ဆီးချိုသွေးချိုအန္တရာယ်ကာကွယ်ဖို့၊ ကိုယ်တိုင်သိရှိ ဆင်ခြင်စို့
ပါမောက္ခဒေါက်တာကိုကို
ဆီးချိုသွေးချိုကာကွယ်ထိန်းသိမ်းရေးစီမံချက်
ကမ္ဘာပေါ်တွင် ဆီးချိုသွေးချိုရောဂါသည် ကပ်ရောဂါတစ်ရပ်အနေဖြင့် ဖြစ်ပွားလျက်ရှိသော ပြည်သူ့ကျန်းမာရေး အဓိကပြဿနာတစ်ရပ်ဖြစ်ပါသည်။ ဆီးချိုသွေးချိုရောဂါကြောင့် ခန္ဓာကိုယ်၏ သွေးကြောငယ်များထိခိုက်ကာ ကျောက်ကပ်ပျက်စီးခြင်း၊ မျက်စိကွယ်ခြင်း၊ အာရုံကြောများပျက်စီး၍ ခြေလက် ထုံနာကျင်နာဖြစ်ခြင်း၊ ဆီးချိုနှင့် ယင်း၏ဆက်နွှယ်နေသော သွေးတိုး၊ သွေးတွင်း အဆီဓာတ်များခြင်းတို့ကြောင့် သွေးကြောကြီးများထိခိုက်ကာ လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ ခြေထောက်ဖြတ်ရခြင်းတို့ ခံစားရပါသည်။ ထို့အပြင် ဆီးချိုသွေးချိုရောဂါသည် အခြားမကူးစက်နိုင်သောရောဂါများဖြစ်သည့် လေဖြတ်လေငန်းရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောရောဂါများနှင့် နှလုံးအားနည်းရောဂါ၊ ကျောက်ကပ်ရောဂါတို့နှင့် တွဲဖြစ်လျက်ရှိသည်ကို တွေ့ရပါသည်။
ဆီးချိုသွေးချို ဖြစ်ပွားမှုအခြေအနေ
အပြည်ပြည်ဆိုင်ရာဆီးချိုအဖွဲ့ချုပ်(IDF)၏ ၂၀၂၁ ခုနှစ်တွင်ထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်းများအရ ကမ္ဘာပေါ်တွင် အသက်(၂၀)မှ (၇၉)နှစ်အရွယ်အတွင်း ဆီးချိုသွေးချိုဖြစ်ပွားနေသူ ၅၃၇ သန်း ရှိပြီး လူ ၁၀ ဦးလျှင်တစ်ဦးတွင် ဆီးချိုသွေးချိုရောဂါရှိနေသည်ကို တွေ့ရပါသည်။ ထက်ဝက်နီးပါးခန့်သည် မိမိတွင် ဆီးချိုသွေးချိုရောဂါ ရှိလို့ရှိမှန်းမသိကြသည်ကို တွေ့ရှိရပါသည်။ ဆီးချိုသွေးချိုရောဂါအပါအဝင် အခြားနာတာရှည်မကူးစက်နိုင်သော ရောဂါအမျိုးမျိုးသည် ကမ္ဘာနှင့်အဝှမ်းဖြစ်ပွားသူအရေအတွက် များပြားလာသည်ကို တွေ့ရပါသည်။ ၂၀၃၀ ပြည့်နှစ်တွင် လူဦးရေ ၆၄၃ သန်း၊ ၂၀၄၅ ခုနှစ်တွင် ၇၈၃ သန်းအထိ ဆီးချိုသွေးချိုဖြစ်ပွားသူများ တိုးတက်များပြားလာမည်ဟု ပညာရှင်များက ခန့်မှန်းတွက်ချက်ကြပါသည်။ ဆီးချိုသွေးချို ရောဂါကြောင့် ၂ဝ၂၁ ခုနှစ်တွင် တစ်ကမ္ဘာလုံးတွင် လူပေါင်း ၆ ဒသမ ၇ သန်း သေဆုံးနေကြောင်း တွေ့ရှိရပြီး ယင်းသည်ငါးစက္ကန့်တွင် လူတစ်ဦးနှုန်း သေဆုံးခြင်းဖြစ်ပါသည်။
၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံတွင်ပြုလုပ်ခဲ့သော အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ မကူးစက်နိုင်သော အဓိကရောဂါများဖြစ်စေနိုင်သော အန္တရာယ်ရင်းမြစ်အကြောင်းအရင်းများဆိုင်ရာ သုတေသနစာတမ်း(WHO STEP Survey) အစီရင်ခံစာအရ အသက်(၂၅)နှစ်မှ (၆၅)နှစ်အရွယ်အတွင်း ဆီးချိုသွေးချိုဖြစ်ပွားနေသူများ ၁၀ ဒသမ ၅ ရာခိုင်နှုန်း တစ်နည်းအားဖြင့်(၁ဝ ဦးတွင်တစ်ဦး)ရှိပြီး prediabetes ဟုခေါ်သော ကနဦးဆီးချိုအဆင့်မှာ မြန်မာပြည်သူ ၁၉ ဒသမ ၇ ရာခိုင်နှုန်းတစ်နည်းအားဖြင့် (ငါးဦးတွင်တစ်ဦး)ရှိနေသည်ကိုတွေ့ရပါသည်။ သေသေချာချာ ထိထိရောက်ရောက် ကာကွယ်ကုသမှုမပြုလျှင်၊ ကနဦးဆီးချိုရှိသူများ၏ သုံးပုံတစ်ပုံသည် နောက်ငါးနှစ်အတွင်း ဆီးချိုသွေးချိုနှင့် နှလုံးရောဂါများဖြစ်ပွားနိုင်ကြောင်း တွေ့ရှိရပါသည်။ ထို့အပြင် အသက်(၂၅)နှစ်မှ (၆၅)နှစ်အကြား မြန်မာနိုင်ငံသားများတွင် သွေးတိုးရောဂါဖြစ်ပွားနေသူ ၂၆ ရာခိုင်နှုန်း၊ သွေးတွင်း အဆီဓာတ်များနေသူ ၃၆ ဒသမ ၇ ရာခိုင်နှုန်း၊ ဆေးလိပ်/ဆေးရွက်ကြီးသုံးစွဲသူ ၅၄ ဒသမ ၄ ရာခိုင်နှုန်း၊ အဝလွန်ကဲသူ ၂၂ ဒသမ ၄ ရာခိုင်နှုန်းရှိနေသည်ကိုလည်း WHO STEP Survey အရသိရှိရပါသည်။ ဆေးလိပ်သောက်လျှင် အဓိကမကူးစက် နိုင်သောရောဂါများဖြစ်သည့် အဆုတ်ကင်ဆာ၊ နာတာရှည် လေပြွန်ရောင်ရောဂါနှင့် အဆုတ်ပွရောဂါများဖြစ်ရန် အလားအလာများလျက်ရှိသကဲ့သို့ ဆီးချိုသွေးချိုရောဂါရှိသူများ၌ နှလုံးသွေးကြောရောဂါများ၊ လေဖြတ်လေငန်းရောဂါများနှင့် ခြေထောက်သွေးကြောကျဉ်းကာ ခြေထောက်ပုပ်ရောဂါများ ဖြစ်နိုင်ပါသည်။ အဝလွန်သူများတွင်လည်း ဆီးချို သွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်လေငန်းရောဂါ၊ သည်းခြေရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ၊ အရိုးအဆစ်ရောင်ရောဂါ၊ သားအိမ်နံရံကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကြိတ်ကင်ဆာ၊ အူမကြီးကင်ဆာ စသည့် နာတာရှည်မကူးစက်နိုင်သောရောဂါများ ဖြစ်နိုင်ခြေအလွန်များပါသည်။
ကိုယ်ဝန်ဆောင်ဆီးချို
ဒေသတွင်းကောက်ယူခဲ့သည့် သုတေသနများမှ တွက်ချက်ဆန်းစစ်ချက် (Meta-analysis)များအရ ကိုယ်ဝန်ဆောင် ဆီးချို(Gestational diabetes) မိခင်အရေအတွက်သည် အရှေ့တောင်အာရှဒေသတွင် ကိုယ်ဝန်ဆောင်မိခင်များ၏ ၃ဝ ရာခိုင်နှုန်းအထိရှိနေကြောင်း တွေ့ရပါသည်။ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါသည် မိခင်နှင့်ကလေး သေဆုံးမှုမြင့်မားစေသည့်အပြင် မွေးပြီးမိခင်များတွင် ရောဂါ ရှိ၊ မရှိ မှန်မှန်စမ်းသပ်ခြင်းမပြုလျှင်၊ အစားအသောက်အနေအထိုင် မဆင်ခြင်လျှင်နောင်တွင် ဆီးချိုသွေးချိုဖြစ်လာမည့် အလားအလာများလာပါသည်။ မွေးလာမည့်ကလေးသည်လည်း လူကြီးဖြစ်လာလျှင် အဝလွန်နိုင်ခြေ၊ ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေများပြားသည်ကို တွေ့ရပါသည်။ ထို့ကြောင့် မိခင်လောင်းများသည် နောင်မျိုးဆက်များ ကျန်းမာသန်စွမ်းစေရန် အဝမလွန်အောင်၊ ဆီးချိုသွေးချိုမဖြစ်အောင် ကာကွယ်နေထိုင်ကြရမည်ဖြစ်ပါသည်။
ဆီးချိုသွေးချို ဖြစ်ပွားရသည့် အကြောင်းရင်းများ
ဆီးချိုသွေးချိုရောဂါ အပါအဝင် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းမှာ ကျန်းမာရေးနှင့်ညီညွတ်အောင် နေထိုင်စားသောက်မှုမရှိသည့် လူနေမှုပုံစံများဖြစ်သော ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း၊ ကျန်းမာရေးနှင့်မညီညွတ်သော နေထိုင်စားသောက်ခြင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်းတို့ဖြစ်ကြပါသည်။ မကူးစက်နိုင်သောရောဂါများ၏ နောက်ဆက် တွဲရောဂါများကြောင့် လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ မျက်စိကွယ်ခြင်း၊ ခြေထောက်ဖြတ်ရခြင်းတို့ကို ခံစားနေကြရသည့်အတွက် ပြည်သူလူထုမှာ အရွယ်မတိုင်ခင်သေဆုံးခြင်း၊ ဒုက္ခိတဖြစ်ခြင်းတို့ကြောင့် အလုပ်လုပ်ကိုင်နိုင်ခြင်း မရှိတော့သည့်အတွက် ဝေဒနာရှင်များ၏ မိသားစုတိုင်းတွင် လူနာကိုကုသရသည့် စရိတ်ကုန်ကျမှုနှင့်ဆက်စပ်ပြီး လူမှုစီးပွားဒုက္ခများ ခံစားကြရရုံသာမက အလုပ်လုပ်ကိုင်နိုင် စွမ်းလျော့နည်းလာပြီး နိုင်ငံတော်အနေဖြင့်လည်း ဆေးကုသစရိတ်များကြောင့် တိုင်းပြည်ဝင်ငွေများ သန်းပေါင်းချီ၍ ဆုံးရှုံးနေရခြင်းစသည့် လူမှုဒုက္ခမျိုးစုံ ခံစားလာကြရပါသည်။
ရောဂါမဖြစ်ပွားအောင် ကာကွယ်နိုင်သည့် နည်းလမ်းများ
“ကာကွယ်ခြင်းသည်ကုသခြင်းထက် ပိုကောင်းသည်”ဆိုသော ဆောင်ပုဒ်နှင့်အညီ ထိုရောဂါများမဖြစ်ပွားစေရန်အတွက် လူတစ်ဦးချင်းတစ်ယောက်ချင်း ကိုယ်တိုင်က မိမိတို့၏အပြုအမူ၊ အနေအထိုင်များကို ကျန်းမာရေးနှင့်ညီညွတ်သောပုံစံများဖြစ်အောင် ပြောင်းလဲနေထိုင်ရန် လိုအပ်ပါသည်။ အာဟာရမျှတသော အစားအစာများကို မှန်ကန်သောပမာဏ၊ အချိုးအစားများနှင့် စုံလင်စွာစားသောက်ခြင်း၊ ချိုလွန်း၊ ငန်လွန်း၊ အဆီများလွန်းသောအစာများစားသုံးခြင်းကို ရှောင်ကြဉ်ခြင်း၊ ရေဆာလျှင်အချိုရည်မသောက်ဘဲ ရေကိုသာသောက်ခြင်း၊ ခန္ဓာကိုယ်အဝမလွန်အောင်ထိန်းသိမ်းခြင်း၊ သွက်လက်တက်ကြွသော လူနေမှုပုံစံနှင့်နေထိုင်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများကို တစ်နေ့မိနစ် ၃၀၊ တစ်ပတ် မိနစ် ၁၅၀ ပြုလုပ်ခြင်း၊ ဆေးလိပ်သောက်သုံးမှုကို ရှောင်ကြဉ်ခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်း ရှောင်ကြဉ်ခြင်း၊ အိပ်ရေးဝဝအိပ်စက်ခြင်း၊ လက်ကိုင်ဖုန်း၊ ကွန်ပျူတာ၊ တီဗွီစသည်တို့ကို အလွန်အကျွံသုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း၊ အရာရာအပြုသဘောမြင်ကာ ယောနိသောမနသိကာရ မှန်ကန်စွာနှလုံးသွင်း၍ စိတ်အေးချမ်းသာအောင်နေထိုင်ခြင်းတို့ဖြင့် ဆီးချိုသွေးချိုအပါအဝင် မကူးစက်နိုင်သောရောဂါများဖြစ်ပွားမှုကို ၈၀ ရာခိုင် နှုန်းခန့်ကာကွယ်နိုင်ကြောင်း သုတေသနစာတမ်းများမှာ ဖော်ပြထားပါသည်။
နိုင်ငံတော်အစိုးရမှ အလေးပေးဆောင်ရွက်ချက်များ
ပြည်သူလူထုအတွက် ကျန်းမာရေးနှင့် ညီညွတ်သည့်ပတ်ဝန်းကျင်ဖန်တီးပေးခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များဖြစ်စေရန် ဆောင်ရွက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုကိုအားပေးခြင်း၊ ကျန်းမာရေးအသိပညာများကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်ပြန့်ပွားအောင် အထူးအလေးပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာမှာ ဆီးချိုသွေးချိုအပါအဝင် မကူးစက်နိုင်သောရောဂါများ အားကာကွယ်ရန် ပထမအဆင့်အနေဖြင့် ကျန်းမာရေးအသိပညာမြှင့်တင်ခြင်း၊ ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဒုတိယအဆင့်အနေဖြင့် ဆောလျင်စွာ ရောဂါရှာဖွေခြင်းနှင့် လိုအပ်လျှင် လွှဲပြောင်းကုသခြင်း၊ တတိယအဆင့်အနေဖြင့် ရောဂါကုသခြင်းနှင့် ပြန်လည်ထူထောင်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ လူငယ်လူရွယ်များကစပြီး ကျန်းမာရေးနှင့်ညီညွတ်သော အလေ့အကျင့်များပေါ်ထွန်းလာစေရန်အတွက် ကျောင်းတွင်း ကိုယ်လက်လှုပ်ရှား မှုလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သည့် စားသောက်မှုအသိပညာမြှင့်တင်ခြင်း၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် အရက်ကြော်ငြာများ တားမြစ်ခြင်းနှင့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ ပိုမိုစားသုံးရန် အသိပညာပေးခြင်း၊ ဆေးရွက်ကြီးနှင့် အရက်ယမကာများအား အခွန်တိုးမြှင့်ခြင်းနှင့် ကောက်ခံရရှိသော အခွန်အခဘဏ္ဍာငွေကို ရောဂါတိုက်ဖျက်ရေးအတွက် အသုံးပြုခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော သဘာဝပတ်ဝန်းကျင်ဖြစ်စေရန်စီမံခြင်း၊ စားသောက်ကုန်ထုတ်လုပ်မှုတွင် သကြားနှင့် အငန်လျှော့ချခြင်း၊ ဆိုးဆေးနှင့် အခြားဓာတုပစ္စည်းများမပါဝင်စေရန် ကန့်သတ်တားမြစ်ခြင်းတို့ကို ဦးစားပေးလုပ်ငန်းများအဖြစ် နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးလျက်ရှိပါသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း အခြေခံကျန်းမာရေးဝန်ထမ်းများကို ဆီးချိုသွေးချိုရောဂါ ကာကွယ်ကုသရေးလုပ်ငန်းဆိုင်ရာ သင်တန်းများပေးခြင်း၊ ပြည်သူ့ဆေးရုံများတွင် စဉ်ဆက်မပြတ် ဆေးပညာသင်ကြားရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ဆီးချိုသွေးချိုရောဂါ ကာကွယ်ကုသရေးဆိုင်ရာ လမ်းညွှန်များပြုစုထုတ်ဝေခြင်း၊ ပြည်သူလူထုအား မီဒီယာပေါင်းစုံမှ စဉ်ဆက်မပြတ် အသိပညာပေးခြင်းတို့အပြင် လိုအပ်သည့် အခြေခံဆေးဝါးများ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ ကျေးလက်နေပြည်သူလူထုမှ ဆီးချိုသွေးချိုရောဂါဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီစေရန်အတွက် ပဏာမကျန်းမာရေးစောင့်ရှောက်မှုအဆင့်မှ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ မြို့နယ်များရှိ ဒေသန္တရကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနနှင့် မိခင်ကလေးကျန်းမာရေးဌာနများတွင် ဆီးချို သွေးချိုနှင့် သွေးတိုးရောဂါစစ်ဆေးကုသမှုဆေးခန်းများကို ၂၀၁၇ ခုနှစ်မှစတင်၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ ဆေးခန်းများတွင် ဆီးချို သွေးချိုရောဂါ ရှိ/မရှိ စစ်ဆေးပေးခြင်း၊ ကုသပေးခြင်း၊ ဆေးဝါးများ အခမဲ့ထောက်ပံ့ပေးခြင်းလိုအပ်လျှင် လွှဲပြောင်းပေးခြင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်သည့် စားသောက်မှုပုံစံရရှိစေရန်အတွက် ကျန်းမာရေးအသိပညာပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
မြို့ပြနေပြည်သူများအတွက် ပြည်သူ့ဆေးရုံများတွင် ဆီးချိုသွေးချိုရောဂါစစ်ဆေးခြင်း၊ ကုသခြင်းနှင့် ဆေးဝါးထောက်ပံ့ပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဆီးချိုသွေးချို ဝေဒနာရှင်များတွင် နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုးများ ဖြစ်ပွားခြင်း ရှိ၊ မရှိကို စောစီးစွာသိရှိနိုင်ရန်နှင့် ကာကွယ်ကုသနိုင်ရန်အတွက် ဆီးချိုသွေးချို ပညာပေးကုသမှုဆေးခန်းများကို မြို့ကြီးအချို့ရှိ ပြည်သူ့ဆေးရုံကြီးများတွင် ဖွင့်လှစ်၍ အထူးကုဆရာဝန်ကြီးများပါဝင်သည့် အဖွဲ့များက စမ်းသပ်စစ်ဆေး ကုသပေးလျက်ရှိပါသည်။
ကမ္ဘာ့ဆီးချိုသွေးချိုကာကွယ်ထိန်းသိမ်းရေးနေ့
တစ်စတစ်စကြီးထွားလာသည့် ဆီးချို သွေးချိုရောဂါ၏ ခြိမ်းခြောက်မှုအန္တရာယ်ကို တုံ့ပြန်သည့်အနေဖြင့် ကမ္ဘာ့ဆီးချို သွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ကို ၁၉၉၁ ခုနှစ်မှစ၍ စတင်ကျင်းပခဲ့ပါသည်။ ဆီးချိုသွေးချိုရောဂါကုထုံးအသစ်တစ်ခုဖြစ်သည့် အင်ဆူလင်ဆေးကို ၁၉၂၂ ခုနှစ်တွင် စတင်တွေ့ရှိခဲ့သည့် ကနေဒါသမားတော်ကြီး ဆာဖရက်ဒီရစ်ဘင်(န်)တင်းကို ဂုဏ်ပြုသောအားဖြင့် သူ၏မွေးနေ့ဖြစ်သည့် နိုဝင်ဘာလ ၁၄ ရက်နေ့ကို ကမ္ဘာ့ဆီးချိုသွေးချိုရောဂါထိန်းသိမ်းရေးနေ့(World Diabetes Day) အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ ဆီးချိုရောဂါနှင့်နှီးနွှယ်သော နောက်ဆက်တွဲရောဂါများ၏ ဆိုးကျိုးသက်ရောက်မှုများ၊ ဆီးချိုနှင့်ပတ်သက်သော မှန်ကန်သည့်သတင်းအချက်အလက်များ လက်လှမ်းမီစေရေးနှင့် အချိန်မီကာကွယ်ကုသရေးစသည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြည်သူလူထုအတွင်း သေချာစွာရရှိစေရန်တို့ကို မီးမောင်းထိုးပြလို၍ ကျင်းပခြင်းဖြစ်ပါသည်။ နိုဝင်ဘာလ ၁၄ ရက်နေ့ ကမ္ဘာ့ဆီးချိုသွေးချို ကာကွယ်ထိန်းသိမ်းရေးနေ့တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ ဆီးချိုသွေးချိုကာကွယ် ထိန်းသိမ်းရေးစီမံချက်၊ မြန်မာနိုင်ငံဆီးချိုနှင့် ဟော်မုန်းရောဂါပညာရှင်များအဖွဲ့(MSEM)တို့မှ ဦးဆောင်ကာ ဆီးချိုရောဂါ ပညာပေးလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများ အားလုံးနှင့် လက်တွဲဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့ဆီးချိုသွေးချိုကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် လှုံ့ဆော်ရေးဆောင်ပုဒ်မှာ ‘Know your risk, Know your response’ ဖြစ်ပါသည်။ မြန်မာဘာသာဖြင့် “ဆီးချိုသွေးချို အန္တရာယ်ကာကွယ်ဖို့၊ ကိုယ်တိုင်သိရှိဆင်ခြင်စို့”ဟု ဘာသာပြန်ဆိုထားပါသည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဆောင်ပုဒ်များသည် လူတိုင်းဆီးချိုသွေးချို စောင့်ရှောက်မှုအခွင့်အလမ်းရရှိရေး (Access to Diabetes care)အတွက် အဓိကရည်မှန်းချက်ထားရှိပါသည်။ အပြည်ပြည်ဆိုင်ရာဆီးချိုအဖွဲ့ချုပ်(IDF) ၏ ရည်မှန်းချက်မှာ နိုဝင်ဘာလကို ဆီးချိုသွေးချိုရောဂါ သတိပြုစေရေးလ (Diabetes Awareness month)အဖြစ်သတ်မှတ်၍ ဆီးချိုသွေးချိုရောဂါဆိုင်ရာ လှုပ်ရှားမှုများကို ကမ္ဘာ့ဆီးချိုသွေးချို ကာကွယ်ထိန်းသိမ်းရေးနေ့တွင် အလေးပေး၍ ပြုလုပ်ကြစေရေးဖြစ်ပါသည်။ လူတိုင်း ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေရှိသည်ကို သတိရှိရန်အရေးကြီးသည့်အတွက် ဆီးချိုသွေးချိုမဖြစ်စေရေးနှင့် ဆီးချိုသွေးချို ရှိပါကလည်း နောက်ဆက်တွဲရောဂါများ မဝင်ရောက်စေရေးတို့ကို ဦးတည်ချက်ထားရှိ၍ လှုပ်ရှားဆောင်ရွက်နေကြခြင်းဖြစ်ပါသည်။
ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေများသူများ
မိသားစုဝင်ထဲ၌ ဆီးချိုသွေးချိုရောဂါရှိခြင်း
ကိုယ်အလေးချိန်များလွန်းခြင်း (အထူးသဖြင့် ဝမ်းတွင်းအဆီ များလွန်းခြင်း)
အသက် (၄၅) နှစ်အထက်ဖြစ်ခြင်း
ကိုယ်ကာယလှုပ်ရှားမှုနည်းပါးသည့် လူ့ဘဝနေထိုင်မှုဟန်များရှိခြင်း
ယခင်က ကိုယ်ဝန်ဆောင်စဉ် ဆီးချိုသွေးချိုရောဂါရှိခဲ့ဖူးခြင်း
ယခင်က ဆီးချိုသွေးချိုရောဂါကနဦး အဆင့်များရှိသည်ဟု စမ်းသပ်သတ်မှတ်ခံထားရခြင်း
ဆီးချိုသွေးချိုရောဂါ စစ်ဆေးသည့်နည်းလမ်းများ
အောက်ပါစစ်ဆေးချက် တစ်ခုခုတွေ့ရှိပါက ဆီးချိုသွေးချိုရောဂါရှိသည်ဟု သတ်မှတ်နိုင်သည်။
Fasting Plasma Glucose (FPG) [ည(၁၀)နာရီ နောက်ပိုင်း ဘာမှမစားဘဲ နောက်တစ်နေ့ နံနက်စောစော စစ်သည့် သွေးချို] - ၁၂၆ မီလီဂရမ်/ဒက်ဆီလီတာနှင့်အထက်
2HPP after OGTT (၇၅ ဂရမ် ဂလူးကို့စ်သောက်ပြီး နှစ်နာရီအကြာတွင် စစ်သည့်သွေးချို) - ၂၀၀ မီလီဂရမ်/ ဒက်ဆီလီတာနှင့်အထက်
HbA1C (၃ လပျမ်းမျှ သွေးချို) - ၆.၅ နှင့်အထက်
ဆီးချိုသွေးချိုရောဂါ ကုသမှုနည်းလမ်းများ
အစာအာဟာရဖြင့်ကုသခြင်း
ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း
သွေးတွင်း သကြားဓာတ်များ လျော့နည်းကျဆင်းစေသော ဆေးများဖြင့်ကုသခြင်း
အင်ဆူလင်ဟော်မုန်းဓာတ်ဆေးထိုး၍ ကုသခြင်း
သင့်အနေနှင့် ဆီးချိုသွေးချိုကာကွယ် ရေးလှုပ်ရှားမှုများတွင်ပါဝင်လိုပါက ဆီးချိုသွေးချိုရောဂါ ရှိ၊ မရှိ နီးစပ်ရာကျန်းမာရေးဌာနများသို့သွားရောက်၍ ကျန်းမာရေးဝန်ထမ်းများ၏ လမ်းညွှန်မှုခံယူ၍ ဆီးချို ရှိ၊ မရှိ စစ်ဆေးခြင်းတွင် ပါဝင်နိုင်ပါသည်။ သို့မှသာ သင့်လူ့အဖွဲ့အစည်း၏ ဆီးချိုသွေးချိုရောဂါဖြစ်ပွားမှု အန္တရာယ်ကိုလျှော့ချနိုင်ပေမည်။ သင့်ဆီးချိုသွေးချို အသိပညာဗဟုသုတတိုးတက်စေရန် ကျန်းမာရေးဝန်ထမ်းများ၏ ပညာပေးဆွေးနွေးပွဲများတွင် တက်ကြွစွာပါဝင်သင့်ပါသည်။ ကျန်းမာစေသော လူနေမှုအလေ့အကျင့်များကို လေ့လာမွေးမြူထိန်းသိမ်းခြင်းဖြင့် အမျိုးအစား(၂)ဆီးချိုသွေးချိုရောဂါနှင့် ယင်း၏ နောက်ဆက်တွဲရောဂါများ မဝင်ရောက်နိုင်အောင်အများအားဖြင့် ဟန့်တားကာကွယ်နိုင်ပါသည်။ ထို့ကြောင့် ယခုလိုမင်္ဂလာရှိလှပါသော ကမ္ဘာ့ဆီးချို သွေးချိုထိန်းသိမ်းရေးအခါသမယတွင် ဌာနတိုင်း၊ မြို့နယ်တိုင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်းတွင် ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးလှုပ်ရှားမှုများကို စည်းရုံးကျင်းပကာတက်ကြွစွာ အားလုံးပါဝင်နိုင်စေရေးအတွက် နှိုးဆော်တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
ကျမ်းကိုးစာရင်း
1. Myanmar STEP survey (2014)
2. WHO key facts on NCD and Diabetes 2023
3. International Diabetes Feder-ation: World Diabetes Day 2023
4. American Diabetes Associa-tion 2023
5. American Association of Clinical Endocrinology 2023
6. International Diabetes Feder-ation ATLAS 2022
7. Gestational Diabetes Mellitus in Southeast Asia: A Scoping Review