လူမှုဘဝဖွံ့ဖြိုးဖို့ စာတတ်မြောက်ရေးဝိုင်းကူစို့
ဇေထက်လှိုင်
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို သက်ဆိုင်ရာနိုင်ငံ၏ စာတတ်မြောက်မှုနှုန်းဖြင့် တိုင်းတာလေ့ရှိသည်။
စာတတ်မြောက်ခြင်းသည် လူတစ်ဦးတစ်ယောက်၏ဘဝနှင့် လူနေမှုအဆင့်အတန်းကိုသာမက မိမိပတ်ဝန်းကျင်ရှိ လူ့အသိုင်းအဝိုင်းအဖွဲ့အစည်းကိုပါ ပြောင်းလဲစေနိုင်သည်။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ်မူတည်ပြီး အသိပညာဖွံ့ဖြိုးတိုးတက်မှုမှာလည်း စာတတ်မြောက်မှုအပေါ် များစွာအမှီသဟဲပြုနေသဖြင့် စာတတ်မြောက်မှုကို အလေးထားဆောင်ရွက်ရမည်ဖြစ်ပါသည်။
ဘုန်းတော်ကြီးကျောင်းပညာရေး
မြန်မာနိုင်ငံ၏ပညာရေးအစသည် ဘုန်းတော်ကြီးကျောင်းပညာရေးသာဖြစ်သည်။ အရေး၊ အဖတ်၊ အတွက်ပညာများကို ဘုန်းတော်ကြီးကျောင်းများက သင်ကြားပေးရုံမျှသာမက စာရိတ္တပညာ၊ လူမှုရေးပညာ၊ အုပ်ချုပ်ရေးပညာအစရှိသည့် အဋ္ဌာရသ (၁၈)ရပ်ကို သင်ကြားပေးနိုင်ခဲ့သည်။ မြန်မာဘုရင်အဆက်ဆက်သည် ဘုန်းတော်ကြီးကျောင်းမှ ပညာသင်ပေးလိုက်သူများဖြစ်သည်။ ပုဂံခေတ်မှသည် ကုန်းဘောင်ခေတ်နှောင်း သီပေါမင်းလက်ထက်တိုင်အောင် တိုင်းပြည်အုပ်ချုပ် မင်းလုပ်နိုင်ခဲ့သော ပညာရပ်များဖြင့် ပြည့်စုံကုံလုံကြွယ်ဝခဲ့သည်။
၁၈၈၅ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘဝကျရောက်ခဲ့ပြီး မြန်မာတို့၏ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာများ တစ်စတစ်စ မှေးမှိန်ပျောက်ကွယ်ခဲ့ရသည်။ စာပေသင်ကြားမှုပိုင်းတွင်လည်း အရေးမသာ၊ အခွင့်မရဘဲ ဆုံးရှုံးခဲ့ရသဖြင့် စာတတ်မြောက်မှုနှုန်းမှာလည်း အလွန်အမင်း ကျဆင်းခဲ့ရသည်။ ထိုမျှသာမကဘဲ မြန်မာစာ၊ မြန်မာစကားပင်လျှင် အရေးမလှနိမ့်ကျခဲ့ရသည်။ လွတ်လပ်ရေးရပြီးစ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ၁၄ နှစ်တာကာလအတွင်း ဝန်ကြီးချုပ်ဦးနုခေါင်းဆောင်သော ဖဆပလအစိုးရက “လူထုပညာရေး” စီမံကိန်းကြီးဖြင့် စာတတ်မြောက်ရေးလုပ်ငန်းကို အင်နှင့်အားနှင့် ဆောင်ရွက်ခဲ့သည်။
၁၉၆၄ ခုနှစ်တွင် တစ်မျိုးသားလုံးလှုပ်ရှားမှုအသွင်ဖြင့် တစ်နိုင်ငံလုံး ‘အ’သုံးလုံး စာတတ်မြောက်ရေးလှုပ်ရှားမှုကို နှစ်စဉ်တိုးမြှင့်ဆောင်ရွက်ခဲ့၍ ၁၉၇၁ ခုနှစ်တွင် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းကြီးဖြစ်သော ယူနက်စကိုအဖွဲ့က ချီးမြှင့်သည့် မိုဟာမက်ရီဇာပါလာဗီဆုနှင့် ၁၉၈၃ ခုနှစ်တွင် နိုမာဆုတို့ကို ရရှိခဲ့သည်။ စာတတ်မြောက်ရေးလှုပ်ရှားမှုသည် သမိုင်းနှင့်ဆိုလျှင် “ပထမဆုံး” ကာလပင်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူတိုင်းစာတတ်မြောက်ရေးသည် အဓိကအရေးအကြီးဆုံးအပိုင်းတွင် ပါဝင်နေသဖြင့် ကမ္ဘာပေါ်ရှိနိုင်ငံအသီးသီးတို့၏ စာတတ်မြောက်ရေးလုပ်ငန်းတို့ကို စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် ၁၉၆၅ ခုနှစ်တွင် အီရန်နိုင်ငံ တီဟီရန်မြို့၌ကျင်းပသည့် စာတတ်မြောက်ရေးညီလာခံကြီးမှ စက်တင်ဘာလ ၈ ရက်နေ့ကို နိုင်ငံတကာစာတတ်မြောက်ရေးနေ့အဖြစ် သတ်မှတ်ပြဋ္ဌာန်းခဲ့သည်။
နိုင်ငံတစ်နိုင်ငံကို တည်ထောင်ရာတွင် ပညာရည်ပြည့်ဝသူများနှင့် ထူထောင်နိုင်မှသာ ဖွံ့ဖြိုးတိုးတက်နိုင်ပေမည်။ နိုင်ငံသားတိုင်း စာတတ်မြောက်ရေးမှာ အရေးကြီးလှသည်။ (၂၁) ရာစုကာလကို ပညာခေတ်ဟု သတ်မှတ်ခေါ်ဆိုသည့်အတိုင်း အသိပညာ၊ အတတ်ပညာ၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ လူ့ဘောင်သစ်ကို တည်ထောင်နေကြသည်။ စာမတတ်သူများ များပြားနေသည့်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုနှင့် အလှမ်းကွာဝေးနေမည်သာဖြစ်သည်။ ပညာဗဟုသုတနှင့်ပြည့်စုံလျှင် ပြည့်စုံသလောက် နိုင်ငံ၏အခြေအနေသည် တိုးတက်မည်။ စာတတ်သူများလာမှ ဆင်းရဲမှုသည်လည်း အထိုက်အလျောက် လျော့နည်းမည်ဖြစ်ပါသည်။
စာတတ်မှ အကောင်းနှင့်အဆိုး၊ အကျိုးနှင့်အပြစ်တို့ကို ခွဲခြားသိမြင်နိုင်မည်။ ဖွံ့ဖြိုးဆဲအချို့ဒေသများတွင် ဆင်းရဲနွမ်းပါးမှု၊ လက်နက်ကိုင်ပဋိပက္ခများနှင့် အခြားသောအခြေအနေများကြောင့် တိုးတက်မှုမှာ ခက်ခဲလျက်ရှိပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မေလ ၁၈ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂ဝ၂၃) ဖွင့်ပွဲအခမ်းအနားတွင် “ကျောင်းသားများ ကျောင်းဆက်မတက်ရခြင်း၏ အဓိကအကြောင်းရင်းသည် ဆင်းရဲမွဲတေမှု ကြောင့်ဖြစ်ကြောင်း” အသိပေးပြောကြားထားသည်။
နိုင်ငံတော်တည်ဆောက်ရေး၏အုတ်မြစ်
ပညာရေးသည် နိုင်ငံတော်တည်ဆောက်ရေး၏ အုတ်မြစ်ဖြစ်ပြီး ပညာတတ်များအပါအဝင် အသိပညာရှင်များ၊ ကျွမ်းကျင်ပညာရှင်များဖြင့်သာ နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ယနေ့အချိန်အခါတွင် အခြေခံပညာကို လူတိုင်းသင်ယူနိုင် ခွင့်ရရှိစေရမည်ဟူသော နိုင်ငံတော်၏ပညာရေးမူဝါဒနှင့်အညီ အခြေခံပညာ၏ အရင်းခံဖြစ်သော စာဖတ်တတ်မှု၊ စာရေးတတ်မှုနှင့် တွက်ချက်တတ်မှုဟူသည့် အခြေခံစာတတ်မြောက်ရေးသည် နိုင်ငံသားတိုင်းအတွက် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်လာသည်။
၂၀၂၃ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “Promoting literacy for a world in transition: Building the foundation for sustainable and peaceful societies” “တည်ငြိမ်အေးချမ်းသော လူ့အဖွဲ့အစည်းကမ္ဘာကြီးသို့ ကူးပြောင်းဖို့ စာတတ်မြောက်ရေးမြှင့်တင်စို့” ဟူသည့် ဆောင်ပုဒ်အတိုင်း စာတတ်မြောက်ခြင်းသည် တစ်ဦးချင်းစီ၏ အကျိုးကျေးဇူးများ ရရှိရုံသာမက မိမိတို့၏ဒေသတွင်း၊ နိုင်ငံတွင်း လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများကိုရရှိစေရန် စွမ်းဆောင်ပေးကြောင်းကို ယူနက်စကို၏ Concept note ထုတ်ပြန်ချက်တွင် ဖော်ပြထားရှိသည်။ အားလုံးပါဝင်ခွင့်ရှိပြီး အရည်အသွေးရှိသော ပညာရေးကို ရရှိစေခြင်းဖြင့် ပညာရေးသည် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းအားအရှိဆုံးနှင့် သက်သေပြနိုင်သော ကိရိယာတစ်ခုဖြစ်သည်ဟူသော ယုံကြည်ချက်ကို ထပ်လောင်းအတည်ပြုပါသည်။
တိုးတက်သည့်နိုင်ငံများတွင် နိုင်ငံသားတိုင်း စာကို စွဲမြဲစွာဖတ်ကြသည်ကို နမူနာယူ၍ “အလိမ္မာ စာမှာရှိသည်” ဆိုစကားအတိုင်း ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် စာမတတ်သူပပျောက်ရေးမှသည် စာမဖတ်သူပပျောက်ရေးကို အလေးထားအကောင်အထည်ဖော်၍ နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် အုတ်တစ်ချပ် သဲတစ်ပွင့် ကျရာနေရာမှ ပါဝင်သွားကြရမည်ဖြစ်ပါသည်။
သက်ကြီးစာပဒေသာများ ပြုစုဖြန့်ဝေ
စာတတ်မြောက်ခါစပုဂ္ဂိုလ်များအတွက် စာဖတ်ရှိန်တိုးပွားရန်နှင့် ကုန်ထုတ်လုပ်ငန်း အထောက်အကူပြု အသိပညာဗဟုသုတများ တိုးပွားရန်ရည်ရွယ်၍ မြန်မာနိုင်ငံ စာတတ်မြောက်ရေးဗဟိုကော်မတီ၊ သက်ကြီးဖတ်စာနှင့် စာပဒေသာပြုစုရေးဆပ်ကော်မတီသည် ဇော်ဂနီမ၊ ဝေလွင်လွင်၊ ဆီးသီးသည်မဗျိုင်း၊ အလှရတနာ၊ ပြည်ထောင်စုရိုးရာပုံပြင်များ စသည့် သက်ကြီးစာပဒေသာများနှင့် ကောက်သိမ်းချိန်၊ ရတနာမြေနှင့် သားလှရွှေစင်စသော စာဖတ်ရှိန်မြှင့်တင်ရေးစာစဉ်များကို ပြုစုဖြန့်ဝေပေးခဲ့သည်။ ထို့ပြင် ဝန်ကြီးဌာနများကလည်း သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် မိမိတို့ဝန်ကြီးဌာနများ၏ ဆောင်ရွက်ချက်များ၊ စာတတ်မြောက်ခါစပုဂ္ဂိုလ်များ သိသင့်သော ဗဟုသုတများ၊ အချက်အလက်များကို စာဖတ်ရှိန်မြှင့်တင်ရေးစာစဉ်များအဖြစ် ပြုစုထုတ်ဝေ၍ စာတတ်မြောက်ရေးလှုပ်ရှားမှု၌ အသုံးပြုရန် အကူအညီပေးလျက်ရှိသည်။ စာတတ်မြောက်မှုအောင်ပွဲ ဆင်နွှဲပြီးသောနယ်မြေများတွင် စာဖတ်ဝိုင်း၊ စာဖတ်ခန်းနှင့် စာကြည့်တိုက်များကို စနစ်တကျဖွဲ့စည်းဖော်ထုတ်၍ အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးစာစဉ်များကို ဖတ်ရှုနိုင်ရန် စီစဉ်ပေးလျက်ရှိသည်။
စာအုပ်စာပေဖတ်ရှုခြင်းဟူသည် ပြည်သူတို့၏ စဉ်းစားဆင်ခြင်ဉာဏ်၊ တွေးခေါ်မြော်မြင်နိုင်မှုတို့ကို အားကောင်းစေပြီး ဗဟုသုတ အကြားအမြင်များပြားခြင်းဖြင့် လောကအမြင်ကျယ်ကာ အမှားနှင့် အမှန်ကို ခွဲခြားဆန်းစစ်နိုင်မှု ထက်မြက်စေမည်ဖြစ်ပါသည်။ ထို့ပြင် ရသစာပေများကို ဖတ်ရှုခြင်းဖြင့် အနုပညာခံစားနိုင်မှုနှင့်အတူ နူးညံ့သိမ်မွေ့ယဉ်ကျေးလာမည်ဟု ယုံကြည်ပါသည်။
နိုင်ငံသားများ ယင်းကဲ့သို့ စဉ်းစားဆင်ခြင်ဉာဏ်၊ တွေးခေါ်မြော်မြင်မှု၊ အမှားအမှန်ကို ခွဲခြားဆန်းစစ်နိုင်မှု၊ ဗဟုသုတအကြားအမြင်များပြားပြီး အမြင်ကျယ်မှု၊ နူးညံ့သိမ်မွေ့ယဉ်ကျေးမှု တို့ဖြင့်သာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ကြီးစွာသော အထောက်အကူဖြစ်စေပါမည်။ ထို့ကြောင့် လူတစ်ဦးတစ်ယောက်၏ ဘဝနှင့် လူနေမှုအဆင့်အတန်းကိုသာမက မိမိပတ်ဝန်းကျင်ရှိ လူ့အသိုင်းအဝိုင်းအဖွဲ့အစည်းကိုပါ ပြောင်းလဲစေရန်အတွက် “လူမှုဘဝဖွံ့ဖြိုးဖို့ စာတတ်မြောက်ရေး ဝိုင်းကူစို့” ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။ ။