Skip to main content

ညီလေး ဟိုဆေးထံသို့ အိတ်ဖွင့်ပေးစာ

သို့

ညီလေး ဟိုဆေးရေ

ငါအလုပ်တွေမအားတဲ့ကြားက မင်းဆီကို အိတ်ဖွင့်ပေးစာရေးလိုက်တာပါကွာ။ ငါ့မှာအိမ်အလုပ်၊ မိသားစုအရေး၊ သားသမီးတွေရှေ့ရေး၊ ရပ်ရွာသာယာရေး၊ လူမှုရေးတွေနဲ့ တစ်နေ့တစ်နေ့ မအားရလို့ အခြားသူကိစ္စ စိတ်မဝင်စားနိုင်ဘူး။ မင်းကတော့ သမ္မတကြီးသာဆိုတယ် အတော်အားယားနေပုံပဲကွ။ အားအားယားယားနဲ့ မင်းက တို့မြန်မာနိုင်ငံအရေးကို ခဏခဏလာပြီး စွက်ဖက်နေလိုက်တာ မင်းကိုယ်မင်းဘာထင်နေလို့လဲကွ။ ကိုယ့်ကိုယ်ကိုယ် အတော်အထင်ကြီးတဲ့ပုံပဲ။ မင်းက တို့မြန်မာနိုင်ငံကိစ္စကို ဝင်စွက်ဖက်လာတော့ ငါ့ကလည်း ငါ့နိုင်ငံအရေးကို မပြောလို့မရတော့ဘူး မောင်ဟိုဆေးရေ။ မပြောမပြီး မတီးမမြည်ဘူးကိုး။ မင်းသာမစခဲ့ရင် ငါတို့လည်း ပြောစရာမရှိပါဘူးကွာ။

မောင်ဟိုဆေးရေ .. မင်းက ၁၉၄၉ ဒီဇင်ဘာ ၂၆ မွေးတဲ့သူဆိုတော့ ငါ့ထက် ၅ နှစ်လောက်ငယ် တယ်ကွ။ ဒါကြောင့် ညီလေးလို့ ခေါ်လိုက်တာပါကွာ။ မင်းကတော့ အရှေ့တီမောနိုင်ငံရဲ့ သမ္မတကြီးပေါ့ကွာ။ ငါကတော့ မြန်မာနိုင်ငံက သာမန်ပြည်သူတစ်ယောက်ပါပဲ။ အသက်တွေ ခဏထားလို့ မင်းက သမ္မတကြီးဆိုတော့ အမှန်က မင်းကိုလေးစားအပ်ပါသော အရှေ့တီမော သမ္မတကြီးခင်ဗျားလို့ ရေးသင့်မှန်းငါသိပါတယ်။ ဒါပေမဲ့ မင်းက ကိုယ့်တာဝန်၊ ကိုယ့်ရာထူး၊ ကိုယ့်လုပ်ပိုင်ခွင့်ကိုတောင် ဘယ်လိုအသုံးချရမှန်းမသိဘဲ ရွာရိုးကိုးပေါက်လှည့်ပြီး အတင်းတုတ်နေတဲ့သူလို သူများအရေးကို စွက်ဖက်နေတဲ့သူဆိုတော့ မင်းကို သာမန်ပြည်သူတစ်ယောက်အနေနဲ့ပဲ ပုဂ္ဂိုလ်ရေးစာရေးလိုက်တာ။

ငါ့ညီ မောင်ဟိုဆေးက မြန်မာနိုင်ငံအကြောင်း အတော်သိတယ်လို့ပြောတယ်။ မြန်မာနိုင်ငံရဲ့ ပုဂံ သမိုင်းကြောင်းလောက်တော့ ကြားဖူးနားဝရှိအောင် ပြောပြဦးမယ်။ ကမ္ဘာမြေပေါ်မှာ တီမော နိုင်ငံဆိုတာ မရှိခင်ကတည်းက မြန်မာဘုရင်တွေဟာ ဘုန်းတန်ခိုးတောက်ခဲ့တာ ညီလေးရ။ အဲဒီပုဂံရာဇဝင်တွေရော မင်းသိရဲ့လား။ ထားပါတော့၊ အဲဒါတွေအထိ ပြောနေရင် မင်းနားလည်မှာမဟုတ်ပါဘူး။ မင်းက တီမောနိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုမှာ ပါခဲ့တယ်လို့ ငါသိထားတယ်။ အဲဒီတော့ မြန်မာနိုင်ငံ လွတ်လပ်ရေးသမိုင်းကြောင်းကို မင်းသိလိမ့်မယ် ထင်တယ်။ တို့နိုင်ငံက လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်းရော လေ့လာဖူးလားကွ။ အင်္ဂလိပ်တွေကအစ လေးစားခဲ့ရတဲ့ ပုဂ္ဂိုလ်ပေါ့ကွာ။ နိုင်ငံအတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်စွန့်ခဲ့တယ်။ သူ့မှာ မင်းလိုအာဏာမက်မောတာ၊ ကိုယ်ကျိုးရှာတာ၊ ထင်ပေါ်ချင်တာ၊ ခုတုံးလုပ်အသုံး ချချင်တဲ့စိတ်လုံးဝမရှိဘူး မောင်ဟိုဆေးရေ။ အတုယူကွ။

မင်းကတော့ တီမောနိုင်ငံငြိမ်းချမ်းရေးအတွက်လုပ်ခဲ့လို့ နိုဘယ်လ်ဆုတွေရခဲ့တယ်ဆိုပဲ။ နောက်ပြီး ဒီမိုကရေစီလိုလားသူလို့လည်း ပြောတယ်။ လေးစားတယ် ငါ့ကောင်ကြီးရေ။ ဒါနဲ့စကားမစပ် မင်းကငြိမ်းချမ်းရေးလိုလားသူသာဆိုတယ် ရုရှား-ယူကရိန်း ကိစ္စ၊ အစ္စရေးနဲ့ ဟားမာ့စ်ကိစ္စတွေမှာ မင်းဦးဆောင်ပြောတာ မတွေ့မိပါလား။ အဲဒီမှာ ကမ္ဘာစစ်ဖြစ် မတတ်တိုက်နေကြတယ်လေ။ မင်းက နိုဘယ်လ်ဆုရှင် မဟုတ်လား။ ငြိမ်းချမ်းရေးရအောင် ပြောသင့်တာပေါ့။ အဲဒီလိုမပြောရင် မင်းရထားတဲ့နိုဘယ်လ်ဆုကို အတုကြီးလို့ ထင်သွားကြလိမ့်မယ် ကိုယ့်လူရ။ သေမြေကြီး ရှင်ရင်ရွှေထီးပဲဟေ့ ပြောတော့ ကိုယ့်လူရေ .. ငါအားပေးနေမယ်။ အဆင်ပြေရင် နိုဘယ်လ် နှစ်ထပ်ကွမ်းတောင်ရနိုင်တယ်နော။ စိတ်ကူးမလွဲ သင့်ဘူး။ ကိုယ့်ညီအတွက် မြိုးမြိုးမြက်မြက် ကျန်အောင်ပြောတာပါ။

ကိုယ့်ညီက အရှေ့တီမောသမ္မတသာဆိုတယ် ကိုယ့်နိုင်ငံအရေးထက် သူများနိုင်ငံအရေးကိုဝင်ပြီး ဆရာလုပ်ရတာ ဝါသနာပါတာကိုး။ တို့မြန်မာနိုင်ငံအကြောင်း ပြောရုံလောက်နဲ့တော့ ဖြုတ်ကိုက်တာလောက် အရာမထင်ဘူးကိုယ့်လူ။ အလွန်ဆုံး ကိုယ့်ညီတို့သံရုံးတာဝန်ခံ အိမ်ပြန်ပို့ခံရတာလောက်ပဲဖြစ်မှာကွ။ ကိုယ့်ညီအတွက် အဆဲခံရတာပဲ အဖတ်တင်မယ်ကိုယ့်လူ၊ သဘောပေါက်။ တစ်ခါတည်း နာမည်ကြီးသွားအောင် အစ္စရေး-ဟားမာ့စ် ကိစ္စကိုဝင်ပြီး ဝေဖန်အကြံပေးလိုက်ပေါ့။

နောက်ပြီး ကိုယ့်ညီက ဒီမိုကရေစီကိုလိုလားတဲ့သူဆိုတော့ မင်းအတွက် အကျိုးအမြတ်လေး ကျန်အောင် အကြံတစ်ခုပေးချင်တယ်ကွ။ မင်းအတွက် ဆွမ်းကျန်၊ ကွမ်းကျန်လေးရအောင်လို့ပါကွာ။ အရှေ့အလယ်ပိုင်းတို့၊ မြောက်ကိုရီးယားတို့ဆီသွားပြီး ဒီမိုကရေစီအရေး သွားဆွေးနွေးသင့်တယ်နော် ကိုယ့်လူ။ အဲဒါမှ အားမရသေးရင် အာဖဂန်ကိုလည်းသွားပေါ့။ ဒါမှ တစ်ချီတည်းနဲ့ ကမ္ဘာ့ဒီမိုကရေစီ အိုင်ကွန်ကြီးဖြစ်မှာ။

ဒါနဲ့ စကားမစပ် ကိုယ်တို့မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲအချိန်တုန်းက ကိုယ့်ညီ ဘယ်ရောက်နေတာလဲ။ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုပုံစံဆိုပြီး ကမ္ဘာသိခဲ့တာနော်။ ကိုယ့်ညီတို့တောင် အတုယူသင့်တယ်။ မောင်ဟိုဆေးက အဆိုးမြင်သမားဆိုတော့ အကောင်းဆို မမြင်တော့ဘူးပေါ့လေ။ မြန်မာနိုင်ငံအကြောင်းကို ပြောချင်ရင် မြန်မာ့သမိုင်းကို လေ့လာဦးကွ။ လေဖမ်း ဒန်းစီး ပြောနေရင် ရှက်စရာကြီး။ သူများနိုင်ငံကို ဝေဖန်ချင်ရင် အဲဒီနိုင်ငံရဲ့သမိုင်းကြောင်းကို သေချာလေ့လာ၊ ကိုယ်တိုင်က ကျင့်ဝတ်တို့၊ နိုင်ငံတကာသဘော တူညီချက်တွေကို လိုက်နာရတယ် မောင်ဟိုဆေးရ။ မင်းက မြန်မာနိုင်ငံကို ခိုးကြောင်ခိုးဝှက်တစ်ခါ၊ တရားဝင် တစ်ခါလောက်ရောက်တာနဲ့ အကုန်သိ အကုန်တတ်နေတာကိုးကွ။ နောက်ပြီး မင်းက သမ္မတလုပ်နေပြီး သံတမန်ကျင့်ဝတ်တို့၊ အလေ့အကျင့်တို့၊ ကုလသမဂ္ဂပဋိညာဉ်တွေကိုလည်း မလိုက်နာဘူး။ သူများယောင်လို့ လိုက်ယောင်မနေနဲ့ဦး ကိုယ့်ကောင်ကြီးရ။ မင်းကို အီးပေါလောကြီးလို့ ထင်နေကြမှာ။ ကိုယ့်ညီဖတ်ရအောင် ကုလသမဂ္ဂ ပဋိညာဉ်စာအုပ် ပို့ပေးပါဦးမယ်ကွာ။

ငါ့ညီက မြန်မာ့နိုင်ငံရေးကို ဝင်ပြီးစွက်ဖက်နေလိုက်တာ၊ ဘယ်သူဘာလုပ်၊ ဘယ်သူက ဘာမလုပ် နဲ့။ အဲဒီလိုဝင်စွက်ဖို့ ကိုယ့်ညီကို ဘယ်သူက ခိုင်းထားတာလဲကွ။ ဒါမှမဟုတ် မျက်နှာလိုအားရ လုပ်ချင်တာလား။ ထင်ပေါ်ချင်လို့လား။ သူများခိုင်းတိုင်း လျှောက်လုပ်မနေနဲ့ ကျေးဇူးရှင်ရေ၊ ဦးနှောက်လေးသုံးဦးကွ။ ဦးနှောက်မသုံးဘဲ သူများခိုင်းတိုင်းလုပ်နေရင် ဘာဖြစ်မလဲဆိုတာ လူတိုင်းသိတယ်နော်။ မပြောချင်ဘူး။ မောင်ဟိုဆေး ဒီလောက်လုပ်ချင်တယ်ဆိုရင် လမ်းပြပေးလိုက်မယ်။ ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၁၉၅ နိုင်ငံရှိတယ်ကွ။ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ နိုင်ငံရေးပဋိပက္ခတွေပြောမဆုံးပေါင် တောသုံးတောင်ရှိတယ်ငါ့လူ။ မင်းကတကယ်လုပ်ရမယ့်ဟာတွေကျ ကြောက်ချီးပါပြီး အပေါက်ပိတ်နေတယ်။ မြန်မာ့ပြည်တွင်းရေးကို ဆရာဝင်လုပ်ပြီးပြောသလို ရုရှား၊ တရုတ်၊ အစ္စရေး၊ မြောက်ကိုရီးယား၊ အမေရိကန်တို့ကို သွားပြောလေ။ ဝေဖန်လေ။ စွက်ဖက်လေ။ ဆရာကြီးလုပ်ပါလား။ အဲဒါတွေကျမပြောရဲဘူး မဟုတ်လားငါ့ညီ။ မင်းက လူလည်လုပ်ပြီး မြန်မာနိုင်ငံအရေးကို ခုတုံးလုပ်အမြတ်ထုတ်ဖို့ ခွက်ခေါက်နေတယ်ပေါ့ ဟုတ်လား။ “ငါ့ညီ ဟိုဆေး မင်းငယ်ပါသေးတယ်ကွာ” လို့ပဲ ငါပြောလိုက်မယ်။ မင်းဦးနှောက်လောက်နဲ့ မင်းနိုင်ငံအတွက် ရင်လေးပါတယ်ကွာ။

မင်းက မြန်မာနိုင်ငံထဲကို ခိုးကြောင်ခိုးဝှက်နဲ့ ပထမတစ်ကြိမ်လာခဲ့တယ်။ ဒုတိယအကြိမ်မှာ နိုင်ငံခြားရေးဝန်ကြီးအနေနဲ့လာခဲ့တယ်။ ဒီလောက်လာရုံနဲ့ပဲ မြန်မာနိုင်ငံအကြောင်းကို မင်းထက်ဘယ်သူမှ ပိုမသိနိုင်ဘူးလို့ပြောလိုက်တာဟာ ကိုယ့်ကိုယ်ကိုယ် အတော်အထင်ကြီးနေပုံပဲ ငါ့ကောင်ရ။ အံမယ် နိုင်ငံတကာ အဖွဲ့အစည်းတွေကို အကြံပေးချင်တာကလို့တောင် ဆိုလိုက်သေးကွာ။ မင်းနဲ့နော်အံ့ပါရဲ့။ မင်းနိုင်ငံလည်း မင်းပြန်ကြည့်ဦးဟ။

မင်းနိုင်ငံက တစ်ဦးချင်းရဲ့ဝင်ငွေ၊ အလုပ်အကိုင်၊ စီးပွားရေး၊ ဆင်းရဲမွဲတေမှု၊ အာဟာရပြည့်ဝမှု၊ စာတတ်မြောက်မှုနှုန်း ဘယ်လောက်ရှိလဲ မင်းသိလား။ မသိရင် ရှာဖတ်ကွာ မပြောချင်ဘူး။ မင်းလိုအားယားပြီး အတင်းတုတ်ချင်တဲ့သူ မဟုတ်ဘူး။ မင်းကိုယ်မင်း သိပ်အထင်ကြီးမနေနဲ့ ငါ့ကောင်ရဲ့။ ကိုယ့်ဖင်ကိုယ်တောင်မနိုင်ဘဲနဲ့ ပဲကြီးဟင်းက စားချင်သေး ..။ ဘင်္ဂါလီကို မြန်မာနိုင်ငံသားတွေလို့ပြောရအောင် မင်းကိုဘယ်သူက သင်ပေးလိုက်တာလဲ။ ပြစမ်းပါဦး သမိုင်းအထောက်အထား။မင်းပြော တဲ့စကားတွေကိုကြည့်ရင် မင်းဟာသူများခိုင်းဖတ် အဆင့်ထက် မပိုပါဘူးကွာ။ ရိုးရိုးသားသား စီးပွားရှာစမ်းပါကွာ၊ ခွက်ခေါက်တဲ့အလုပ် မလုပ်ပါနဲ့တော့။ မင်းက မြန်မာပြည်သူတွေကို တိုက်တွန်းတယ်ဆိုရ အောင် မင်းကို ဘယ်သူက တာဝန်ပေးထားလို့လဲ။ ခိုင်းထားလဲ။ ရှက်တတ်ရင် ရှက်သေဖို့ကောင်းတယ်။ သမ္မတလုပ်နေပြီး အရှက်မရှိ၊ သိက္ခာမရှိ၊ ကျင့်ဝတ် မသိနဲ့ မင်းအတွက်နဲ့ ကျန်တဲ့သူတွေပါ အတိုင်း တိုင်းအပြည်ပြည် ဗိုလ်ပုံအလယ် အရှက်ကွဲတော့ မယ် ကျေးဇူးရှင်ရ။

ပြောတော့ နိုင်ငံခြားရေးဝန်ကြီးလုပ်ခဲ့တယ်၊ သံတမန်ရေးရာသင်တန်းတွေ ပို့ချခဲ့တယ်ဆို။ အခု မင်းအခုလုပ်နေတာက အဲဒါတွေနဲ့ကိုက်ညီရဲ့လား မေးစမ်းပါရစေ။ မင်းက သမ္မတလုပ်နေတာဆိုတော့ မင်းတို့နိုင်ငံဥပဒေအရ စစ်ဦးစီးချုပ် မဟုတ်လား။ မင်းတို့ တပ်မတော်ကို မင်းဘယ်လိုအုပ်ချုပ်သလဲ စိတ်ဝင်စားစရာပဲ။ ညီလေး ဟိုဆေးရေ မင်းရဲ့ရာဇဝင်ကို လူတိုင်းသိပါတယ်ကွာ။ အဲဒီတော့ မင်းပြောသလို မင်းကိုလည်း ငါအကြံပေးပါရစေကွ၊ သမ္မတလုပ်ချင်ရင် သမ္မတလိုပြောဆိုနေထိုင် ကျင့်ကြံကွ၊ လမ်းဘေးကလူလို ပြောဆိုနေထိုင်ရင်တော့ မင်းကလမ်းဘေးကောင် ဖြစ်သွားမှာပဲ။ တို့မြန်မာလိုဆိုရင်တော့ လူမလေး ခွေးမခန့်တဲ့သူပေါ့ကွာ။

အခုဆို မင်း ဒုတိယအကြိမ် သမ္မတလုပ်နေပြီ။ ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်သူတွေရဲ့အကျိုးကို အာရုံစိုက်ကွ။ ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ ကိုယ်နဲ့မဆိုင်တဲ့ အလုပ်တွေမှာ အလေဏတောလုပ်မနေနဲ့ ညီလေး။ မနေနိုင်မထိုင်နိုင်ယားလာလို့ ဝေဖန်လေကန်ချင် စိတ်ပေါက်လာရင် အထက်မှာ ငါပြောတဲ့နိုင်ငံတွေကို ရဲရဲသွားပြော။ မင်းကသတ္တိရှိပါတယ်။ မင်းက သူများ လုပ်ကြံတာတောင်ခံရဖူးတာပဲ။ အဲဒီလိုဝေဖန် လိုက်လို့ အသက်ဆုံးရှုံးသွားရင်တောင် နာမည်ကြီး ပြီး ကျန်ခဲ့မှာပေါ့။ မြန်မာနိုင်ငံ အကြောင်းပြောချင်ရင် သေချာလေ့လာဦး။ မသိဘဲနဲ့ လျှောက်မပြောနဲ့။ မင်းကြောင့် မင်းနိုင်ငံသားတွေ အရှက်ရမနေစေနဲ့ဦး ကိုယ့်လူ။ မင်းက အားယားနေတဲ့သူပဲ၊ နိုင်ငံတကာ ကျင့်ဝတ်တွေ၊ ပဋိညာဉ်တွေ၊ သံတမန်ကျင့်ဝတ်တွေ လေ့လာဦး။ ကဲ စာလည်းအတော်ရှည်သွားပြီ။ အခု တော့ ဒီလောက်ပဲ ငါ့ညီ ဟိုဆေး။ မင်းကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ကွာ။

ခင်မင်စွာဖြင့်

ဇင်ငြိမ်း

မြန်မာနိုင်ငံသား

၁၄ ဒီဇင်ဘာလ ၂၀၂၃