ဘရူနိုင်းနိုင်ငံ၏ ဆင်းရဲမှုလျှော့ချရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ ဆောင်ရွက်ချက်များအား လေ့လာခြင်း
ခန့်ဇော်(ကျေးလက်)
ဘရူနိုင်းဒါရုဆလမ်နိုင်ငံသည် ဧရိယာစတုရန်းမိုင်ပေါင်း ၂၂၂၆ မိုင် ကျယ်ဝန်းပြီး အရှေ့တောင်အာရှအတွင်း ဘော်နီယိုကျွန်း၏ မြောက်ဘက်ကမ်းရိုးတန်းတွင် တည်ရှိသည်။ ဘရူနိုင်းသည် ဘော်နီယိုကျွန်းပေါ်တွင် တစ်နိုင်ငံလုံးရှိသော တစ်ခုတည်းသောနိုင်ငံဖြစ်ပြီး ကျန်ရှိသောကျွန်း၏နယ်မြေများကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့က ပိုင်ဆိုင်သည်။
နိုင်ငံ၏အဓိကထွက်ကုန် ၉၅ ရာခိုင်နှုန်းမှာ ရေနံ၊ ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့တို့ဖြစ်ပြီး နိုင်ငံ၏အဓိကဝင်ငွေကို ရေနံမှရရှိသည်။ အဓိကပို့ကုန်မှာလည်း ရေနံဖြစ်ပြီး သွင်းကုန်များမှာစက်ပစ္စည်းနှင့် စားသောက်ကုန်များဖြစ်သည်။ ရေနံစိမ်းနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုသည် GDP ၏ ၉၀ ရာခိုင်နှုန်းခန့်ရှိပြီး တစ်နေ့လျှင် ရေနံစည်ပေါင်း ၁၆၇၀၀၀ ခန့်မျှထုတ်လုပ်သဖြင့် အရှေ့တောင်အာရှတွင် စတုတ္ထမြောက်အကြီးဆုံးရေနံထုတ်လုပ်သူဖြစ်သည်။ ထို့ပြင် နေ့စဉ်ရေနံဓာတ်ငွေ့ရည် ၂၅ ဒသမ ၃ သန်းကုဗမီတာထုတ်လုပ်နိုင်သဖြင့် ကမ္ဘာပေါ်တွင် နဝမမြောက်အများဆုံးထုတ်လုပ်သည့် နိုင်ငံဖြစ်သည်။ သို့ရာတွင် ၂၀၂၁ ခုနှစ်ကမ္ဘာ့စွမ်းအင်ဆိုင်ရာ BP Statistical Review သုံးသပ်ချက်အရ ဘရူနိုင်း၏ အရန်ရေနံပမာဏသည် ၂၇ နှစ်အတွင်း ကုန်ခန်းသွားနိုင်ခြေရှိကြောင်း ခန့်မှန်းထားသည်။ နိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့မဟုတ်သော ပို့ကုန်များ တင်ပို့မှုဈေးကွက်ဝေစုသည် ၂၀၁၉ ခုနှစ်တွင် ၁၄ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် ၄၈ ဒသမ ၆ ရာခိုင်နှုန်းအထိ သိသိသာသာ တိုးလာခဲ့သည်ကိုတွေ့ရသော်လည်း လက်ရှိ အချိန်အထိမူ ဘရူနိုင်း၏ ဝင်ငွေများသည် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအပေါ် အလွန်အမင်းမှီခို နေရဆဲဖြစ်ပြီး ကမ္ဘာ့စွမ်းအင်ဈေးနှုန်းများ အတက်အကျ၊ ရေနံအရန်သိုလှောင်နိုင်မှု မှန်မှန်ကျဆင်းမှုတို့ကြောင့် စီးပွားရေးအခြေအနေတစ်ရပ်လုံးကို ထိခိုက်နိုင်ခြေရှိနေသည်ဟု ဆိုသည်။
နိုင်ငံ၏ဝင်ငွေသည် ရေနံတင်ပို့မှုမှအများစုရရှိခြင်းဖြစ်၍ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ဆောင်မှုများကဲ့သို့သော ဝင်ငွေမြင့်မားစေမည့်လုပ်ငန်းကဏ္ဍများကို ဦးတည်ပြောင်းလဲဖော်ဆောင်သင့်ကြောင်း၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို တွန်းအားပေးဆောင်ရွက်ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ထွက်ကုန်များတင်ပို့မှုနှင့် ဆက်စပ်သည့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာဖက်စပ်လုပ်ငန်းများ ထူထောင်လုပ်ကိုင်သင့်ကြောင်း၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(MSME)ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် မဟာဗျူဟာမြောက်ချဉ်းကပ် ဆောင်ရွက်သင့်ကြောင်းပညာရှင်များက အကြံပြုထားကြသည်ကို တွေ့ရသည်။
လက်ရှိတွင်မူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှရငွေဖြင့် ပြည်တွင်းထုတ်လုပ်မှုကိုအားဖြည့်ပေးပြီး ထိုရင်းနှီးမြှုပ်နှံမှုအများစုကို ဘဏ္ဍာရေးဝန်ကြီးဌာန၏ လက်တံတစ်ခုဖြစ်သော ဘရူနိုင်းရင်းနှီးမြှုပ်နှံမှု အေဂျင်စီကစီမံခန့်ခွဲလျက်ရှိသည်။ အစိုးရက ကျန်းမာရေးစောင့်ရှောက်မှုများကို အခမဲ့ပြုလုပ်ပေးပြီး ဆန်နှင့်အိမ်ရာအတွက်လည်း ထောက်ပံ့ပေးသည်ကို တွေ့ရသည်။
၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ဘဏ်၏ စာရင်းအရ GDP အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၆၈ ဘီလီယံခန့်ရှိပြီး တစ်ဦးချင်း GDP မှာ အမေရိကန်ဒေါ်လာ ၂၈၉၅၄ ဒသမ ၀၇ ခန့်ရှိသည်ကိုတွေ့ရသည်။ အရှေ့တောင်အာရှ၏ ချမ်းသာသောနိုင်ငံများစာရင်းတွင် ပါဝင်သည့်အပြင် ဆင်းရဲနွမ်းပါးမှုဆိုင်ရာ စာရင်းဇယား၊ အချက်အလက်များ တိတိကျကျဖော်ပြထားသည်ကိုလည်း မတွေ့ရပေ။
၂၀၂၂ ခုနှစ်တွင် Heritage Foundation အညွှန်းကိန်းအရ အလုပ်လက်မဲ့နှုန်း ၈ ဒသမ ၄ ရာခိုင်နှုန်း ခန့်ရှိသည်ကိုတွေ့ရပြီး ၂၀၂၃ ခုနှစ်တွင် တစ်ရက် ဝင်ငွေ ၂ ဒသမ ၁၅ ဒေါ်လာအောက်ရရှိသူသည် လူဦးရေ၏ ၂ ဒသမ ၇၅ ရာခိုင်နှုန်း၊ တစ်ရက်ဝင်ငွေ ၃ ဒသမ ၆၅ ဒေါ်လာအောက်ရရှိသူသည် လူဦးရေ၏ ၁၆ ဒသမ ၂၃ ရာခိုင်နှုန်း၊ တစ်ရက်ဝင်ငွေ ၆ ဒသမ ၈၅ ဒေါ်လာအောက်ရရှိသူသည် လူဦးရေ၏ ၄၁ ဒသမ ၅၉ ရာခိုင်နှုန်းခန့်ရှိမည်ဟု ခန့်မှန်းထားသည်ကို တွေ့ရသည်။
ဘရူနိုင်းနိုင်ငံအစိုးရသည် ပြုပြင်ပြောင်းလဲရန်လိုအပ်ကြောင်းကို လက်ခံခဲ့ပြီး ဘဏ္ဍာရေးနှင့်စီးပွားရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနအသီးသီး၊ အဖွဲ့အစည်းများပူးပေါင်း၍ လူမှုကာကွယ်စောင့်ရှောက်ရေးကွန်ရက် (National Welfare System-SKN)ကို လူမှုအကူအညီများအား ပြည်သူများ လက်လှမ်းမီစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၅ ရက်နေ့မှ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့အထိ SKN Website မှတစ်ဆင့် လျှောက်လွှာပေါင်း ၃၇၃၂၇ စောင်လက်ခံရရှိခဲ့ပြီး လိုအပ်နေသောသူများနှင့် အခက်အခဲကြုံနေရသူများ၏ ဘဝအရည်အသွေး မြှင့်တင်ပေးခြင်း၊ ငွေကြေးအကူအညီပေးခြင်းတို့အပြင် အစိုးရ၊ Community Development Depar-tment (JAPEM)နှင့် ဘရူနိုင်းအစ္စလာမ္မစ်ဘာသာရေးကောင်စီ (Brunei Islamic Religious Council-MUIB)တို့ အပါအဝင် အခြားသောအေဂျင်စီများကလည်း အစားအစာနှင့် အမိုးအကာ စသည်တို့ကို လိုအပ်နေသူများအား ထောက်ပံ့ပေးနေကြောင်း တွေ့ရသည်။
Zero Poverty 2035 Target
ဘရူနိုင်းနိုင်ငံသည် ဆင်းရဲသောနိုင်ငံမဟုတ်ပါ။ ဆင်းရဲမှုအပေါ် ဝင်ငွေဖြင့်တိုင်းတာခြင်းမဟုတ်ဘဲ ဘက်စုံပြီးပြည့်စုံစေရေး ဆောင်ရွက်သွားနိုင်ရန် မျှော်လင့်ထားပုံရသည်။ ဘရူနိုင်းနိုင်ငံသည် ၂၀၃၅ ခုနှစ်တွင် လူနေမှုအဆင့်အတန်းအမြင့်မားဆုံးသော ကမ္ဘာ့ထိပ်တန်း ၁၀ နိုင်ငံတွင် ပါဝင်လာနိုင်စေရန် မျှော်မှန်းချက်ထားရှိပြီး ၂၀၂၃ ခုနှစ်တွင် Zero Poverty 2035 Target ကို ချမှတ်ခဲ့သည်။ ယင်းသည် "Wawasan Brunei 2035" ဟုခေါ်ဆိုသည့် Brunei Vision 2035 နှင့် ချိတ်ဆက်မှုရှိသည်ကို တွေ့ရသည်။
"Wawasan Brunei 2035" သို့မဟုတ် "Brunei Vision 2035"
နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားအဆင့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ (၅ နှစ်တာကာလတို)ချမှတ်၍ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက် ရေးဆောင်ရွက်ခဲ့ရာတွင် (၉)ကြိမ်မြောက် အမျိုးသားအဆင့်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (၂၀၀၇-၂၀၁၂)သည် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအစီ အစဉ်အဖြစ် စတင်ဆောင်ရွက်ခဲ့သည့် ပထမဆုံးအမျိုးသားအဆင့် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် ဖြစ်သောကြောင့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်မှုအပိုင်းတွင် မဟာဗျူဟာမြောက် အပြောင်းအလဲတစ်ရပ်ဖြစ်ပြီး "Wawasan Brunei 2035" သို့မဟုတ် "Brunei Vision 2035" ဟု လူသိများသည်။ ယင်းသည် အမြင့်ဆုံးနိုင်ငံတကာစံနှုန်းဖြင့် တိုင်းတာနိုင်သည့် ပညာတတ်နှင့် ကျွမ်းကျင်ပညာရှင်များ မွေးထုတ်နိုင်ရန်၊ ကမ္ဘာ့ထိပ်တန်း ၁၀ နိုင်ငံတွင် ပါဝင်နိုင်မည့် လူနေမှုအဆင့်အတန်းမြင့်မားမှုမျိုးရရှိစေရန်နှင့် ကမ္ဘာ့ထိပ်တန်းနိုင်ငံများအတွင်း တစ်ဦးချင်းဝင်ငွေဖြင့် စဉ်ဆက်မပြတ်သော စီးပွားရေးဖွံ့ဖြိုးမှုကို ဖော်ဆောင်နိုင်သည့်နိုင်ငံအဖြစ် ရပ်တည်နိုင်ရန် စသည့် ပန်းတိုင်(၃)ရပ် ချမှတ်ဆောင်ရွက်ခဲ့ပြီး ယင်းတိုကို အကောင်အထည်ဖော်နိုင်ရန် အောက်ဖော်ပြပါမဟာဗျူဟာ(၈) ရပ်ချမှတ် ဆောင်ရွက်ခဲ့ကြောင်း တွေ့ရသည်-
(၁) လူငယ်များအား အလုပ်အကိုင်နှင့် အောင်မြင်မှုများရရှိစေရန် ပျိုးထောင်ပေးမည့် ပညာရေးမဟာဗျူဟာ၊
(၂) ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းထက် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ပေးခြင်းဖြင့် ပြည်သူများအတွက် အလုပ်အကိုင်သစ်များ ဖန်တီးပေးမည့် စီးပွားရေးဗျူဟာ၊
(၃) ရောဂါနှင့် သဘာဝဘေးအန္တရာယ်များကို တုံ့ပြန်နိုင်စွမ်းအားရှိသော စွမ်းရည်၊ ကာကွယ်ရေးနှင့် သံတမန်ရေးစွမ်းရည်တို့ဖြင့် ပြည့်စုံသည့်နိုင်ငံဖြစ်စေရန် နိုင်ငံရေးတည်ငြိမ်မှုနှင့် အချုပ်အခြာအာဏာကို ကာကွယ်မည့် လုံခြုံရေးမဟာဗျူဟာ၊
(၄) အစိုးရလုပ်ထုံးလုပ်နည်းများတွင် ဗျူရိုကရေစီ “ကြိုးနီစနစ်” အနည်းဆုံးပါဝင်စေမည့်၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍနှစ်ခုစလုံးတွင် အရည်အသွေးမြင့် ပြည်သူ့ဝန်ဆောင်မှုများ၊ ခေတ်မီပြီးလက်တွေ့ကျသည့် ဥပဒေနှင့်စည်းမျဉ်းမူဘောင်များ၊ ကောင်းမွန်သောအုပ်ချုပ်မှုစနစ်တို့ကို တိုးမြှင့်ပေးမည့် အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ၊
(၅) ဒေသတွင်း အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(SMEs)အတွက် အခွင့်အလမ်းများတိုးမြှင့်ပေးမည့်၊ ပြိုင်ဆိုင်နိုင်စွမ်းအားကို မြှင့်တင်ပေးခြင်းဖြင့် စီးပွားရေးနှင့် စက်မှုလုပ်ငန်းများတွင် ဦးဆောင်မှုရရှိစေမည့် ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ၊
(၆) ပညာရေး၊ ကျန်းမာရေးနှင့် စက်မှုလုပ်ငန်းများကို အထူးအလေးပေး၍ ကမ္ဘာ့အဆင့်မီအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်း၍ ရင်းနှီးမြှုပ်နှံဆောင်ရွက်ခြင်းကို တွန်းအားပေးမည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ၊
(၇) နိုင်ငံတော်ကြီးပွားတိုးတက်လာသည်နှင့်အမျှ နိုင်ငံသားတိုင်းအား သေချာစောင့်ရှောက်မှုပေးနိုင်စေမည့် လူမှုဖူလုံရေးမဟာဗျူဟာ၊
(၈) အမြင့်ဆုံးသော နိုင်ငံတကာကျင့်ထုံးများနှင့်အညီ ကျန်းမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းရေးကို ပံ့ပိုးပေးမည့်၊ သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုအသိုက်အဝန်းကို ထိန်းသိမ်းစောင့်ရှောက်ပေးမည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာမဟာဗျူဟာ။
ဤမဟာဗျူဟာ (၈)ရပ်ကို အစိုးရနှင့်ပုဂ္ဂလိက အဖွဲ့အစည်းနှစ်ခုလုံး ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး "Wawasan Brunei 2035" Supreme Council က ထုတ်ပြန်ခဲ့သည့် "Wawasan Brunei 2035" အစီရင်ခံ (၂၀၁၅-၂၀၂၂)တွင် ဘရူနိုင်းမျှော်မှန်းချက် ၂၀၃၅ ၏ အဓိက ပန်းတိုင် (၃) ရပ်ကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှုများကို အားတက်ဖွယ်ရာတွေ့မြင်ရသော်လည်း အမျိုးသားရေးရည်မှန်းချက်ကို အထောက်အပံ့ပြုစေမည့် အသွင်ကူးပြောင်းမှုနှင့် ထိထိရောက်ရောက် အကျိုးရှိစေရန် အားထုတ်ကြိုးပမ်းမှုတို့အပါအဝင် တိုးတက်မှုအရှိန်အဟုန်မြှင့်တင်နိုင်ရေးအတွက် လုပ်ဆောင်ရမည့်အရာများ များစွာရှိနေသေးကြောင်း သုံးသပ်တင်ပြထားသည်ကို တွေ့ရသည်။
Wawasan Brunei 2035 ၏ အမျိုးသားမျှော်မှန်းချက်ပန်းတိုင်များ ပြည့်မီစေရန် ဦးတည်ကြိုးပမ်းဆောင်ရွက်ကြရာတွင် ပါတီအားလုံး၏ စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်မှုနှင့် ခိုင်မာသည့် ကတိကဝတ်များသည် အရေးကြီးသည့်အခန်းကဏ္ဍမှ အထောက်အပံ့ပြုလျက်ရှိသည် ဟုဆိုသည်။
လေ့လာမှုများအရ လက်ရှိတွင် ဘရူနိုင်းဒါရုဆလမ်နိုင်ငံသည် အာရှရှိ လူနေမှုအဆင့်အတန်း အမြင့်ဆုံးနိုင်ငံများတွင် ပါဝင်ပြီး အာရှ၏တစ်ဦးချင်း ဝင်ငွေအမြင့်ဆုံးနိုင်ငံများတွင် အပါအဝင်ဖြစ်သကဲ့သို့ ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ၏ ရည်မှန်းချက်အားလုံးနီးပါးကို ပြည့်မီလျက်ရှိကြောင်း တွေ့ရသည်။ ထို့အတူ ပညာရေးနှင့်ကျန်းမာရေးအဆင့်အတန်းသည်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အမြင့်ဆုံးဖြစ်သည်ကို တွေ့ရပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ တင်ပို့မှုမှရရှိသည့် ဝင်ငွေများကို အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် လူမှုဖူလုံရေးအစီအစဉ်များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံရေးတည်ငြိမ်မှုကိုပါ ရရှိစေသည်ဟုဆိုသည်။
သို့ရာတွင် Wawasan Brunei 2035 နှင့်စပ်လျဉ်း၍ Universiti Brunei Darussalam မှ ပြည်သူ့ရေးရာမူဝါဒ ပါရဂူဘွဲ့ကျောင်းသားဖြစ်သူ Abdul Malik Omar ၏ လေ့လာချက်စာတမ်းတွင်မူ အစိုးရ၏ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှု၊ ထိရောက်မှုနှင့် ပြည်သူ့ရေးရာမူဝါဒရလဒ်များ စသည်တို့၏ တိုးတက်မှုအခြေအနေမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သိသိသာသာအကျိုးသက်ရောက်မှု ရှိ/မရှိ ပြောရန်စောလွန်းနေသေးကြောင်း သုံးသပ်ထားသည်ကို တွေ့ရသည်။ ထို့ပြင် အလုပ်လက်မဲ့ပြဿနာနှင့် နိုင်ငံ၏ စီးပွားရေးတွင် ဝင်ငွေတစ်ခုတည်းအပေါ်သာ အဓိကမှီခိုနေရသောဖြစ်စဉ်အား ပြောင်းလဲဖော် ဆောင်နိုင်မှုမရှိသေးခြင်းတို့မှာ အဓိကရင်ဆိုင်နေရသည့် ပြဿနာ(၂)ရပ်ဖြစ်ကြောင်း ထောက်ပြထားပြီး ခိုင်လုံသည့်အထောက်အထားများကိုအခြေပြု၍ ပြည်သူ့ရေးရာမူဝါဒချဉ်းကပ်မှုပုံစံ (Evidence Based Public Policy Approach)ဖြင့် သွားသင့်ကြောင်းနှင့် နိုင်ငံတော်အဆင့်တွင် အုပ်စုဖွဲ့ဆွေးနွေး ညှိနှိုင်းမှုများလွန်းခြင်းသည်လည်း ဆန်းသစ်တီထွင်မှုကို အဟန့်အတားဖြစ်စေကြောင်း သုံးသပ်တင်ပြထားသည်။ အလုပ်လက်မဲ့ပြဿနာနှင့် စီးပွားရေးရာကဏ္ဍ ပြောင်းလဲဖော်ဆောင်နိုင်မှု မရှိခြင်းတို့ကို ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုပိုင်းအရ အဖြေရှာဆောင်ရွက်သွားသင့်ကြောင်း အကြံပြုထားသည်ကို တွေ့ရှိရသည်။
ဘရူနိုင်းနိုင်ငံ၏ လူမှုဖူလုံရေးအစီအစဉ်များတွင် လက်ရှိချို့ယွင်းချက်များကို လေ့လာဖော်ထုတ်၍ ရေရှည်စောင့်ရှောက်မှုနှင့် အလုပ်လက်မဲ့ အကျိုးခံစားခွင့်များ ပါဝင်စေရန်၊ ထိခိုက်လွယ်အုပ်စုများအတွက် လုံလောက်သောပံ့ပိုးမှုများပေးရန်၊ ပွင့်လင်းမြင်သာမှု၊ အုပ်ချုပ်မှုနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး အရင်းအမြစ်များ စီမံခန့်ခွဲခြင်းတို့ကို မြှင့်တင်ပေးရန် ပြီးပြည့်စုံသောချဉ်းကပ်မှု နည်းလမ်းကို စဉ်းစားသင့်သည်။ စီးပွားရေးအရ အခြားဝင်ငွေရင်းမြစ်များကို ရှာဖွေခြင်းသည်လည်း ဆင်းရဲမှုလျှော့ချရေး၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေးမူဝါဒများ ရေရှည်တည်တံ့စေရေးတို့ကို အထောက်အကူဖြစ်စေမည်ဖြစ်ပါသည်။
အလုပ်လက်မဲ့ပြဿနာနှင့် ဆင်းရဲနွမ်းပါးမှုတို့မှာ ကြောင်းကျိုးဆက်စပ်လျက်ရှိသည့်အတွက် ဆင်းရဲမွဲတေမှုနှင့် ယင်း၏အရင်းခံအကြောင်းတရားများကို ကျယ်ကျယ်ပြန့်ပြန့်နားလည်သိရှိရန်လိုအပ် သည်ဖြစ်ရာ ဘရူနိုင်းနိုင်ငံအနေဖြင့် သုတေသနနှင့် မူဝါဒအပြောင်းအလဲများကို ဦးစားပေးလုပ်ဆောင် သင့်ပေသည်။ လူမှုကာကွယ်စောင့်ရှောက်ရေးကွန်ရက်(National Welfare System-SKN)ကဲ့သို့သော ထိရောက်သောလူမှုကာကွယ်စောင့်ရှောက်ရေးအစီအမံများကို အကောင်အထည်ဖော်ခြင်းဖြင့် ဆင်းရဲနွမ်းပါးသူများ၏ လူနေမှုဘဝမြှင့်တင်ရန်နှင့် ပိုမိုမျှတသောလူ့အဖွဲ့အစည်းကို တည်ထောင်ရာတွင် သိသာထင်ရှားသော ခြေလှမ်းသစ်များ စတင်နိုင်မည်ဖြစ်ပါသည်။ စာရေးသူအနေဖြင့်မူ ဆင်းရဲနွမ်းပါးမှုဆိုင်ရာအချက်အလက်များ၊ စစ်တမ်းများပြုစုထားရှိမှု၊ ချဉ်းကပ်လေ့လာမှုအားနည်းခြင်းသည် သင့်လျော်သည့် မူဝါဒနှင့် ချဉ်းကပ်မှုနည်းလမ်းများချမှတ်နိုင်ရန် အဟန့်အတားဖြစ်စေသည်ဟု ရှုမြင်မိပါသည်။
ဆင်းရဲမှုနှင့်ပတ်သက်၍ အများဆုံးအသုံးပြုသော ချဉ်းကပ်သည့်နည်းလမ်း(၃)ခုမှာ
(က) ဝင်ငွေ၊
(ခ) အခြေခံလိုအပ်ချက်များနှင့်
(ဂ) စွမ်းဆောင်ရည်တို့အပေါ် တိုင်းတာသုံးသပ်ခြင်းနည်းလမ်းများဖြစ်ပြီး ဝင်ငွေအပေါ်အခြေပြု သုံးသပ်ခြင်းနည်းလမ်းက ဆင်းရဲမှုကို ဝင်ငွေမရှိခြင်းဖြင့်လည်းကောင်း၊ အခြေခံလိုအပ်ချက်များအပေါ် သုံးသပ်ခြင်းနည်းလမ်းက အခြေခံလိုအပ်ချက်များ(သို့) ရုပ်ဝတ္ထုပိုင်းဆိုင်ရာ မပြည့်စုံခြင်းဖြင့်လည်းကောင်း၊ စွမ်းဆောင်ရည်အပေါ် သုံးသပ်ခြင်းနည်းလမ်းက စွမ်းဆောင်ရည်ပြည့်မီမှု ရှိ/မရှိဖြင့်လည်းကောင်း တိုင်းတာသတ်မှတ်ကြသည်ကို တွေ့ရသည်။ လေ့လာမှုများအရ စွမ်းဆောင်ရည်အပေါ် တိုင်းတာသုံးသပ်ခြင်း နည်းလမ်းသည်ဆင်းရဲမှုဆိုင်ရာ ဝိသေသလက္ခဏာများကို ပြည့်စုံစွာဖော်ညွှန်းနိုင်ပြီး လူသားအရင်းအမြစ် ဖွံ့ဖြိုးမှုပြယုဂ်နှင့် အခိုင်အမာချိတ်ဆက်နိုင်သည့်အတွက် ဆင်းရဲမှုကို ချဉ်းကပ်လေ့လာရန် အသင့်လျော်ဆုံး နည်းလမ်းတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပါသည်။ စာရေးသူ၏ အမြင်အရမူဆင်းရဲနွမ်းပါးမှုသည် ဝင်ငွေ၊ လူမှုဘဝအခြေခံလိုအပ်ချက်များနှင့် စွမ်းဆောင်ရည်(၃)ရပ်လုံးနှင့် ဆက်စပ်နေသည့်အတွက်နည်းလမ်း(၃)ခုလုံးကို တစ်ပြိုင်တည်းဆောင်ရွက်သင့်သည်ဟု ရှုမြင်သုံးသပ်မိပါသည်။
မည်သို့ဆိုစေ ဘရူနိုင်းနိုင်ငံသည် Wawasan Brunei 2035 ကို အကောင်အထည်ဖော်နေပြီး အပြုသဘောဆောင်သော ပြောင်းလဲမှုများစတင်နိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။ ဆင်းရဲမွဲတေမှုကိုတိုက်ဖျက်ရန်၊ လူမှုကာကွယ်မှုမြှင့်တင်ရန်နှင့် ပိုမိုတောက်ပသောအနာဂတ်ကို ဖန်တီးရန်အတွက်မူ ဘရူနိုင်းနိုင်ငံသားအားလုံး စည်းလုံးညီညွတ်စွာဖြင့် စိန်ခေါ်မှုများကို အတူတကွကျော်လွှားမှသာလျှင် ပိုမိုကောင်းမွန်၍ သာယာဝပြောသောလူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း လေ့လာတင်ပြလိုက်ရပါသည်။ ။
ရည်ညွှန်းကိုးကားချက်
- https://amro-asia.org/weaning-brunei-off-oil/
- https://tradingeconomics.com/brunei/gdp
- Knowledge to Policy: Understanding Poverty to Create Policies that Facilitate Zero Poverty in Brunei Darussalam written by Blessing Gweshengwe and Noor Hasharina Hassan, Universiti Brunei Darussalam (https://fass.ubd.edu.bn/SEA/vol19/SEA-v19-Gweshengwe-NoorHasharina.pdf )
- A pioneering study on measuring poverty in the hydrocarbon-rich state of Brunei Darussalam (https://www.tandfonline.com/doi/full/10.1080/17441730.2023.2240108 )
- https://borneobulletin.com.bn/skn-aims-to-improve-quality-of-life-ministry/
- http://www.bruneiembassy.org/brunei-vision-2035.html (Source: Brunei Economic Development Board)
- https://borneobulletin.com.bn/overview-of-progress-achievements-in-support-of-brunei-vision-2035/
- The Whole-of-Nation Approach: The Case of Brunei Darussalam, Wawasan 2035, and the 4th Industrial Revolution (https://www.researchgate.net/publication/345209408)