Skip to main content

“မုန်း”ကို အမြဲပြုံးစေချင်ပြီ

ဝ ထ က လ သ(နတလ)

တစ်နေ့သောရုံးပိတ်ရက်တွင်-

စာရေးသူသည် ဆံပင်ညှပ်ဆိုင်တစ်ဆိုင်၌ ဆံပင်ညှပ်နေပါသည်။ အချိန်မှာနံနက်ခင်း၊ နေရောင်နုနုသည် စိမ်းစိုသောသစ်ပင်၊ သစ်ရွက်များအပေါ်တွင် ပြေပြေလေး လှပစွာတောက်ပလျက်ရှိသည်။

ဆံသဆိုင်အတွင်း၌ လူငယ်၊ လူလတ်၊ လူကြီးတို့ အသွေးအရောင်စုံ၊ အရွယ်စုံ၊ ဒေသစုံရောက်ရှိနေကြလေသည်။ စကားသံများလည်းအစုံကြားရ၏။ မိမိတို့ကျင်လည်ရာပတ်ဝန်းကျင်၏ လူမှုဒုက္ခသုခအစုံ လည်းပါ၏။ ပျော်စရာကောင်းသော၊ လွမ်းမောစရာကောင်းသော စကားသံများလည်း ပါဝင်လေ၏။

ထိုအခိုက်တစ်ခုသော “စကားသံ”က အားလုံး၏ရင်ကို လှုပ်ခတ်သွားစေခဲ့သည်။ ခဏမျှတိတ်ဆိတ် သွားစေခဲ့သည်။ လှပသောနံနက်ခင်းကို အကျည်းတန် သွားစေခဲ့သည်။

“နတ်သံကွင်းတံတားကို မိုင်းခွဲလိုက်ကြပြီ၊ စစ်တောင်းမြစ်ကူးတံတားကျိုးကျသွားတယ်။ မြစ်အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်းကူးဖို့ သွားရေး၊ လာရေးမလွယ်တော့ဘူး။ ကျုပ်ကနတ်သံကွင်းမှာနေတာ၊ နတ်သံကွင်းကနေ မြစ်ကမ်းပါးကိုဆိုင်ကယ်ငှား၊ ကမ်းပါးကနေလှေဆိပ်ကို လူတွေ၊ ပစ္စည်းတွေခက်ခက်ခဲခဲဆင်း၊ ပြီးရင်စက်လှေနဲ့ကူး၊ တစ်ဖက်ကမ်းမှာဆိုင်ကယ်ဆက်ငှား။ နတ်သံကွင်းကနေ ရန်ကုန် - မန္တလေးလမ်းဟောင်းရောက်ဖို့ ငွေငါးသောင်းလောက်ကုန်တယ်၊ အရင်ကငါးထောင်၊ အခုတော့ ဆယ်ဆဗျာ။ ဒေသကိုတော်တော်ဒုက္ခပေးတဲ့ နတ်ဆိုးတွေ။ ဒေသခံတွေပဲဒုက္ခရောက်ကြတယ်။ ဆက်သွယ်ရေးနဲ့ လုံခြုံရေးမကောင်းတော့ ဘာမှလုပ်စားလို့လည်းမရတော့ဘူး။ ဆင်းရဲဒုက္ခရောက်ကုန်ကြပြီ”ဟူသော ဒေသတစ်ခုမှ တိုင်းရင်းသားတစ်ဦး၏ ညည်းညူသံသည် ကျွန်ုပ်တို့၏ နှလုံးသားအတွင်း ပိုင်းအထိ အပူကူးစက်စေခဲ့ပါသည်။

မကြာသေးမီကာလတစ်ခုကပင် ငြိမ်းချမ်းရေးကြောင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် အေးချမ်းသာယာ ဝပြောမှုအသီးအပွင့်များ ခံစားနေရပြီဖြစ်သော ဒေသတစ်ခုအတွက် စိတ်မအေးချမ်းဖွယ် ဖြစ်မိရပါသည်။

“မုန်း” ဒေသဖွံ့ဖြိုးရေး

စာရေးသူသည် ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ ခုနှစ်ဝန်းကျင်ခန့်က တောင်ငူ၊ ဖြူး၊ ထန်းတပင်၊ နတ်သံကွင်း၊ ကျောက်ကြီးဒေသများသို့တာဝန်ဖြင့် အကြိမ်ကြိမ်ရောက်ရှိခဲ့သည်။ “မုန်း”ဟုအမည်ရှိသည့် “ချစ်စရာဒေသ”တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်ပေးရန်ဖြစ်ပါသည်။

“မုန်း”သည် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်နှင့် ကရင်ပြည်နယ် သံတောင်ကြီးခရိုင်အစပ်ရှိ ကျောက်ကြီးမြို့နယ်အတွင်းမှ မြို့ငယ်လေးတစ်မြို့။ စိမ်းစိုနေသည့် လယ်ကွင်းပြင်များ၊ ကြည်လင်အေးချမ်းစွာစီးဆင်းနေသည့် ချောင်းများ၊ နောက်ခံအခြွေအရံ တောင်တန်းကြီးများနှင့် သာယာလှပနေသည့် မြို့လေးပင်။

နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသများနှင့် ထိတွေ့ဆက်စပ်နေသည့် တိုင်းဒေသကြီးနှစ်ခု၊ ပြည်နယ်ခုနစ်ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ မြို့နယ်ပေါင်း ၁၁၆ မြို့နယ်တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ သောက်သုံးရေ ရရှိရေး၊ စွမ်းအင်လုပ်ငန်းနှင့် သာသနာရေးဆိုင်ရာလုပ်ငန်းများ တစိုက်မတ်မတ် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထိုဒေသများအပြင် “မုန်း”ဒေသကဲ့သို့ ဖွံ့ဖြိုးရန်လိုအပ်သော မြို့နယ်ပေါင်း ၅၃ မြို့နယ်တွင်လည်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

တောင်ငူ - မုပ္ပလင်လမ်းဘေးတွင် “မုန်း”ဈေးရှိ၏။ ထို “မုန်း” မြို့ဈေးလမ်းမှ ရေအိုးစင်ကျေးရွာ သို့သွားသည့် ကျေးရွာချင်းဆက်လမ်းကား ကျင်းချိုင့်ပေါ၏။ ရွှံ့ဗွက်ထူ၏။ မညီမညာပျက်စီးနေခဲ့၏။ ဒေသခံများသွားလာရ ခက်ခဲခဲ့သည်မှာ နှစ်ပေါင်ကြာခဲ့လေပြီ။ ဒေသခံများက လမ်းအားအဆင့်မြှင့်တင်ပေးရန် တောင်းဆိုခဲ့ကြသည်။ ထို့ကြောင့် ထိုလမ်းအား နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးခဲ့ပါသည်။ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်တွင် လမ်းအရှည် ၂၁၉၅ ပေ၊ ဒုတိယနှစ် ၂၀၁၈- ၂၀၁၉ တွင် လမ်း ၆၉၈၅ ပေကို စုစုပေါင်း လမ်းအရှည် ပေ ၉၁၈၀၊ အကျယ် ၁၄ ပေ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို ငွေကျပ် ၃၁၅ ဒသမ ၂၀၅ သန်းဖြင့် ကောင်းမွန်စွာဖောက်လုပ်ပြီးစီး ခဲ့ပါသည်။ ဒေသလိုအပ်ချက်အရ နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်ပေးခဲ့သော လမ်းလုပ်ငန်းတစ်ခုပင်ဖြစ်ပါသည်။

“မုန်း” သို့

အချိန်ကာလတို့ကြာခဲ့ပြီဟု ဆိုငြားသော်လည်း အတိတ်တို့သည်ပစ္စုပ္ပန်ကို စောင်းပါးရိပ်ခြည် မျက်နှာလာပြစမြဲပင်။ ထို့ကြောင့် သွားလာခဲ့ဖူးသည့် ထိုလမ်းနှစ်သွယ်စလုံး၏ လမ်းပိုင်းတစ်ခုလုံးကို မှတ်မိမြင်ယောင်နေခဲ့သည်။ လမ်းဘေးဝဲယာရှုခင်းတွေကိုလည်း စာရေးသူ၏အတွေးထဲ အလွတ်ရနေဆဲဖြစ်ပါသည်။

ရန်ကုန် - မန္တလေးလမ်းမကြီးမှ “မုန်း” သို့ သွားရန်လမ်း နှစ်သွယ်ရှိသည်။

ဖြူး-နတ်ရေကန်-တံခွန်တိုင်-ကျားသောင်-ဝဲကြီး-အုတ်ဖြတ်-ကရင်ကျကျေးရွာမှ “မုန်း” သို့၊ သွားသည့်လမ်းမှာ အတိုဆုံးလမ်းဖြစ်သည်။

ဒုတိယလမ်းမှာ ပဲနွယ်ကုန်း-နတ်သံကွင်း- ကျောက်ကြီးမှ “မုန်း” သို့ဖြစ်ပါသည်။

စာရေးသူရောက်ခဲ့စဉ်က အုတ်ဖြတ်-မုန်းတံတားမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက တည်ဆောက်နေဆဲကာလဖြစ်သည်။

ထို့ကြောင့် ဖြူးမြို့မှ “မုန်း” သို့ သွားရန် ကရင်ကျကျေးရွာအနီးတွင် စစ်တောင်းမြစ်ကိုဖြတ်ကူးရ၏။ မိုးနှောင်းကာလမို့ စစ်တောင်းမြစ်ရေပြည့်နေချိန်ဖြစ်၏။ ထို့ကြောင့် လူ၊ ဆိုင်ကယ်၊ ကားများ ဖောင်ဖြင့်ဖြတ်ကူးရ၏။ ရေစီးသန်သော မြစ်တစ်စင်းဖြစ်သည့်အတွက် အန္တရာယ်အလွန်များလှပေသည်။ ရေကျချိန်များတွင်မူ မြစ်နှစ်ဖက်ကမ်းကို ယာယီဖောင်တံတားထိုးထား၏။ ထိုအပေါ်မှ တစ်စီးပြီးတစ်စီး ဖြတ်ကြရလေသည်။ “မုန်း”သို့ သွားရန် စစ်တောင်းမြစ်ကို ဖောင်ဖြင့်ကူးခဲ့ရသည့် အတွေ့အကြုံမှာ မမေ့နိုင်စရာ အထင်ကရပြယုဂ်တစ်ခုဖြစ်ခဲ့ဖူးသည်ဟု “မုန်း” ဒေသခံများက ဆိုပါသည်။

၂၀၂၂ ခုနှစ်တွင် အရှည်ပေ ၆၂၀ ရှိ အုတ်ဖြတ်- “မုန်း” စစ်တောင်းမြစ်ကူးတံတားကြီး တည်ဆောက် ပြီးစီးခဲ့ပါသည်။

ထို့ကြောင့် ယခုအခါဒေသခံများသည် စစ်တောင်းမြစ်အားတံတားကြီးပေါ်မှ အချိန်မရွေးဖြတ်သန်းသွားလာနိုင်ခဲ့ကြလေပြီ။ အချိန်ကုန်၊ လူပန်းသက်သာစေခဲ့ပေပြီ။ ကုန်စည်စီးဆင်းမှု သွက်လက်လျင်မြန်စေခဲ့ပြီ။

ဒုတိယလမ်းမှာ ညောင်လေးပင်မှတစ်ဆင့်သွားရသည်။ ထိုလမ်းမှာ နတ်သံကွင်းမြို့အနီးရှိ စစ်တောင်းမြစ်ကူးတံတားကြီးကိုဖြတ်ရ၏။ စစ်တောင်းမြစ် ရစ်ခွေစီးဆင်းနေသည့် နတ်သံကွင်းမြို့ကို မြစ်ကမ်းဘေးကားလမ်းအတိုင်းပတ်၍သွားရသည်။ နတ်သံကွင်းမှ ကျောက်ကြီး၊ ကျောက်ကြီးမှ “မုန်း”သို့ဆက်သွားရပါသည်။ ပထမလမ်းထက် ခရီးပိုဝေးသော်လည်း မြစ်ကူးတံတားရှိခြင်းကြောင့် အချိန်ရာသီမရွေး လွယ်ကူစွာသွားလာနိုင်ခဲ့ပါသည်။

ထို့ကြောင့် ဤတံတားကြီးသည် ဒေသခံတို့၏ “အသက်ဝိညာဉ်” ဖြစ်သည်ဟုဆိုလျှင် မမှားနိုင်ပါ။

 “မူး” မှ “မုန်း”

လုပ်ငန်းခွင် ဆောင်ရွက်နေဆဲကာလများတွင် ဗမာ၊ ကရင်၊ ရှမ်းတိုင်းရင်းသားတို့ အဓိကနေထိုင်ကြသော “မုန်း” ဒေသအကြောင်းကို ဒေသခံများမှတစ်ဆင့် တစ်စိတ်တစ်ပိုင်း သိခွင့်ရခဲ့သည်။

“မုန်းချောင်းကို ရှေးကမူးချောင်းလို့ခေါ်ကြတယ်။ ချောင်းရေအရသာက အခြားချောင်းတွေထက် ပိုကြည်ပိုသန့်လို့ တစ်မူးသာတယ်ဆိုပြီး မူးချောင်း၊ နောက်တော့ မုန်းချောင်းလို့ ပြောင်းခေါ်တာလို့ ဘိုးဘွားတွေကပြောကြတယ်။ ပါးစပ်ရာဇဝင်ပေါ့ ဆရာ။ မုန်းချောင်းက စစ်တောင်းမြစ်ထဲစီးဝင်တာ။ အရင်အချိန်တွေဆို ချောင်းရေဟာ မိုးရွာချိန်ကလွဲလို့ အမြဲကြည်လင်နေခဲ့တာ။ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း မုန်းချောင်းဖျားမှာ ရွှေတူးဖော်ခွင့်တွေပေးလိုက်တော့ ရွှေလုပ်ငန်းခွင်ကရွှံ့တွေကြောင့် ချောင်းရေတွေ နောက်လာတယ်။ အခုတော့ ဟိုတစ်ချိန်ကမြင်ကွင်းတွေ၊ ကြည်နူးခဲ့ရတဲ့ အရသာတွေလည်း ပျောက်ကုန်ခဲ့ပါပြီ” ဟု “မုန်း” ဒေသခံ ကိုစိုးမင်းနောင်က တမ်းတမ်းတတပြောပြပါသည်။

“မုန်း” မြို့၏ အရှေ့ဘက်ခြမ်းတွင် ကရင်ပြည်နယ်တောင်တန်းကြီးများကား ခံ့ညားစွာတည်ရှိ၏။ ထို “မုန်း” အရှေ့တောင်ပေါ်ဒေသများတွင် ကွမ်းသီးခြံများအများအပြားရှိသည်။ အိမ်တိုင်းလိုလို ပန်းအလှပင်များ၊ ဒူးရင်း၊ မင်းကွတ်၊ တညင်းသီး၊ ကွမ်း(ကွမ်းကြမ်း) များ စိုက်ပျိုးထားကြပါသည်။

အရင်အချိန်များက ဤဒေသတွင် သစ်ထုတ်လုပ်ရေးလုပ်ငန်း အကြီးအကျယ်လုပ်ကိုင်ခဲ့ကြဖူးသည်။ ဒီဇင်ဘာလဆိုလျှင် “မုန်း”ဝန်းကျင်ကြံခင်းများမှ ဇေယျဝတီသကြားစက်သို့ ကြံတင်ပို့မှုကလည်း အလွန်များခဲ့ဖူးပါသည်။

ငြိမ်းချမ်းစွာဖြင့် ဒေသဖွံ့ဖြိုးခဲ့မည်ဆိုပါက စစ်တောင်းမြစ်နှင့် မုန်းချောင်းဆုံတွေ့ရာ ဤဒေသသည် သဘာဝကပေးအပ်ထားသည့် အလှတရားများကြွယ်ဝစွာရှိခြင်းကြောင့် ခရီးသွားလုပ်ငန်းအတွက် များစွာအထောက်အကူပြုနေပါလိမ့်မည်။

မြူခိုးများဝေနေသော တောင်ကြားတစ်လျှောက် ပုံစံထူးခြားသော ကျောက်တုံး၊ ကျောက်ဆိုင်များကို ဖြတ်သန်းလျက် အေးအေးငြိမ့်ငြိမ့်စီးဆင်းနေသော ချောင်းငယ်လေးများ၊ တစ်မျှော်တစ်ခေါ် ကျယ်ပြောစိမ်းမြနေသော လယ်ကွင်းပြင်များ၊ တိမ်သား၊ တိမ်စိုင်၊ တိမ်ထုတို့နှင့် တစ်သားတည်း ထိစပ်နေသည့် တောင်တန်းအထပ်အလိပ်များ၊ တောင်စောင်းများ၊ ချောင်းကမ်းပါးများပေါ်ရှိ တောင်ယာတဲများမှ တလူလူလွင့်နေသော မီးခိုးငွေ့များ၊ ချစ်စရာဓလေ့များနှင့် ဒေသခံတိုင်းရင်းသားတို့၏ ရိုးရှင်းသော ကျေးရွာကလေးများဖြင့် စုစည်းမှုအဖုံဖုံတို့ကား ဆွတ်ပျံ့ကြည်နူးဖွယ် ပန်းချီကားတစ်ချပ်ပမာ ဖြစ်တည်နေကြသည်။

ဒေသ၏ ထင်ရှားကျော်ကြားလှသော ကျောက်ခဲကြီးတောင်၊ ရက္ခတောင်နှင့် ရှင်သီဝလိခြေတော်ရာ တောင်တို့ကလည်း ပန်းချီကားကို ပိုမိုပြည့်စုံအောင် အားဖြည့်ပံ့ပိုးထားသလိုပင်။

ထိုစဉ်အချိန်က “မုန်း”၏ ရာသီ၊ “မုန်း”၏ ဖြစ်တည်မှု၊ တော၏အရောင်၊ တောင်၏ အသွေး စသည့် အလှတရားများကို ပြန်လည်ခံစားရင်း “စစ်တောင်းမြစ်ကူး တံတားများအကြောင်း” တွေးတောမိပြန်သည်။

စစ်တောင်းမြစ်ကူးတံတားများ

၂၆၁ မိုင် အရှည်ရှိ စစ်တောင်းမြစ်တစ်လျှောက် မြစ်အရှေ့ဘက်ခြမ်းဒေသများရှိ အချို့ဒေသများမှာ ဖွံ့ဖြိုးမှုနောက်ကျနေဆဲဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်ကတံတားအထူးအဖွဲ့များဖြင့် မြစ်ကူးတံတားများကို တည်ဆောက်ပေးခဲ့ပါသည်။ ကမ်းနှစ်ဖက် အလွယ်တကူဖြတ်ကူးနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုနှင့်အတူ ထိုဒေသများ၏ စီးပွားရေး၊ လူမှုရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပါသည်။

ပေ ၆၈၀ ရှိ စစ်တောင်းတံတား (တောင်ငူ)၊ ပေ ၁၂၀၀ ရှိ ထန်းတပင်တံတား၊ ပေ ၁၂၀၀ ရှိ မြို့စိုး တံတား၊ ပေ ၇၂၀ အရှည်ရှိ နတ်သံကွင်းတံတား၊ ပေ ၁၅၀၀ အရှည်ရှိ မဒေါက်တံတား၊ မုပ္ပလင်ရှိ အရှည် ပေ ၂၃၂၀ ရှိ စစ်တောင်းမြစ်ကူးတံတား(အဟောင်း)နှင့် ၂၃၉၂ ပေ အရှည်ရှိစစ်တောင်း မြစ်ကူးတံတား(အသစ်) တို့ဖြစ်သည်။ နောက်ဆုံးတည်ဆောက်ပြီးစီးသော တံတားမှာ ဖြူး-အုတ်ဖြတ်-“မုန်း” လမ်းပေါ်ရှိ အရှည်ပေ ၆၂၀ ရှိ တံတားအပါအဝင် စစ်တောင်းမြစ်ကူးတံတား ခုနစ်စင်းရှိပါသည်။

တံတားတစ်စင်း တည်ဆောက်ရာဝယ်

နိုင်ငံတော်အနှံ့ လမ်းများဖောက်ကြရာတွင် မြစ်ချောင်းများကို မလွဲမသွေဖြတ်ကြရသည်။ ထိုမြစ်ချောင်းများကို ဖြတ်သန်းရန် တံတားများမဖြစ်မနေ တည်ဆောက်ရပါသည်။ မြစ်ကူး၊ ချောင်းကူးတံတားတစ်စင်း တည်ဆောက်သည့် လုပ်ငန်းမှာ လွယ်ကူလှသည်တော့ မဟုတ်ပေ။

စာရေးသူတို့ “နတလဦးစီးဌာန”သည် နယ်စပ်ဒေသများ၌ တစ်နေရာမှတစ်နေရာသို့ လွယ်ကူစွာဆက်သွယ်သွားလာနိုင်ရေးအတွက် လမ်းလုပ်ငန်း၊ တံတားလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

နယ်စပ်ဒေသများ၌ လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်ရာတွင် တောထူထပ်၍ တောင်များမတ်စောက်သော ဒေသများဖြစ်သဖြင့် အခက်အခဲပေါင်းများစွာ ကြုံတွေ့ရမြဲဖြစ်ပါသည်။ လူသူအရောက်အပေါက်နည်းသော ဒေသများဖြစ်သဖြင့် နှစ်စဉ်မိုးရေချိန်နှင့် ရေစီးကြောင်းပြောင်းလဲမှု (Annual data) ကို မှန်မှန်ကန်ကန် ရရှိရန်ခက်ခဲလှသည်။ တောင်ပေါ်ဒေသများဖြစ်၍ စက်ယန္တရားများနှင့် ဆောက်လုပ်ရေးပစ္စည်းများ သယ်ပို့ရာတွင် ကုန်ကျစရိတ်ပိုမိုများပြားသည်။ တောင်ကျချောင်း များဖြစ်သဖြင့် ရေအတက်အကျခန့်မှန်းရန်လည်း ခက်ခဲပြန်ပါသည်။ ထိုသို့ အမြင့်ဆုံးရေအမှတ် (Hight Flood) ခန့်မှန်းရန်ခက်ခဲသည့်နေရာများတွင် တံတား၏ရေလယ်တိုင်(Pier height) များကိုမြှင့်၍ တည်ဆောက်ပေးရပါသည်။

ကျွမ်းကျင်လုပ်သား (Skill Labor)လည်း ဒေသမှ ရရှိရန်ခက်ခဲပေသည်။ သဘာဝဘေးအန္တရာယ်များကိုလည်း ကြုံတွေ့ကြရသည်။ မတ်စောက်လှသော တောင်များကြောင့် မြေကြီးလုပ်ငန်းပမာဏများပြားပြီး (Landslide) မြေပြိုခြင်းများ မကြာခဏကြုံတွေ့ရတတ်ပြန်သည်။ ထို့အပြင် တံတား Foundation နှင့် Pile လုပ်ငန်းများသည် မိုးပြင်းထန်စွာရွာသွန်းမှု၊ တောင်ကျချောင်းများ၏ ရေစီးကြမ်းတမ်းမှုကြောင့် ရေတိုက်စား၍ ပျက်စီးတတ်ပါသေးသည်။ ထို့ကြောင့် မြေပြန့်ဒေသလုပ်ငန်းများထက် တောင်ပေါ်ဒေသလုပ်ငန်းများက ပိုမို၍ ကုန်ကျစရိတ်ကို များပြားစေခဲ့ပါသည်။

ဤသို့ပင် ဆောက်လုပ်ရေးဝန်ကြီးဌာနက မြစ်ကူးတံတားကြီးများ တည်ဆောက်ကြရာတွင် အကြိုအင်ဂျင်နီယာလုပ်ငန်းများ၊ Survey များ စတင်ချိန်ကအစပြု၍ တွေ့ကြုံရသည့် အခက်အခဲများကား ဆိုဖွယ်ရာမရှိ၊ များလွန်းလှပေလိမ့်မည်။ ထိုသို့ မြစ်ကူးချောင်းကူးတံတားကြီးတစ်စင်း ပြီးစီးရန်လည်း နှစ်ပေါင်းများစွာ အချိန်ယူတည်ဆောက်ခဲ့ကြရသည်။ နိုင်ငံတော်က နိုင်ငံသားတို့အတွက် ရေရှည်ဖြတ်သန်း အသုံးပြုနိုင်စေရန် စိန်ခေါ်မှု၊ အခက်အခဲမျိုးစုံကြားမှ “နတ်သံကွင်းတံတား” ကဲ့သို့သော မြစ်ကူးတံတားပေါင်းများစွာကို တည်ဆောက်ပေးခဲ့ပါသည်။

သို့သော် စဉ်းစားဉာဏ်မဲ့သူတို့လုပ်ရပ်ကြောင့် ဒေသတစ်ခုအတွက် အသက်ဝိညာဉ်နှင့်တူလှသော တံတားကြီးတစ်စင်းမှာ စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်း ကျိုးကျပျက်စီးခဲ့ရလေပြီ။

အကျိုးဆက်မှာ တိုသောခရီးများပိုဝေးခဲ့ပြီး ဝေးသောခရီးများ ပို၍ရှည်ခဲ့ပေပြီ။ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ငြိမ်းချမ်းရေးသည် တန်ဖိုးမဖြတ်နိုင်အောင် အရေးကြီးခဲ့လေပြီ။

အမှန်တကယ်ငြိမ်းချမ်းရေး

နိုင်ငံတော်ဝန်ကြီးချုပ်က “ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် NCA လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်၍ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရေးကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုလည်း ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးနိုင်ရေး အမြဲဖိတ်ခေါ်လမ်းဖွင့်ထားပြီးဖြစ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့်လည်း အေးအေးချမ်းချမ်းဖြင့် နေထိုင်လုပ်ကိုင် စားသောက်လိုသည်ဟု သိရှိပါကြောင်း၊ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုရှိပါက ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ပြီး ဒေသတစ်ခုချင်းအလိုက် တည်ငြိမ်အေးချမ်းမှုရှိခြင်းမှသည် တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းလာပြီး လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ အမှန်တကယ်ငြိမ်းချမ်းရေးကိုလိုလားပါက အမုန်းတရားကို အခြေခံ၍ဆောင်ရွက်၍ ရမည်မဟုတ်ကြောင်း၊ ငြိမ်းချမ်းရေးကို ပျက်ယွင်းစေမည့်အပြုအမူ၊ အပြောအဆို၊ အလုပ်အကိုင်များကို လုံးဝလက်သင့်ခံ၍ ရနိုင်မည်မဟုတ်ပါကြောင်း” ဟု အကြိမ်ကြိမ်အသိပေးခဲ့ပါသည်။

 “မုန်း” ကို အမြဲပြုံးစေချင်ပြီ

ဤနတ်သံကွင်း၊ ကျောက်ကြီး၊ “မုန်း”နယ်မြေသည် ၂၀၀၃ ခုနှစ်လောက်အထိ ညဘက်အရေးကြီးကိစ္စ အပြင်ထွက်လျှင် တစ်ကိုယ်လုံးမြင်သာအောင် မီးတုတ်ထွန်းပြီးမှထွက်ခဲ့ကြရသည့်အချိန် ကာလများရှိခဲ့သည်။ ဤဒေသသည် လုံခြုံရေးအရအရောင်ခပ်ရင့်ရင့် သတ်မှတ်ခဲ့ရသည်။ ကျိန်စာသင့် နယ်မြေတစ်ခု ဖြစ်ခဲ့ဖူးပါသည်။ ထိုမှတစ်ဖန်ငြိမ်းချမ်းရေး၏ အသီးအပွင့်များကို ချိုမြိန်စွာ ခံစားခဲ့ရပြန်သည်။ ဒေသ၏ အရောင်သည် ခပ်နုနု ခပ်ဖျော့ဖျော့သို့ ပြောင်းလဲလာခဲ့၏။

ယခုတော့ တစ်ခါအရောင်ပြန်၍ ရင့်ခဲ့ပြန်လေပြီ။

ဤဒေသတွင် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ပေးရန် “မုန်း”သို့ ရောက်စဉ်ကာလသည် အရောင်နုနုအချိန်ဖြစ်သည်။ ဒေသ၏ ကြည်နူးဖွယ်၊ စိတ်ချမ်းမြေ့ဖွယ် အခင်းအကျင်းကြောင့် -

အရင်တုန်းက

တဒက်ဒက်၊ တဒုန်းဒုန်းနဲ့

“မုန်း”ဟာ ငရဲ........

စစ်ပွဲတွေကို စက်ဆုပ်ပေမယ့်

ရှောင်လွှဲဖို့ကို ကြိုးစားမရခဲ့ဘူး......။

ညမှောင်ရင်

မီးရောင်မပြရဲခဲ့တဲ့“မုန်း”ဟာ

အခုတော့သာယာပုံကဲ

မိုးကဖွဲဖွဲရွာ

နေကကျဲကျဲကိုပူလို့.....။

မုန်တိုင်းလည်းမတိုက်

လေကြီးမိုးကြီးလည်းမကျ

လျှပ်စီးလည်းမလက်နဲ့

“မုန်း”ရဲ့ နံနက်ခင်းဟာ၊ နေစာလှုံရင်း

လတ်ဆတ်လို့

“မုန်း”ရဲ့ နေ့လယ်ခင်းဟာ၊ ဖြူစင်စွာတည်ငြိမ်လို့

“မုန်း”ရဲ့ ညနေခင်းဟာ၊ တိမ်တွေနဲ့တောက်ပလို့

“မုန်း”ရဲ့ ညအိပ်မက်တွေဟာ၊ လှပစွာချိုမြိန်လို့

ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေနဲ့

ဣန္ဒြေရလိုက်တာဗျာ......

အမည်နဲ့ကွာလိုက်ပုံများ

ကြည့်စမ်း.....

“မုန်း” ...... က

ခပ်ပြုံးပြုံးကြီးနဲ့ ကြိုလို့

“မုန်း”ကို ချစ်လိုက်တာ......ဟု

“မုန်း” အတွက် ကြည်နူးစွာဖြင့် စာတစ်ပုဒ်ရေးဖွဲ့ခဲ့ဖူးပါသည်။

........................

ယခုအချိန်တွင် “မုန်း” ၏ အပြုံးများသည် ခြောက်သွေ့နွမ်းလျော်၍ ပြန်လည်ပျောက်ဆုံးခဲ့ပြန်လေပြီ။

ဒေသအသီးသီးတွင် အနိဋ္ဌာရုံများ အမြန်ချုပ်ငြိမ်းပပျောက်ပြီး ဒေသတွင်းငြိမ်းချမ်းရေး အသီးအပွင့်များ ရရှိခံစားနိုင်စေရန် ထာဝရငြိမ်းချမ်းရေးသည်သာ နိုင်ငံသားအားလုံး၏ ဆန္ဒ၊ နိုင်ငံသားအားလုံး၏ မျှော်လင့်ချက်ဖြစ်တော့သည်။

ထာဝရငြိမ်းချမ်းရေး ရစေချင်ပါပြီ.......။

ဒေသဖွံ့ဖြိုးရေးများ ပြန်မြင်ချင်လှပါပြီ......။

“မုန်း”ကို အမြဲပြုံးစေချင်ပြီ.......။ ။