Skip to main content

မြန်မာအပေါ် စွပ်စွဲပုတ်ခတ်ခြင်းဖြင့် သင်တို့ အချိန်မကုန်ပါစေနှင့်

ကနောင်

မျက်မှောက်ခေတ် နိုင်ငံတကာမျက်နှာ စာတွေမှာ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး စတဲ့ခေါင်းစဉ်တွေနဲ့ စွပ်စွဲမှုအမျိုးမျိုး အသုံးပြုလို့ နိုင်ငံနဲ့လူမျိုးပုံရိပ်တွေကို ဆိုးရွားအောင် ပုံဖော်ကြတာ၊ အချုပ်အခြာအာဏာပိုင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးတွေမှာ ဝင်ရောက် စွက်ဖက်ခြယ်လှယ်ဖို့ အားထုတ်နေကြ တာတွေကို စိတ်ပျက်ဖွယ် မြင်တွေ့နေရပါတယ်။

အထူးသဖြင့် ပထဝီနိုင်ငံရေးအရ အရှေ့တောင်အာရှရဲ့ အရေးပါတဲ့နေရာမှာ တည်ရှိနေတဲ့ မိမိတို့နိုင်ငံကို အကြောင်းရှာ ပုတ်ခတ်မှုတွေက တစ်နေ့ တစ်မျိုးမရိုးရအောင် မြင်တွေ့နေရပါ တယ်။ ကာကွယ်ရေးအင်အားစုတွေဖြစ်တဲ့ တပ်မတော်နဲ့ ပြည်သူလူထုတွေ၊ တိုင်းရင်းသားလူမျိုးစုတွေအကြား အမုန်းတရားတွေဖြစ်ပေါ်စေဖို့၊ ရန်မီးပွားသည် ထက်ပွားအောင်၊ တည်ငြိမ်မှုပျက်ပြားသည်ထက် ပျက်ပြားအောင်၊ ဖွံ့ဖြိုးမှုနောက်ကျသည်ထက် နောက်ကျ အောင် ပုံဖော်ကြိုးပမ်းနေကြတာက အထင်အရှားပါပဲ။

မမှန်ကန်တဲ့ စွပ်စွဲချက်တွေ

ဒီဇင်ဘာ ၉ ရက်နေ့မှာ အကြမ်းဖက် အဖွဲ့အစည်းဖြစ်တဲ့ NUG က အွန်လိုင်းကနေ ရုပ်သံတစ်ခုကို လွှင့်တင်ထားပါတယ်။ တီမောလက်စ်တေနိုင်ငံ သမ္မတ ဂျိုဆေးရာမို့စ်ဟော်တာ ပြောကြားထားတဲ့ ရုပ်သံဖိုင်တစ်ခုဖြစ်ပြီး သူကမြန်မာနိုင်ငံနဲ့ပတ်သက်လို့ တိုက်ရိုက် ဗြောင်ကျကျ ဝင်ရောက်စွက်ဖက် ပြောကြားထားတာကို အဆိုပါရုပ်သံဖိုင်အတွင်း တွေ့ရှိခဲ့ရပါတယ်။

အရှေ့တီမောသမ္မတက သူ့ရဲ့ ရုပ်သံဖိုင်မှာ မြန်မာ့တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေကို ဖိနှိပ်နေတယ်၊ အပြစ်မဲ့တဲ့ကလေးတွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကျောင်းဆရာ၊ ဆရာမတွေ၊ ဘဏ်ဝန်ထမ်းတွေနဲ့ လယ်သမားတွေကို သတ်ဖြတ်နေတယ်လို့ စွပ်စွဲပုတ်ခတ် ထားတာကို မြင်တွေ့ရတဲ့အခါ နိုင်ငံဦးဆောင်နေရတဲ့ သမ္မတတစ်ဦးအနေနဲ့ အခြားနိုင်ငံတစ်နိုင်ငံအကြောင်း တိတိပပစေ့ငုခြင်းမရှိ အခုလို ဝေဖန်ပုတ်ခတ်နိုင်တာကို နိုင်ငံသားတစ်ဦး အနေနဲ့ အတော်လေး အံ့အားသင့်မိပါတယ်။

မိမိတို့နိုင်ငံမှာ အကြမ်းဖက်အဖွဲ့ အစည်း CRPH, NUG တို့ရဲ့ မြှောက်ပင့်ပေးမှုနဲ့ အကြမ်းဖက် PDF အဖွဲ့တွေကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ပျက်စီးရတာ၊ ဝန်ထမ်းတွေ CDM မလုပ်တဲ့အခါ ရက်ရက်စက်စက် သတ်ဖြတ်ခံရတာ၊ ဆရာဝန်တွေကို ဆေးမကုနိုင်အောင် တားဆီးတာ၊ ကျောင်းသားတွေ စာသင်ကျောင်းတွေ ဆီမသွားရဲအောင် တားဆီးခြိမ်းခြောက် တာ၊ အပြစ်မဲ့ပြည်သူတွေကို ဒလန်လို့ စွပ်စွဲညှဉ်းပန်း သတ်ဖြတ်တာ၊ အများပြည်သူ သွားလာနေတဲ့လမ်းတွေ၊ တံတားတွေ ဖျက်ဆီးခံရတာ၊ ယုတ်စွအဆုံး နိုင်ငံတစ်ဝန်းက သံဃာတော်တွေ၊ ပညာသင်ကြားပေးနေကြတဲ့ ဆရာ၊ ဆရာမတွေကို လူမဆန် သတ်ဖြတ်တာ၊ ဖမ်းဆီးခေါ်ဆောင်တာတွေ အားလုံးအသိပဲဖြစ်ပါတယ်။ အဲဒီလို PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကာကွယ်တားဆီးပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို အကာအကွယ်ပေးနေတဲ့ ပြည်သူ့ဝန်ထမ်း တပ်မတော်သား တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အရှေ့တီမော သမ္မတက ပြောင်းပြန်စွပ်စွဲပုတ်ခတ်ထားတာပါ။

သူ့အနေနဲ့ မြန်မာနိုင်ငံရေးကို အရှေ့တောင်အာရှနိုင်ငံတွေအတွင်းမှာ အတွင်းကျကျ သိရှိထားပြီးသူတစ်ဦးအဖြစ် ကိုယ်ရည်သွေး ပြောဆိုထားပေမယ့် မိမိတို့နိုင်ငံရဲ့ တကယ့်သတင်း အချက်အလက်အမှန်တွေကို မသိရှိဘဲ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့မဟုတ်မမှန် လီဆယ်စကားတွေကိုသာ ယုံကြည်လက်ခံပေးနေတယ် ဆိုတာ သူ့ပြောစကားအရခန့်မှန်းရပါ တယ်။

လက်ရှိ နိုင်ငံရေးအပြောင်းအလဲဘာကြောင့် ဖြစ်ပေါ်ခဲ့ရတယ်ဆိုတာကိုတော့ သူ့ရုပ်သံဖိုင်အတွင်းထည့်သွင်း ပြောကြားထားတာ မတွေ့ရှိရပါဘူး။ မဲမသမာမှုတွေနဲ့ ဒီမိုကရေစီကို ခုတုံးလုပ်အသုံးချသူတွေကြောင့် တိုင်းပြည်အတွက် ဒီမိုကရေစီလမ်းကြောင်းလွဲခဲ့ရတာ၊ တပ်မတော်က နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲဖို့နဲ့ မှန်ကန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိအောင် တည့်မတ် လျက်ရှိတဲ့ အနေအထား၊ လက်ရှိပြည်တွင်းပဋိပက္ခတွေအပေါ် ကိုင်တွယ် ဖြေရှင်းပေးနေတဲ့ အပြင် နိုင်ငံဖွံ့ဖြိုး တိုးတက်အောင် အဘက်ဘက်က ဆောင်ရွက်ပေးနေတဲ့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရဲ့ လုပ်ဆောင်ချက်တွေကို လျစ်လျူရှု ဝေဖန်တိုက်ခိုက်မှု သက်သက်လို့သာ ဆိုရမှာဖြစ်ပါတယ်။

ဥပဒေအတိုင်းသာ

ရုပ်သံဖိုင်အတွင်းမှာ တီမောသမ္မတက မြန်မာလက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့စစ်ပွဲတွေ ဆက်မတိုက်ကြဖို့၊ ပြည်သူတွေကို မတိုက်ကြဖို့၊ လမ်းပေါ်ထွက်ရင် လက်နက်တွေ ယူမသွားကြဖို့ နဲ့ ကလေးတွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ၊ အနုပညာရှင်တွေ၊ စီးပွားရေးသမားတွေ၊ ပညာရှင်တွေ၊ သတင်းထောက်တွေကို ထောင်သွင်းအကျဉ်းချတာ၊ သတ်ဖြတ်တာတွေ မလုပ်ကြတော့ဖို့ဆိုပြီး တိုက်တွန်းထား တာကလည်းလက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေကိုမသိဘဲ ရမ်းသန်းပြောဆို နေတယ်ဆိုတာ အထင်အရှား ပေါ်လွင်နေပါတယ်။

မိမိတို့နိုင်ငံအနေနဲ့ လွတ်လပ်၍ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်တာနဲ့အညီ လက်ရှိအစိုးရအနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေက အပ်နှင်းထားတဲ့ အခွင့်အာဏာတွေကို အပြည့်အဝ ကျင့်သုံးပိုင်ခွင့်ရှိပါတယ်။ နိုင်ငံသားတိုင်းက တရားဥပဒေနဲ့အညီ တန်းတူအခွင့်အရေးများရရှိပြီး အခြေခံလူ့အခွင့်အရေးဆိုင်ရာ အကာအကွယ် တွေကိုလည်း တန်းတူရရှိတဲ့နိုင်ငံဖြစ်ပါတယ်။ အပြစ်မဲ့ပြည်သူတွေကို တရားဥပဒေက အပြည့်အဝ ကာကွယ်ပေးထားသလို မြန်မာနိုင်ငံရဲ့ တရား စီရင်ရေးစနစ်က လွတ်လပ်မှုရှိပြီး ပြည်ထောင်စုအတွင်းက မှီတင်းနေထိုင် သူအားလုံးကို သာတူညီမျှရှိတဲ့ ဥပဒေ တွေကို ကျင့်သုံးဆောင်ရွက်နေတာ ဖြစ်ပါတယ်။

အရှေ့တီမောလို့ မြန်မာပြည်သူတွေခေါ်ဆိုကြတဲ့ တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတ နိုင်ငံအစိုးရဟာ အခုမှမြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပုတ်ခတ်တာ မဟုတ် ပါဘူး။ နှစ်နိုင်ငံဆက်ဆံရေးကိုထိခိုက်စေမယ့် လုပ်ရပ်တွေဖြစ်တဲ့ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေကို အားပေးအားမြှောက်ပြုတာ၊ အကြမ်းဖက် လုပ်ရပ်တွေ လုပ်ဆောင်နေတဲ့ အကြမ်း ဖက်အဖွဲ့အစည်း NUG နဲ့ ထိတွေ့ ဆက်ဆံတာတွေကို ဆက်တိုက် လုပ်ဆောင်ခဲ့သလို မဟုတ်မမှန် စွပ်စွဲ ပုတ်ခတ်မှုတွေကိုလည်း နိုင်ငံတကာ အသိုင်းအဝိုင်းအကြား ပြုလုပ်ခဲ့ပါသေး တယ်။

သံတမန်များဖယ်ရှားထွက်ခွာ

ဒါကြောင့် မြန်မာအစိုးရက သံတမန် ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းနဲ့ မကိုက်ညီတဲ့ တီမောလက်စ်တေ အစိုးရရဲ့ပြောကြားချက်နဲ့ လုပ်ဆောင်ချက်တွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တာ၊ သတိပေးခဲ့တာတွေ ပြုလုပ်ခဲ့သည့်တိုင် မရပ်တန့်ခဲ့တဲ့အတွက် မြန်မာနိုင်ငံအတွင်းက သံရုံးယာယီတာဝန်ခံကိုလည်း ယခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မတိုင်မီ မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့ဖို့ သံတမန် စာနဲ့ အကြောင်းကြားထွက်ခွာစေခဲ့ပါတယ်။

ယခုအကြိမ်မှာလည်း တီမော လက်စ်တေသမ္မတရဲ့ အဆင်ခြင်မဲ့တဲ့လုပ်ရပ်နဲ့ အပြောအဆိုတွေက နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေနိုင်တဲ့အပြင် အကြမ်းဖက်မှုကို အားပေးအားမြှောက်ပြုရာရောက်ပြီး အပြစ်မဲ့ပြည်သူအများ အပြားသေကျေဒဏ်ရာရ၊ အစိုးရနဲ့ ပုဂ္ဂလိကပိုင် အဆောက်အဦတွေ၊ ပစ္စည်းတွေကို ပျက်စီးစေခဲ့တဲ့ မတရားအသင်းနဲ့ အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (PDF) အမည်ခံ အကြမ်းဖက်အဖွဲ့တွေ ဆက်လက်ကျူးလွန်နေတဲ့ အကြမ်းဖက်တိုက်ခိုက် မှုတွေကို မျက်ကွယ်ပြုရာရောက်တဲ့အပြင် တီမောအနေနဲ့ မြန်မာ့ပြည်တွင်းရေးကို ဗြောင်ကျကျ ဝင်ရောက်စွက်ဖက်တယ်၊ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိပါးလာတယ်လို့ မြန်မာ နိုင်ငံသားတစ်ဦးအနေနဲ့ ရှုမြင်စိတ်ပျက် မိပါတယ်။

ကိုယ်တိုင်သည်ပင် ရုန်းကန်နေရဆဲ

ဆက်စပ်ပြီး စာရေးသူအနေနဲ့ တီမောလက်စ်တေနိုင်ငံအကြောင်းကို လေ့လာသုံးသပ်ကြည့် တဲ့အခါ ၅၄၀၀ စတုရန်းမိုင်ကျယ်ဝန်းတဲ့ အရှေ့တီမော ဟာ ၁၆ ရာစုကတည်းက တိုင်းတစ်ပါး နိုင်ငံတွေလက်အောက် ကျရောက်ခဲ့ပြီး နှစ်ပေါင်း ၄၀၀ လောက်အကြာ ၂၀၀၂ ခုနှစ်မှသာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် ရောက်ရှိလာနိုင်ခဲ့ပါတယ်။ ကိုလိုနီလက်အောက် ခံဘဝ ရုန်းရင်းဆန်ခတ်မှုတွေကြောင့် ၁၇၀၀ ပြည့်နှစ် မတိုင်မီက နိုင်ငံ့သမိုင်းကြောင်း မှတ်တမ်းမှတ်ရာတွေ ဆုံးရှုံးခဲ့ရပါတယ်။

ပြည်တွင်းမတည်ငြိမ်မှု၊ မငြိမ်းချမ်းမှုနဲ့ မညီညွတ်မှုတွေကြောင့် တိုင်းတစ်ပါးလက်အောက်မှာ နှစ်ပေါင်းရာချီ နေခဲ့ကြရပါတယ်။ လက်ရှိ နိုင်ငံ့လူဦးရေ ရဲ့ ၂၀ ရာခိုင်နှုန်းက အလုပ်လက်မဲ့တွေ ဖြစ်ကြသလို နိုင်ငံ့လူဦးရေရဲ့ ထက်ဝက်နီးပါး စာတတ်မြောက်မှု အားနည်းပြီး ငွေကြေးဖောင်းပွတာ စတဲ့အခက်အခဲများအကြား ရုန်းကန်နေရတဲ့ နိုင်ငံဖြစ်ပါတယ်။ နိုင်ငံတကာဆက်ဆံရေးမှာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ ဩစတြေးလျတို့နဲ့ အဆင်ပြေဖို့က သူတို့ရဲ့ နိုင်ငံခြားရေး ထိပ်သီးမူဝါဒ ဖြစ်သလို မကြာသေးမီ နှစ်အနည်းငယ် ကအထိ တီမောနိုင်ငံရဲ့ ဘဏ္ဍာငွေအများစုက နိုင်ငံတကာကူညီထောက်ပံ့မှုတွေနဲ့ ရပ်တည်နေခဲ့ရ၊ ကိုယ်ပိုင် ငွေကြေးမရှိဘဲ အမေရိကန်ဒေါ်လာကိုသာ အသုံးပြုတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

တီမောက လက်ရှိမှာ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်မှာ ထင်ပေါ်လာစေဖို့အတွက် ဒီမိုကရေစီအရေးတက်ကြွတဲ့ နိုင်ငံတစ်ခုအဖြစ် အသံကုန်ဟစ်ရင်း နေရာရယူဖို့ ကြိုးပမ်းနေတာကိုလည်း တွေ့ရှိရပါတယ်။ တီမောအနေနဲ့ မိမိတို့မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို အလုံးစုံမသိ၊ သိအောင်လည်း မကြိုးပမ်းဘဲဝေဖန်နေခြင်းထက် တီမောလက်စ်တေရဲ့ အနာဂတ်အတွက် စီးပွားရေးတိုးတက်မြင့်မားဖို့၊ အလုပ် အကိုင်အခွင့်အလမ်းတွေ ပိုမိုဖော်ဆောင် ပေးနိုင်ဖို့နဲ့ ကျန်းမာကြံ့ခိုင်ပြီး ပညာ တတ်မြောက်မှုနှုန်း မြင့်တက်လာဖို့ အစရှိတာတွေကို တွေးတောကြံဆ နေသင့်တယ်လို့ ထင်ပါတယ်။

မိမိတို့နိုင်ငံက နိုင်ငံတကာဆက်ဆံရေးကို လုပ်ဆောင်တဲ့အခါ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါရှိတဲ့အတိုင်း လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒကို ယနေ့တိုင် ကျင့်သုံးနေတဲ့နိုင်ငံဖြစ်ပြီး နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူနဲ့အညီ နိုင်ငံအားလုံး နဲ့ သင့်မြတ်စွာ ဆက်ဆံလျက်ရှိပါတယ်။

မည်သူတရားပျက်ပျက် ကိုယ်မပျက်

မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များ၊ နိုင်ငံတကာအသိအမှတ်ပြု သံတမန် ဆက်ဆံရေးနဲ့ စပ်လျဉ်းတဲ့ ကွန်ဗင်းရှင်းများကို လေးစားလိုက်နာခဲ့တဲ့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့လည်း ရုရှားမီဒီယာတစ်ခုနဲ့ တွေ့ဆုံဖြေကြား စဉ်အတွင်းမှာ မြန်မာနိုင်ငံမှာရန်သူ နိုင်ငံမရှိဘဲ မိတ်ဆွေနိုင်ငံတွေသာရှိပြီး မိမိတို့အပေါ် စိတ်ရင်းစေတနာကောင်းထားတဲ့ နိုင်ငံတွေနဲ့ ပိုမိုချစ်ကြည်စွာ ဆက်ဆံသွားမယ်လို့ ပြောကြားခဲ့ဖူးပြီး လက်တွေ့မှာလည်းမိမိတို့ နိုင်ငံဘက် က ရပ်တည်ပေးခဲ့ကြတဲ့ နိုင်ငံတွေနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံလျက်ရှိနေပါတယ်။

ပြည်ပနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအပေါ် ဝေဖန်ထောက်ပြတဲ့အခါ မှန်ကန်တဲ့သတင်းအချက်၊ ဆင်ခြင်တုံတရား ပြည့်ဝတဲ့ အပြုအမူအပြင် ကောင်းမြတ်တဲ့ စိတ်နှလုံးတို့နဲ့ ပူးပေါင်းထောက်ပြ သင့်သလို မြန်မာနိုင်ငံဘက်ကလည်း မည်သူတရားပျက်ပျက် မြန်မာတို့မပျက်ဘဲ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကိုသာ တိုးမြှင့်ဖော်ဆောင်ရင်းဖြင့် မြန်မာ့အနာဂတ်၊ မြန်မာ့ဒီမိုကရေစီနိုင်ငံသစ်ကို ကမ္ဘာ့နိုင်ငံများအားလုံးရှေ့မှောက်တွင် ဦးလည်မသုန် အကောင်းဆုံးပုံဖော် ဖန်တီးတည်ဆောက်သွားမည်သာ ဖြစ်ပါကြောင်း။ ။