Skip to main content

အတွင်းပူ အပြင်ပူ

မိုးကုန်တာနဲ့ ဆောင်းအငွေ့အသက်တွေကို တွေ့ထိလာရပြီ။ မနက်အစောပိုင်းဆိုရင် အေးစိမ့်စိမ့်အရသာလေး ထိတွေ့လိုက်ရင် စိတ်ကိုလန်းသွားတာပဲ။ မြောက်ပြန်လေဝင်လာတော့ အအေးဓာတ်လေးလည်း ပါလာတယ်။ နေ့ခင်းတော့ မအေးသေးပါဘူး။ မနက်ပိုင်းနဲ့ ညပိုင်းလောက်ပဲ အေးသေးတယ်။

အအေးဓာတ်လေးဝင်လာရင် အပူဒဏ်လျော့ကောင်းပါရဲ့လို့ မျှော်နေရတာ။ မိုးအကုန်၊ ဆောင်းအကူးဆိုပေမယ့် နေကပူလိုက်တာ။ မိုးလေးရွာတုန်းကတော့ ဒီလောက်ပူတယ်လို့ မခံစားရဘူး။ ညပိုင်းမှာ မိုးရွာထားရင် နေ့ခင်းအထိ အအေးဓာတ်လေးရနေတော့ အပူဒဏ်က သိပ်မသိသာဘူး။ အခုဆို မိုးကုန်သလောက်ရှိပြီ။ မိုးအကုန် ဆောင်းအကူးမှာတင်ပဲ အပူဒဏ်က လက်စွမ်းပြနေလိုက်တာ။ ဒါတောင် နွေမရောက်သေးဘူး။ နွေရောက်ရင် ဘယ်လောက်ပူလိုက်မလဲ စဉ်းစားမရဘူး။ အပူဒဏ်က တစ်နှစ်ထက်တစ်နှစ် တိုးလာလိုက်တာ လျော့သွားတယ်လို့ကို မတွေ့မိသေးဘူး။ ကိုယ့်ဆီမှာ ပိုပူလာလို့သာပြောရတာ အေးတဲ့နေရာတွေမှာကျပြန်တော့ အအေး လွန်ကဲနေလို့တဲ့။ ရာသီဥတုတွေ ဖောက်ပြန်နေလိုက်တာ။

ကမ္ဘာ့အပူချိန် တစ်နှစ်ထက်တစ်နှစ်စံချိန်ချိုး

ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတစ်ပုဒ် ဖတ်ရတယ်။ ရာသီဥတုဆိုင်ရာ အချက်အလက်တွေအရ ၂၀၂၃ ခုနှစ်ဟာ တစ်ကမ္ဘာလုံး ပျမ်းမျှအပူချိန် အမြင့်ဆုံးဖြစ်နေတယ်လို့ ဆိုပါတယ်။ ၂၀၂၃ က မကုန်သေးဘူး။ နိုဝင်ဘာလလဝက်နဲ့ ဒီဇင်ဘာကျန်သေးတယ်။ နှစ်မကုန်သေးပေမယ့် လက်ရှိမှတ်တမ်းတွေအရ အပူဆုံး နှစ်ဖြစ်ဖို့ သေချာသလောက်ပဲတဲ့။ ကမ္ဘာ့ အပူချိန်မြင့်တက်နေတာက တစ်နှစ်ထက်တစ်နှစ် စံချိန်ချိုးနေလိုက်တာ လျော့ကျမယ့်အခြေအနေ မရှိသေးဘူး။

အခု ၂၀၂၃ ကလည်း စံချိန်ချိုးမယ် ဆိုတဲ့သဘောပေါ့။ မှတ်တမ်းတွေအရ အပူချိန်စံချိန်ချိုးနေသလို လက်တွေ့ ခံစားရတာလည်း စံချိန်တင်ရော။ အပူဒဏ်ခံနိုင်ပါတယ်ဆိုတဲ့ အညာသားတောင် ဒီအပူဒဏ်ကို ကျောကော့အောင် ခံနေရတယ်။ နေ့လယ်နေ့ခင်း အပြင်ထွက်လိုက်ရင် အပေါ်ပူ အောက်ပူနဲ့။ အထက်မီးအောက်မီး မုန့်လုပ်တဲ့ အိုးထဲရောက်နေသလား မှတ်ရတယ်။ ထီးလေး၊ ဦးထုပ်လေးလို အဆောင်းတစ်ခုခုမှ မပါရင် အပြင်မထွက်ရဲဘူး။ ပူချက်က ကမ်းကုန်ရော။

အပြင်ထွက်လို့ နေပူတာကိုသာ ပြောရတာပါ။ အိမ်ထဲလည်း မထူးဘူးရယ်။ တစ်ရှိန်ရှိန်နဲ့။ နေစရာမရှိဘူး။ လေတိုက်တဲ့အချိန်ဆို အပူသက်သာတယ်။ ညဘက်လေမတိုက်ရင် အပူရှိန်တွေက အိမ်ထဲလှောင်နေရော။ ကျွန်တော်တို့ငယ်ငယ်က နွေညတွေမှာဆို မအိပ်နိုင်ဘူး။ ပူလို့ဆိုပြီး ခြင်ထောင်မပါဘဲနဲ့လည်း အိပ်လို့ကမရ။ ခြင်က ခွေးဆွဲသလိုပဲ ဝိုင်းဆွဲတာ။ အဲဒီတော့ ခြင်ထောင်ထဲမှာ ယပ်တောင်ခတ်ရင်း အိပ်ရတာပဲ။ ယပ်ခတ်လို့အေးသွားရင် အိပ်ပျော်သွားလိုက်၊ ပူလာရင် နိုးလာလိုက်နဲ့ ချွေးတဒီးဒီးကျရင်း တစ်ညကုန်ရတာ။ တစ်ခါတလေ ပူလွန်းလို့ အိပ်ခါနီးရင် ရေချိုးပြီး အိပ်တယ်။ ရေချိုးပြီးလို့ ခန္ဓာကိုယ်က အေးနေရင် အိပ်လို့ရသေးတယ်။ အသက် ငယ်သေးတဲ့အချိန်တုန်းကတော့ ညဘက်ရေချိုးအိပ်ရဲတယ်။ သိပ်ပြဿနာမရှိဘူး။ အသက်ကြီးလာတော့ အဲဒီလို မလုပ်ရဲတော့ဘူး။ အသက်ဉာဏ်စောင့်ပြီး နေနေရတယ်။ ကျွန်တော့်အဖေက အညာဘက်မှာ နေတွေအရမ်းပူတဲ့အချိန်တုန်း က heat stroke ဖြစ်ပြီးဆုံးသွားခဲ့တာ။ အညာဘက်မှာ နွေရောက်ရင် သက်ကြီး ရွယ်အိုတွေအတွက် အန္တရာယ်များတယ်။ ဒါကြောင့် နေပူတဲ့အချိန်မှာ သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးမကောင်းတဲ့ သူတွေက အနေအထိုင်၊ အသွားအလာနဲ့ အစားအသောက်ကအစ သတိထားရတယ်။ ဒီအပူချိန်ဒဏ်ကို အသက်ငယ်တဲ့သူတွေတောင် အံကြိတ်ခံနေရတာ။ သူတို့ ဘယ်လိုလုပ်ခံနိုင်မလဲ။

အခုလို နေပူတာကိုတွေ့တော့ ဦးဘရွှေကို သတိရမိတယ်။ ဦးဘရွှေ ဆိုတာ ကျွန်တော်တို့အိမ်နဲ့ နှစ်အိမ်ကျော် မှာနေတဲ့သူပါ။ ကျွန်တော်တို့ ၁၀ နှစ်သားလောက်က ဦးဘရွှေရဲ့အသက်က ၅၀ ကျော်နေပြီ။ သူက လူပျိုကြီးပါ။ ဦးဘရွှေ က သောက်ရေ (ရေချို) ထမ်းရောင်းပါတယ်။ အဲဒီအချိန်က သောက်ရေသန့်ဆိုတာ မရှိသေးဘူး။ သောက်ရေအတွက် ရေချိုထွက်တဲ့ ရေတွင်းကရေကို သုံးရ တယ်။ ထမင်းချက်ဖို့အတွက်တော့ ရေချိုဖြစ်ဖြစ်၊ မြစ်ရေဖြစ်ဖြစ် သုံးကြပါတယ်။ မိုးရွာရင်တော့ မိုးရေခံထားပြီး သုံးတဲ့သူ တွေလည်းရှိတယ်။ ကျွန်တော်တို့အိမ် ရေတွင်းက နဲနဲငန်တော့ ရေချိုးဖို့နဲ့ ဆေးကြောဖို့ပဲ သုံးလို့ရတယ်။ သောက်ရေကို ဦးဘရွှေဆီကဖြစ်ဖြစ်၊ ရေစည်လှည်းကဖြစ်ဖြစ် ဝယ်သုံးရတယ်။ ဦးဘရွှေက သံပုံးနှစ်ပုံးကို ထမ်းပိုးနဲ့ထမ်းပြီး ရေမှာတဲ့အိမ်တွေကို လိုက်ပို့ပါတယ်။ သူက တစ်နေ့လုံး ရေချိုမထမ်းပါဘူး။ မနက်ပိုင်း တစ်ပိုင်းပဲပို့တယ်။ မနက် ၆ နာရီလောက်ကနေ ၁၀ နာရီအထိလောက်ပဲ။ အဲဒါပြီးရင် ဦးဘရွှေ နားပါပြီ။ အဲဒီဦးဘရွှေမှာ အခြားထူးခြားချက်တွေ အများကြီးပဲ။

ဦးထုပ်နဲ့ဖိနပ် ချွတ်ရမယ်မထင်

အဲဒီထူးခြားတွေထဲက တစ်ခုက ဦးဘရွှေဟာ အင်္ကျီဝတ်လေ့မရှိတာနဲ့ ဖိနပ်စီးလေ့မရှိတာပါပဲ။ ဦးဘရွှေဟာ စွပ်ကျယ်တောင် ဝတ်လေ့မရှိပါဘူး။ ကျောပြောင်ကြီးပဲ နေတယ်။ ဒါပေမယ့် ဦးဘရွှေ အင်္ကျီဝတ်တဲ့အချိန်၊ ဖိနပ်စီးတဲ့ အချိန်နဲ့ ဦးထုပ်ဆောင်းတဲ့အချိန်တွေ ရှိပါတယ်။ ဘုန်းကြီးကျောင်း သီလသွားယူရင် ဦးဘရွှေ အင်္ကျီဝတ်ပါတယ်။ ဖိနပ်စီးပါတယ်။ ဘုန်းကြီးကျောင်းသွား တာမဟုတ်ဘဲ ကျန်တဲ့အချိန်မှာ ဦးဘရွှေ အင်္ကျီဝတ်ပြီဆိုရင် သေချာတယ် ရာသီဥတု တော်တော်အေးလို့ပဲ။ နောက်ပြီး ဦးဘရွှေ ဖိနပ်စီးပြီး ဦးထုပ်ဆောင်းထားပြီဆိုရင် အဲဒီနေ့က ချစ်ချစ်တောက် နေပူလို့ပဲ။ ဖေဖေနဲ့မေမေက ဦးဘရွှေ ဖိနပ်စီးပြီး ဦးထုပ်ဆောင်းထားတာ တွေ့ရင်ဟဲ့ နေအရမ်းပူနေပြီ ဦးဘရွှေ ဖိနပ်စီးပြီး ဦးထုပ်ဆောင်းထားတာ တွေ့လားလို့ ကျွန်တော်တို့ကို ပြောပါတယ်။ အဲဒီ ဦးဘရွှေကြီး ဆုံးသွားတာကြာပါပြီ။ အခုနေ ဦးဘရွှေကြီး ရှိနေသေးတယ်ဆိုရင် သူ့ခမျာ ဦးထုပ်နဲ့ ဖိနပ်ကို ချွတ်ရမယ်ကို မထင်ဘူး။ ထီးတွေ ဘာတွေတောင် ဆောင်းချင်ဆောင်းနေဦးမှာ။

ကျွန်တော်တို့ကတော့ အပူဒဏ်ကာကွယ်နိုင်ဖို့ အရိုးတံရှည်နှီးယပ်တောင်လေး တဖျပ်ဖျပ်နဲ့ နတ်ကတော်လိုလို ဘာလိုလို။ အဲဒီလောက်ပူတာက ကိုယ့်နေရာ တစ်ခုတည်းတော့ မဟုတ်ဘူး။ နေရာအနှံ့ပဲ။ ပူတာလည်း မပြောနဲ့။ ပူအောင်လုပ်နေကြတာကိုး။ အပူချိန် မတက်ဖို့၊ ထိန်းသိမ်းဖို့ အော်တဲ့သူတွေမှာ အသံပြာအောင် အော်နေတဲ့ကြားက အပူချိန်တက်ရတဲ့ အကြောင်းရင်းတွေက လျော့မကျတဲ့အပြင် တိုးတောင်နေလိုက်သေး။ မှတ်ကရော။

ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီးက ထုတ်ပြန်ထား

၂၀၂၁ ခုနှစ်ကဆိုရင် ကမ္ဘာကြီး ပူနွေးလာစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်၊ မီသိန်းနဲ့ နိုက်ထရိုက်အောက်ဆိုက် ထုတ်လွှတ်တာ စံချိန်သစ်တင်ခဲ့ပါတယ်တဲ့။ ကာဗွန်ဒိုင်အောက်ဆိုက် ဆိုရင် ၂၀၂၀ ကနေ ၂၀၂၁ အတွင်းတိုးလာတဲ့ ပမာဏာကပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ပျမ်းမျှနှစ်စဉ် တိုးတက်နှုန်းထက် ပိုများနေတယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီးက ထုတ်ပြန်ထားတာ တွေ့ရတယ်။ တိုးမှာပေါ့။ ကျောက်မီးသွေး၊ ရေနံနဲ့သဘာဝဓာတ်ငွေ့ သုံးနေတာတွေက လျော့မှမလျော့ဘဲကိုး။ အဲဒီကျောက်ဖြစ် ရုပ်ကြွင်းလောင်စာတွေ သုံးတဲ့အတွက် တစ်ကမ္ဘာလုံး ဖန်လုံအိမ်ဓာတ်ငွေ့ရဲ့ ၇၅ ရာခိုင်နှုန်း၊ ကာဗွန်ဒိုင်အောက်ဆိုက်တွေရဲ့ ၉၀ ရာခိုင်နှုန်းကို ထုတ်လွှတ်နေတယ်ဆိုပဲ။ အဲဒါတွေကပဲ ကမ္ဘာ့ရာသီဥတုကို ပြောင်းလဲအောင် လုပ်နေတယ်။

ခက်တာက အဲဒီရုပ်ကြွင်းလောင်စာတွေက မသုံးလို့လည်း မဖြစ်ပြန်ဘူး။ သူ့တို့ကို အစားထိုးမယ့် နည်းပညာတွေ တိုးတက်လာပေမယ့် အဲဒါတွေအကုန်လုံးကို အစားမထိုးနိုင်သေးဘူး။ အချို့ နည်းပညာတွေက စရိတ်စကများနေတော့ နိုင်ငံတိုင်း လက်လှမ်းမမီနိုင်ဘူး ဖြစ်နေတယ်။ အဲဒါ ဒီကွာဟချက်က ကမ္ဘာကြီးပူနွေးလာတာနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ ကြီးမားတဲ့ အခက်အခဲ ဖြစ်နေတာတွေ့ရတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဒီအတိုင်းကြီး ဆက်သွားဖို့က မဖြစ်နိုင်ဘူး။ နောက်ပိုင်း ဒီထက်ပိုဆိုးလာရင်းနဲ့ ပြန်ပြင်လို့မရတဲ့ အခြေအနေရောက်တော့မယ်။ အခုတောင် ကမ္ဘာ့အပူချိန်တွေ မြင့်မြင့်လာလို့ ပျောက်ကွယ်သွားတဲ့ သတ္တဝါမျိုးစိတ်တွေ ရှိနေပြီ။ သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်တွေ ပျက်စီးနေပြီ။ အချို့ပျက်စီးတာတွေနဲ့ ပျောက်ကွယ်သွားတာ တွေက ဘယ်လိုမှ ပြန်မရနိုင်တော့ဘူး။ သဘာဝလောကကြီးက သက်ရှိတွေအချင်းချင်း၊ သက်ရှိနဲ့သက်မဲ့တွေအကြား တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပြီး ရှင်သန်ရပ်တည်နေကြတာ။ အဲဒီ ချိတ်ဆက်ထားတဲ့ ကွင်းဆက်တွေ ပြတ်သွားရင် လူသားတွေ ဘယ်လိုများ ရပ်တည်ကြမလဲ။ ပြင်ဖို့ အခုအချိန်မီနေသေးတယ်။

ဟန်ချက်ညီလိုက်နာဖို့လိုနေသေး

နောက်ထပ် သတင်းတစ်ပုဒ်က ကမ္ဘာ့ရာသီဥတုမှာ အရေးကြီးတဲ့ ဝင်ရိုးစွန်းက ရေခဲမြစ်တွေ အရည်ပျော်တာ အရေးကြီးအခြေအနေရောက်နေပြီဆိုပဲ။ အပူချိန်တွေ မြင့်လာလို့ဖြစ်လာတဲ့ နောက်ဆက်တွဲပြဿနာတွေက တစ်ခုပြီးတစ်ခု မီးခိုးကြွက်လျှောက်ပဲ။ အဲဒါကြောင့် ကမ္ဘာကြီးပူနွေးလာတာကို တားဆီးဖို့အတွက် ၂၀၅၀ မှာ ကာဗွန်ထုတ်လွှတ်တာကို သုညအထိလျှော့ချဖို့ ကမ်ပိန်းတွေ ကုလသမဂ္ဂက လုပ်နေတာ တွေ့ရပါတယ်။ အဲဒီကမ်ပိန်းမှာဆိုရင် ရုပ်ကြွင်းလောင်စာအသုံးပြုနေကြတာတွေကနေ ကာဗွန်ထုတ်လွှတ်တာနည်းအောင်လုပ်ဖို့ အစီအစဉ်လည်းပါတယ်။ အဲဒါကလည်း လုပ်တော့လုပ်ပါရဲ့၊ လိုက်နာမှုနဲ့ ထိရောက်မှုက နှောင့်နှေးနေသေးတယ်လို့ သိရပါတယ်။ အချို့ကလည်း သူတို့ အကျိုးစီးပွားနဲ့ အမြတ်အစွန်းကို ထိခိုက်မှာစိုးလို့ ထိထိရောက်ရောက် မလုပ်ကြတာလည်းရှိနေတုန်းပဲ။ အားလုံးဟန်ချက် ညီလိုက်နာဖို့ လိုနေသေးတဲ့သဘောပေါ့။

ကမ္ဘာကြီးပူနွေးလာစေတဲ့ အကြောင်းရင်းထဲမှာ သစ်တောတွေပျက်စီးတာနဲ့ တောမီးလောင်တာတွေလည်းပါတယ်။ နောက်ပြီး သစ်တော၊ သစ်ပင်တွေက ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူကြတဲ့အတွက် လူတွေရဲ့ အပြုအမူကြောင့် ထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေကို လျော့ကျအောင် တစ်ဖက်တစ်လမ်းက အကျိုးပြုနေပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက်ကို ပင်လယ်သမုဒ္ဒရာတွေ၊ မြေဆီလွှာတွေနဲ့ သစ်တောတွေက အဓိကစုပ်ယူတာကိုး။ သစ်ပင်တွေက လူသားတွေ အသက်ရှူနေတဲ့ အောက်ဆီဂျင်ကို ထုတ်ပေးပြီး ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူတာမို့ လူသားတွေအတွက် အရေးပါတဲ့ အစိတ်အပိုင်းတွေပါ။ သစ်တောတွေဟာ မြေပေါ်မှာရှိတဲ့ သတ္တဝါနဲ့ သစ်ပင်တွေ ၈၀ ရာခိုင်နှုန်းရဲ့ မှီခိုအားထားရာ နေအိမ်ကြီးတွေလည်း ဖြစ်တယ်။ လူသားတွေလည်း အသက်မွေးဝမ်းကျောင်းဖို့နဲ့ နေ့စဉ်စားဝတ် နေရေး လိုအပ်ချက်အတွက် သစ်တောတွေကို အားထားနေကြရတယ်။

သစ်ပင်တွေ အကျိုးပြုတာတော့ အခြားမကြည့်နဲ့။ ကိုယ့်ပတ်ဝန်းကိုပဲ ကြည့်ကြည့်လိုက်။ သစ်ပင်ရှိတဲ့နေရာနဲ့ သစ်ပင်မရှိတဲ့နေရာ။ ဘယ်လောက်များ ကွာသလဲလို့။ ကျွန်တော်တို့ ငယ်ငယ်က အဒေါ်ဖြစ်သူ ရွာကနေ မြို့တက်လာရင် ပြောရှာတယ်။ ငါ့တူရယ် မင်းတို့ဆီလာရတာ လူကို အရှင်လတ်လတ် ကျပ်တိုက် ထားသလိုပါလားကွယ်တဲ့လေ။ ပြောမှာပေါ့ ပူတာကိုး။ နေပူတာချင်းအတူတူ ရွာမှာက မန်ကျည်းပင်လို သစ်ကြီးဝါးကြီးတွေနဲ့ အေးနေတယ်။ ကျွန်တော် တို့ဆီမှာက သစ်ပင်ကြီးတွေ မရှိဘူးလေ။ လေတိုက်ရင်တောင် လေပူတွေဆိုတော့ ဘယ်နေနိုင်မလဲ။ နေပူတာချင်းအတူတူ သစ်ပင်ရှိတာနဲ့ မရှိတာ အဲဒီလိုကွာတာ။

သစ်ပင်တစ်ပင်ဟာ ကာဗွန်ဒိုင် အောက်ဆိုက် ၁၅၀ ကီလိုဂရမ် စုပ်ယူထားနိုင်

နောက်ပြီး သစ်ပင်တစ်ပင်ဟာ တစ်နှစ်ကို ကာဗွန်ဒိုင်အောက်ဆိုက် ၁၅၀ ကီလိုဂရမ်အထိ စုပ်ယူထားနိုင်တယ်လို့ ဆိုတယ်။ ကမ္ဘာ့သစ်တောတွေက ကာဗွန် ၂၉၆ ဂစ်ဂါတန်လောက်ကို မြေပြင် အထက်နဲ့ မြေအောက်ဇီဝလောင်စာအဖြစ်နဲ့ ထိန်းထားနိုင်ပါတယ်တဲ့။ သစ်ပင်တစ်ပင်နဲ့ တစ်ပင်တော့ စုပ်ယူနိုင်တဲ့ ပမာဏမတူဘူးပေါ့။ သစ်တော၊ သစ်ပင်တွေက အဲဒီလိုအဘက်ဘက်က အကျိုးပြုနေပေမယ့် သစ်တောပြုန်းတီးတာတွေနဲ့ သစ်တောအရည်အသွေး ကျဆင်းနေတာတွေက ကြောက်ခမန်းလိလိ ပါပဲလို့ ကုလသမဂ္ဂအစားအစာနဲ့ စိုက်ပျိုးရေးအဖွဲ့ကြီးက ပြောထားတာ တွေ့ရပါတယ်။ အဲဒီထဲမှာ လူဦးရေ တိုးလာလို့ မြို့ပြတွေ ကျယ်ပြန့်လာတာ၊ စိုက်ပျိုးမြေ ချဲ့ထွင်လာတာတွေကလည်း သစ်တောပြုန်းတီးတာတွေ ဖြစ်လာတယ်။ တစ်ဖက်မှာ သစ်တော ပြုန်းတီးတာတွေရှိနေလို့ တစ်ဖက်မှာ သစ်တောတွေကို ထိန်းသိမ်းတာ၊ စိုက်ပျိုးတာတွေကိုရှိနေရင် ခုသာခံသာ ရှိနိုင်ပါသေးတယ်။ အဲဒီထိန်းသိမ်းတာတွေ မရှိရင်တော့ ပျက်စီးတာတွေက တစ်နွယ်ငင် တစ်စင်ပါ အတောသတ် နိုင်မယ်မထင်ဘူး။

လတ်တလောအထိတော့ ကမ္ဘာ့အပူချိန် လျှော့ချနိုင်အောင် အပြင်းအထန် ကြိုးစားနေရဆဲပဲ။ ကမ္ဘာ့အပူချိန်မြင့်ရတဲ့ အကြောင်းရင်းတွေကို ကာကွယ်ထိန်းသိမ်းဖို့နဲ့ ပြည့်ဖြိုးမြဲစွမ်းအင်လို သဘာဝနဲ့ လိုက်လျောညီထွေရှိတဲ့ နည်းပညာနဲ့နေထိုင်မှုပုံစံတွေ အစားထိုးဖို့ ကြိုးစားနေကြတာ ကြာပါပြီ။ အဲဒီထဲမှာ ထိန်းသိမ်းဖို့ခက်နေတာက လူတွေရဲ့ လောဘဆိုတဲ့ အရင်းခံအကြောင်းတရား ပါပဲ။ ရလေလိုလေဆိုတဲ့ လူတွေရဲ့ မဆုံးနိုင်တဲ့ လောဘပြိုင်ဆိုင်မှုက ကမ္ဘာလောကတစ်ခုလုံးကို ယိုယွင်းပျက်စီးစေတဲ့ အဓိကတရားခံလို့ပြောရင် လွန်မယ်မထင်ဘူး။ ကိုယ်ကျိုးစီးပွားနှင့် အများ အကျိုး စီးပွားယှဉ်ရင် အများအကျိုးစီးပွားက နောက်ကောက်ကျနေတယ်။ ကိုယ်စီကိုယ်စီရဲ့ အကျိုးစီးပွားတွေ ထိပ်တန်းတင်လာကြတော့ အများကောင်းကျိုးဆိုတာ နေပူပူအောက်က တံလျှပ်လို ဖြစ်နေတယ်။ အများအကျိုးစီးပွားတွေ လုပ်ကြတဲ့အခါ တာဝန်တစ်ရပ်ဆိုတာထက် အသိတရားနဲ့ လိုက်နာစောင့်ထိန်းအပ်တဲ့ စိတ်သဘောထား၊ ကျင့်ဝတ်နဲ့ အမူအကျင့်တွေအပေါ် အများကြီးမူတည်ပါတယ်။ အချို့လည်း ကျင့်ဝတ်တွေကို အသိတရားရှိရှိ လိုက်နာကြတယ်။ အချို့ ကလည်း အသိတရားမဲ့စွာနဲ့ ဖောက်ဖျက်ကြတယ်။

လူမှုပတ်ဝန်းကျင်တစ်ခုမှာ အသိတရားမြင့်မားပြီး ကျင့်ဝတ်တွေလိုက်နာကြရင် အဲဒီပတ်ဝန်းကျင်ဟာ ရေရှည်တိုးတက်မြင့်မားလာမှာပါ။ အဲဒီလို မဟုတ်ဘဲ အသိတရားမဲ့ပြီး ဖောက်ဖျက်တဲ့သူများလာရင်တော့ ပျက်စီးယိုယွင်းတဲ့ဘက်ကို ဦးတည်သွားမှာပဲ။ တိုးတက် တယ်ဆိုရင်တောင် တစ်ဖက်မှာ ပေးဆပ်လိုက်ရတဲ့ ကြီးကြီးမားမား ဆုံးရှုံးတာတွေ၊ ထိခိုက်တာတွေ ရှိလာပါလိမ့်မယ်။

လူအများနဲ့ နေထိုင်လုပ်ကိုင်ကြတဲ့အခါ လူ့သဘောသဘာဝတွေကို ရှောင်လွှဲဖို့ အခက်သား။ လူ့သဘော သဘာဝတွေထဲမှာ လောဘရှိတတ်တဲ့ သဘာဝလည်း ပါပါတယ်။ ဒါပေမယ့် လောဘတွေက ရှိသင့်တာ၊ ဖြစ်သင့်တာထက် အတိုင်းအဆမဲ့ မီးတောက်လို လောင်မြိုက်နေရင်တော့ သူတစ်ပါးတွေကိုပါ ထိခိုက်စေပါတယ်။ အခုဆို လူတွေရဲ့ လောဘကြောင့် ကမ္ဘာကြီးရဲ့အပူချိန်ကို တိုးပြီးရင်းတိုးနေတာ လက်တွေ့မြင်တဲ့အတိုင်းပဲ။ လူတွေရဲ့အဇ္စျတ္တအတွင်းက လောဘအပူတွေ ထပ်ပြီးများနေရင်တော့ အပြင်လောကရဲ့ အပူရှိန်တွေက ဆက်ပြီးမြင့်နေဦးမယ်ထင်ပါရဲ့။       ။

သိန်းထွန်း (IR)