ကလေးသူငယ်များ အကြမ်းဖက်မှုမခံရစေရေး အားလုံးဝိုင်းဝန်းကူညီပေး
ဒေါက်တာခိုင်ခိုင်ဝင်း
နေ့စဉ်ကမ္ဘာကြီးပေါ်ရှိ သန်းပေါင်းများစွာ ကလေးသူငယ်များသည် အကြမ်းဖက်ခံနေရခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရခြင်း၊ လျစ်လျူရှုပစ်ပယ်ခံနေရခြင်း၊ ခေါင်းပုံဖြတ်ခံနေရခြင်းများကို ပုံစံအမျိုးမျိုးဖြင့် ခံစားနေရပါသည်။
ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းသည် အဆိုးရွားဆုံး ကလေးသူငယ်အခွင့်အရေးချိုးဖောက်ခြင်းဖြစ်ပါသည်။ ယနေ့ကမ္ဘာကြီးပေါ်ရှိ နိုင်ငံအများအပြားတွင် ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းဖြစ်ပေါ်နေခြင်းများမှာ အမြစ်ပမာတွယ်နေပြီး လူမှုအသိုင်းအဝိုင်းကို ခြိမ်းခြောက်လာနေသောကိစ္စရပ်တစ်ခုလည်း ဖြစ်ပါသည်။
UNICEF ၏ ၂၀၂၃ ခုနှစ် ဇွန်လတွင် ဖော်ပြခဲ့သည့် အချက်အလက်အရ ကမ္ဘာ့နိုင်ငံစုစုပေါင်း၏ သုံးပုံ တစ်ပုံကျော်တွင် နေထိုင်ကြသူ အမျိုးသမီးငယ်များသည် ငယ်ရွယ်စဉ်အချိန်က လိင်ပိုင်းဆိုင်ရာ ထိပါးခြင်းကို ခံခဲ့ရသူများဖြစ်သည်ဟု ဆိုထားပါသည်။ အကြမ်းဖက်ခံရခြင်းတွင် ပြင်းထန်စွာရိုက်နှက်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားခံရခြင်း၊ မုဒိမ်းမှုကျူးလွန်ခံရခြင်း၊ လိင်အလွဲသုံးစားပြုခံရခြင်း၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း၊ တရားမဝင်ပြည့်တန်ဆာ လုပ်ငန်းများနှင့် ရုပ်ပုံများတွင် အမြတ်ထုတ်အသုံးချခြင်းများ စသည်တို့ ပါဝင်ပါသည်။
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုများကို ကလေးသူငယ်များတွင် ကျား/မ မရွေး၊ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သည်ကိုတွေ့ရှိရသလို ဆင်းရဲမွဲတေမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုနည်းသော နိုင်ငံများရှိ ကလေးသူငယ်များမှာ ပိုမိုတွေ့ကြုံခံစားရလေ့ရှိသည်ဟု လေ့လာသိရှိရပါသည်။
အခွင့်အရေးတန်းတူရှိသည်ဟု
မစဉ်းစားကြ
ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ဖြစ်ပွားရခြင်းများတွင် အကြောင်းအရာများစွာ ပါဝင်နိုင်ပါသည်။ ကလေးသူငယ်များသည် လူကြီးများနည်းတူ အခွင့်အရေးတန်းတူရှိသည်ဟု မစဉ်းစားကြခြင်း၊ ကျား/မတန်းတူညီမျှမှုမရှိ ခွဲခြားဆက်ဆံခြင်း၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအယူအဆများရှိနေခြင်း၊ အယူသည်းမှုများ ရှိနေခြင်း၊ ဆင်းရဲမွဲတေခြင်း၊ စာမတတ်မြောက်ခြင်းနှင့် ကလေးသူငယ်များသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့်စပ်လျဉ်းပြီး အသိဉာဏ်ဗဟုသုတနည်းပါးခြင်း၊ အများစုသော ကလေးသူငယ်များသည် လိင်ပိုင်းဆိုင်ရာအသိပညာပေးခြင်းတို့ကို ၎င်းတို့နေထိုင်ရာ အိမ် သို့မဟုတ် ကျောင်းများတွင် သင်ကြားပေးမှုမရှိခြင်း၊ အိတ်ချ်အိုင်ဗွီအန္တရာယ်ကာကွယ်နိုင်ရေးအတွက် ငယ်ရွယ်သူကလေးများနှင့် လိင်ဆက်ဆံလိုခြင်းစသည့်အချက်များကြောင့်ဟု ဆိုကြပါသည်။
ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်စဉ်များသည် အများအားဖြင့် ကျူးလွန်ခံရသူ မိန်းကလေး၊ ယောက်ျားလေးများ၏ ရှက်ရွံ့ကြောက်လန့်မှုများကြောင့် လူသိရှင်ကြား မြင်သာထင်သာသော ပြစ်မှုများ ဖြစ်မလာနိုင်ကြဘဲ တိတ်ဆိတ်ပျောက်ကွယ်လေ့ရှိပါသည်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်ခံရသူ ကလေးအများစုမှာ ၎င်းတို့၏ဖြစ်စဉ်ကို တိုင်ကြားပြောကြားခြင်းမျိုးသည် အလွန်နည်းပါးလွန်းသည်ကို တွေ့ရှိရပါသည်။
အကြောင်းမှာ ၎င်းတို့သည် မိဘများ၏တုံ့ပြန်မှုကို ကြောက်ရွံ့ခြင်း၊ သူတို့ကိုယ်တိုင် ပြဿနာထဲတိုးဝင်မိမှာကို ခံစားကြောက်ရွံ့ခြင်း သို့တည်းမဟုတ် မည်သို့ပြောဆိုတိုင်ကြားရမည်ကို မသိကြခြင်းဖြစ်သည်ဟု ဆိုပါသည်။ ငယ်ရွယ်စဉ်ကလေးဘဝက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်းကို လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းထားသူအများစုသည် ကြီးပြင်းအရွယ်ရောက်သည်အထိ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲ ထိခိုက်ခံစားရလေ့ရှိသူများ ဖြစ်လာသည်ဟု စစ်တမ်းတစ်ခုမှ ဆိုထားပါသည်။
စစ်တမ်းများနှင့် အထောက်အထားများအရ ကလေးသူငယ်များ လိင်အကြမ်းဖက်ခံရခြင်း၏ နောက်ဆက်တွဲများအနေဖြင့် ကျူးလွန်ခံရသူ ကလေးငယ်များသာမက ၎င်းတို့ မိသားစုဝင်များပါ ရေရှည် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် လူမှုရေးပြဿနာများကို ခံစားကြုံတွေ့ကြရသည်ဟု ဆိုထားပါသည်။ ဥပမာဆိုရလျှင် နာတာရှည်ရောဂါခံစားရခြင်း၊ ကလေးငယ်တွင် မလိုလားအပ်သော ကိုယ်ဝန်ရရှိသွားခြင်း၊ စိတ်ကျရောဂါဖြစ်လာခြင်း၊ ဘဝတွင် အမည်းစက်ထင်ကျန်ရခြင်း၊ ကျောင်းတက်နေသည့် ကလေးသူငယ်ဖြစ်ပါက ကျောင်းတွင် အဆင်မပြေခက်ခဲမှုများနှင့် ရင်ဆိုင် ရခြင်း၊ လူမှုအသိုင်းအဝိုင်းအတွင်း ဆက်ဆံရေးမပြေလည်ခြင်းတို့ ဖြစ်ပါသည်။
ဖော်ပြပါ နောက်ဆက်တွဲဆိုးကျိုးများသည် ကလေးသူငယ်များ ကိုယ်တိုင်နှင့် မိဘများအတွက် ယူကျုံးမရဝမ်းနည်းစေသည့်ဆိုးကျိုးများ ဖြစ်ပါသည်။ သို့အတွက် ကလေးသူငယ်များ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မခံရစေရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ရန် လိုအပ်ပါကြောင်းနှင့် ကလေးသူငယ်များအတွက် ၎င်းတို့၏ အခြေခံအခွင့်အရေးများဖြစ်သည့် အသက်ရှင်သန်ကျန်ရစ်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်နှင့် ကာကွယ်စောင့်ရှောက်မှုခံစားပိုင်ခွင့်များအတွက် မိဘ၊ ဆွေမျိုး၊ ဆရာသမားများအပါအဝင်အားလုံးတွင် တာဝန်ရှိ၍ စောင့်ရှောက်ပေးကြရမည် ဖြစ်ပါသည်။
ကလေးသူငယ်များအား
စောင့်ရှောက်ကာကွယ်ပေးရမည်
လူ့အခွင့်အရေးရှုထောင့်မှ ကြည့်မည်ဆိုလျှင်လည်း ကလေးသူငယ်များတွင် လူကြီးများနည်းတူ အခွင့်အရေးများရှိ၍ အဆိုပါအခွင့်အရေးများ ခံစားရရှိနိုင်ရေးအတွက် ကလေးသူငယ်များအား စောင့်ရှောက်ကာကွယ်ပေးရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၉၆ နိုင်ငံသည် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (Convention on the Rights of the Child, CRC) ကို အတည်ပြု လက်မှတ်ရေးထိုးထားကြသည့် စာချုပ်အဖွဲ့ဝင်နိုင်ငံများ ဖြစ်ပါသည်။
အဆိုပါစာချုပ်သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်များအနက် စာချုပ်အဖွဲ့ဝင်နိုင်ငံ အများဆုံးပါဝင်သည့် စာချုပ်လည်းဖြစ်ပါသည်။ စာချုပ်အဖွဲ့ဝင်နိုင်ငံများသည် ကလေးသူငယ်များ၏ အခွင့်အရေးများအား အပြည့်အဝအကာအကွယ်ပေးမည်ဆိုသည့်အကြောင်း ကတိကဝတ်ပြုကြလျက် စာချုပ်ကို လက်မှတ်ရေးထိုးကြခြင်းဖြစ်သည့်အလျောက် ကလေးသူငယ်များ၏ အခွင့်အရေးများအား စာချုပ်ပါပြဋ္ဌာန်းချက်များအတိုင်း အကောင်အထည်ဖော်ပေးရမည့် တာဝန်ရှိပါသည်။
စာချုပ်၏ အပိုဒ် (၃၄) တွင် “စာချုပ်အဖွဲ့ဝင်နိုင်ငံများသည် ကလေးသူငယ်အား လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာစော်ကားခြင်းတို့မှ ကာကွယ်ပေးရန် လုပ်ဆောင်ပေးရမည်” ဟုဖော်ပြပါရှိရာ နိုင်ငံတော်အနေဖြင့် ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာစော်ကားခြင်းတို့မှ ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ရှိပြီး လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေနှင့် မူဝါဒများ၊ လုပ်ငန်းစဉ်များ ချမှတ်ပေးရမည်ဖြစ်သည်။
ထို့ပြင် စာချုပ်၏နောက်ဆက်တွဲစာချုပ်တစ်ခုဖြစ်သော ကလေးသူငယ်များအား ရောင်းချခြင်း၊ ပြည့်တန်ဆာပြုလုပ်ခြင်းနှင့် ညစ်ညမ်းရုပ်ပုံများဆိုင်ရာစာချုပ် (The Optional Protocol to the CRC on the Sale of Children, Child Prostitution and Child Pornography, OPSC) ကိုလည်း မြန်မာနိုင်ငံက ၂၀၁၂ ခုနှစ်တွင် အတည်ပြုလက်မှတ်ရေးထိုးပြီး စာချူပ်အဖွဲ့ဝင်ဖြစ်ခဲ့သည်နှင့်အညီ နိုင်ငံအတွင်း နေထိုင်ကြသူ ကလေးသူငယ်များ၏ အခွင့်အရေးများ ချိုးဖောက်မခံရစေရေး နိုင်ငံတော်အပါအဝင် အားလုံးတွင် တာဝန်ရှိ၍ ကာကွယ်စောင့်ရှောက်ပေးရမည်လည်း ဖြစ်ပါသည်။
ကလေးသူငယ်များအတွက် မြန်မာနိုင်ငံ၏ ပြည်တွင်းဥပဒေအနေဖြင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် ပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်ပါသည်။
နိုင်ငံ၏လူမှုစီးပွားတိုးတက်ရေးအပေါ်
အကျိုးသက်ရောက်
ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုသည် အားလုံးနှင့်ဆိုင်သော ပြဿနာဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်ရေးတွင် အဟန့်အတားဖြစ်စေသည့်အပြင် အကြမ်းဖက်ခံရမှုအကျိုးဆက်သည် နိုင်ငံ၏လူမှုစီးပွားတိုးတက်ရေးအပေါ် များစွာအကျိုးသက်ရောက်မှုလည်းရှိသည် ဖြစ်ပါသည်။ အဆိုပါပြဿနာသည် တစ်ဦးတစ်ယောက်တည်း၊ အဖွဲ့အစည်းတစ်ခုတည်းမှ ကိုင်တွယ်ဖြေရှင်း၍ရသည့် ပြဿနာမဟုတ်ဘဲ အားလုံးပူးပေါင်းပါဝင်ဖြေရှင်းရမည့်ပြဿနာဖြစ်ပါသည်။
ကလေးသူငယ်များသည် အသက်အရွယ်မရွေး၊ ကျား/မ မရွေး၊ နေရာမရွေး အန္တရာယ်အမျိုးမျိုးနှင့် ကြုံတွေ့နိုင်သည့်အတွက် မိဘများအပြင် ရပ်ရွာတွင်းရှိ ပြည်သူအားလုံးက အသိတရားကိုယ်စီနှင့် ဝိုင်းဝန်းစောင့်ရှောက်ပေးရန် လိုအပ်ပါသည်။ ကလေးသူငယ်များသည် နိုင်ငံအနာဂတ်အတွက် မျှော်လင့်ချက်၊ မိဘများအတွက် မျှော်လင့်ချက်၊ လူမှုအဖွဲ့အစည်းများအတွက် မျှော်လင့်ချက်အလင်းရောင်များ ဖြစ်ပါသည်။
ကလေးငယ်များ ကိုယ်စိတ်ကျန်းမာစွာဖြင့် ကြီးထွားဖွံ့ဖြိုးလာခြင်းသည် နိုင်ငံ၏အနာဂတ်ကို တိုးတက်ကောင်းမွန်စေပြီး သာယာဝပြောသော နိုင်ငံဖြစ်လာစေမည်လည်းဖြစ်သည်။ ကလေးများ လုံခြုံမှုရှိစေရန်နှင့် အကြမ်းဖက်ခြင်းများမခံရစေရန် ကျွန်မတို့အားလုံး ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ ကျွန်မတို့ကလေးများ ကိုယ်၊ စိတ်ကျန်းမာလုံခြုံပါမှ ကျွန်မတို့လည်း ပျော်ရွှင်ရမည်ဖြစ်ပါသည်။ ကလေးသူငယ်များ အကြမ်းဖက်မှုများ မခံရစေရေး အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းရေးသားလိုက်ရပါသည်။ ။