအမြင်တွေ စိမ့်ဝင်ပျံ့နှံ့လာပြီး ပတ်ဝန်းကျင် စိမ်းလန်းသန့်ရှင်းသာယာလှပရေးအတွက် အထောက်အကူ ပြုနိုင်ဖို့စတာတွေပဲ ဖြစ်ပါတယ်။
သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းအင်္ဂါရပ်များ
သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းတွေမှာ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှုရှိပြီး ဆိုးကျိုးမဖြစ်ပေါ်စေတဲ့ အလေ့အကျင့်ကောင်းတွေရှိဖို့လိုအပ်ပါတယ်။ စွန့်ပစ်အမှိုက်တွေကို ခွဲခြား စွန့်ပစ်တဲ့စနစ်လည်းရှိရမှာဖြစ်ပါတယ်။ ရေ၊ မီး အစရှိတဲ့ စွမ်းအင်တွေကို ချွေတာသုံးစွဲပြီး ထိရောက်စွာ အသုံးပြုတတ်ဖို့လည်း အရေးကြီးပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အကျင့်ကောင်းတွေ စီစဉ်ဆောင်ရွက်ထားနိုင်ရမှာဖြစ်ပါတယ်။ အမျိုးအစားစုံလင်တဲ့ သစ်ပင်၊ ပန်းပင်၊ သီးပင်စားပင်တွေနဲ့ စိမ်းလန်းစိုပြည်ပြီး သန့်ရှင်းတဲ့ပတ်ဝန်းကျင်တစ်ခု ဖြစ်ပေါ်လာစေဖို့ စီမံထားရှိဖို့လည်း လိုပါတယ်။ ကျောင်းဝင်းနဲ့ စာသင်ခန်းတွေအားလုံးဟာ အမှိုက်သရိုက်ကင်းစင်ရှင်းလင်းနေရမှာ ဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူတွေက ဒေသနဲ့လိုက်လျောညီထွေရှိတဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ တီထွင်ဆန်းသစ်မှုတွေ ပြုလုပ်တတ်ဖို့လည်းလိုပါတယ်။ ရပ်ရွာပြည်သူလူထုကို ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ရမှာဖြစ်ပါတယ်။ ကျောင်းအခြေပြုပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုတွေမှာ ကျောင်းသားမိဘတွေနဲ့ ရပ်ရွာလူထုက ပူးပေါင်းပါဝင်ဆောင်ရွက်မှုရှိကြရမှာဖြစ်ပါတယ်။ ပတ်ဝန်းကျင်ကိုအကျိုးပြုတဲ့ အလေ့အကျင့်ကောင်းတွေ ပိုမိုဖြစ်ထွန်းလာစေဖို့ အခြေခံပညာကျောင်းတွေအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ကြဖို့လည်း လိုအပ်ပါတယ်။ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းတွေဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းတွေ လုပ်ဆောင်ကြတဲ့အခါ ရပ်ရွာအခြေပြု အဖွဲ့အစည်းတွေ၊ အစိုးရဌာနအဖွဲ့အစည်းတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ပူးပေါင်းပါဝင်လာနိုင်အောင် စီစဉ်ထားရှိရမှာဖြစ်ပါတယ်။
သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆုများပေးအပ်ခြင်း
မြန်မာနိုင်ငံတစ်ဝန်းမှာ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ပေါ်ထွန်းလာစေဖို့ ရည်ရွယ်ချက်နဲ့ အမျိုးသားအဆင့်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု (National Clean and Green School Award) ချီးမြှင့်ခြင်းအစီအစဉ်နဲ့ တိုင်းဒေသကြီး/ပြည်နယ်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု(State/Regional National Clean and Green School Award) ချီးမြှင့်ခြင်းအစီအစဉ်တွေကို ၂၀၁၉ ခုနှစ်ကစပြီး နှစ်စဉ် ဇွန်လ ၅ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွေမှာ ထည့်သွင်းပေးအပ်ချီးမြှင့်လျက်ရှိပါတယ်။ အမျိုးသားအဆင့် ဆုရရှိတဲ့ကျောင်းတွေအနေနဲ့ အာဆီယံမှာ လေးနှစ်တစ်ကြိမ် ကျင်းပပြုလုပ်လျက်ရှိတဲ့ ASEAN Eco Schools Award ရရှိဖို့အတွက် ဆက်လက်ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။
အခြေခံစံနှုန်းနှင့် အညွှန်းကိန်းများ
ASEAN Guidelines on Eco Schools ကို အခြေခံကာ မြန်မာနိုင်ငံမှာ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပညာရေးဝန်ကြီးဌာနနဲ့ PCF အဖွဲ့တို့ ပူးပေါင်းပြီး သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများဆိုင်ရာ အခြေခံစံနှုန်းလေးခုနဲ့ အညွှန်းကိန်း ၁၇ ခု သတ်မှတ်ထားရှိခဲ့ပြီး ဖြစ်ပါတယ်။ သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းဆုယှဉ်ပြိုင်လျှောက်ထားတဲ့ အခြေခံပညာကျောင်းတွေအနေနဲ့ အဲဒီအခြေခံစံနှုန်းနဲ့ အညွှန်းကိန်းပါ လိုက်နာရမယ့် အချက်တွေကို ပြီးပြည့်စုံအောင် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်းရှိ အခြေခံပညာကျောင်းအားလုံးဟာ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းတွေအဖြစ် ဖွံ့ဖြိုးတိုးတက်လာစေဖို့ နှစ်စဉ် အလေးထား ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ပြီး Clean and Green School Award ဆုတွေ ပေးအပ်ချီးမြှင့်ပေးခြင်းအားဖြင့်လည်း အခြေခံပညာကျောင်းတွေဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ညီညွတ်သောကျောင်းတွေအဖြစ် အသွင်ပြောင်းရပ်တည်လာနိုင်မှာ အသေအချာပဲဖြစ်ပါတယ်။ Clean and Green School တွေ အောင်မြင်စွာဖော်ဆောင်နိုင်ပါက အနာဂတ်ရဲ့ခေါင်းဆောင်တွေဖြစ်တဲ့ မျိုးဆက်သစ်ကျောင်းသားလူငယ်တွေအနေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အလေ့အထကောင်းတွေ၊ အတွေးအမြင်တွေ စိမ့်ဝင်ပျံ့နှံ့လာမှာဖြစ်ပြီး ပတ်ဝန်းကျင်စိမ်းလန်းသန့်ရှင်း သာယာလှပရေးအတွက် များစွာအထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုကျောင်းတွေ ဆက်လက်ပေါ်ထွန်းလာစေဖို့ အစိုးရဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနဲ့ ပြည်သူလူထုက အခြေခံပညာကျောင်းတွေနဲ့ အတူ ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းရေးသားတင်ပြအပ်ပါတယ်။ ။