သမ္မတတစ်ဦးရဲ့ဂုဏ်သိက္ခာ နိုင်ငံတစ်နိုင်ငံရဲ့ ကျင့်ဝတ်စံနှုန်းနဲ့အညီ ညီညွတ်မျှတပါစေ တီမောလက်စ်တေ
ဇာနည်ဘွား
မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးကာလမှ ယနေ့မျက်မှောက်ကာလတိုင် လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးမူဝါဒကို လက်တွေ့အကောင်အထည်ဖော် လိုက်နာကျင့်သုံးနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနဲ့ဆက်ဆံရာမှာလည်း တစ်နိုင်ငံ၏ ပိုင်နက်နယ်မြေနဲ့ အချုပ်အခြာအာဏာကို တစ်နိုင်ငံကလေးစားရန် (Respect for each other’s sovereignty and territorial integrity)၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်(Non-interference in each other’s internal affairs)၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံကျူးကျော်တိုက်ခိုက်မှုမပြုရန် (Non-aggression)စတဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ချက် (Five principles of peaceful co-existence)နဲ့အညီ လက်တွေ့ဆက်ဆံကျင့်သုံးနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။
အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံရဲ့ နယ်နိမိတ်ပိုင်ဆိုင်မှုကို မြန်မာနိုင်ငံက မည်သည့်အခါကမျှ မထိပါးခဲ့
ခေတ်အဆက်ဆက် အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံရဲ့ နယ်နိမိတ်ပိုင်ဆိုင်မှုကို မြန်မာနိုင်ငံက မည်သည့်အခါကမျှ မထိပါးခဲ့သလို ထိုနိုင်ငံရဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကိုလည်း တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မည်သည့်အခါကမျှ ထိခိုက်နစ်နာအောင် ပြုမူခဲ့ခြင်းမရှိပါဘူး။ တစ်ပါးနိုင်ငံရဲ့အချုပ်အခြာအာဏာကို ထိခိုက်စေမယ့်လုပ်ငန်းရပ်များကိုလည်း ထောက်ခံအားပေးခြင်း မပြုလုပ်ခဲ့ပါဘူး။
ဒါ့အပြင် အတိတ်ကာလမှာ နိုင်ငံတစ်နိုင်ငံ၊ အုပ်စုတစ်စုရဲ့ဩဇာခံ၊ ခြယ်လှယ်ခံအဖြစ် မည်သည့်အခါကမျှ မတည်ရှိခဲ့ဘဲ ဩဇာလွှမ်းမိုးခြင်းကင်းသော လွတ်လပ်တဲ့ကြားနေရေးဝါဒကို ခိုင်မာစွာစွဲကိုင်ထားမှုကြောင့် ကမ္ဘာကအသိအမှတ်ပြုခဲ့ခြင်း ခံခဲ့ရပါတယ်။ တကယ်တမ်းစစ်မှန်သော ကမ္ဘာ့ကြားနေနိုင်ငံများမှာ မြန်မာနိုင်ငံနဲ့ ဆွစ်ဇာလန်နိုင်ငံတို့သာ ရှိတယ်လို့လည်း မှတ်ကျောက်တင်လေးစားခြင်းခံခဲ့ရပါတယ်။
မျက်မှောက်ကာလမှာလည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ၊ ဒေသတွင်းအာဆီယံအဖွဲ့ဝင် တစ်နိုင်ငံပီပီ ကုလသမဂ္ဂပဋိညာဉ်၊ အာဆီယံပဋိညာဉ်ပါမူများ၊ ရည်မှန်းချက်များနဲ့အညီ လက်တွေ့လိုက်နာ ကျင့်သုံးခဲ့တဲ့အတွက် ကမ္ဘာ့နိုင်ငံများရဲ့အလယ်မှာ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နေတဲ့နိုင်ငံဖြစ်ပါတယ်။
ဗီဒီယိုမိန့်ခွန်းကတစ်ဆင့် မြန်မာ့ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်းစွက်ဖက်
ဒါပေမယ့် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့မှာတော့ တီမောလက်စ်တေနိုင်ငံသမ္မတ ဂျိုဆေးရာမို့စ်ဟော်တာက ဗီဒီယိုမိန့်ခွန်းကတစ်ဆင့် မြန်မာ့ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်လာခဲ့ပါတယ်။
ရာမို့စ်ဟော်တာက မြန်မာ့တပ်မတော်သားတွေကို ရည်ရွယ်ပြီး “ကြည်းတပ်၊ လေတပ်၊ ရေတပ်၊ ရဲတပ်ဖွဲ့ထဲမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့သင်တို့ကို ပြောချင်တာက သင်တို့ရဲ့လက်နက်တွေကို ပြည်သူတွေဆီမချိန်ထားပါနဲ့။ သူတို့ဟာ သင်တို့ရဲ့ပြည်သူတွေပါ။ မြန်မာနိုင်ငံဟာ တခြားနိုင်ငံတစ်ခုက ကျူးကျော်ခံရတာမဟုတ်ပါဘူး”လို့ ပြောကြားသွားပါတယ်။ ဒါ့အပြင် ပြည်သူတွေထဲက မွေးဖွားလာတဲ့ တပ်မတော်သားတွေအနေနဲ့ စစ်ကောင်စီ လက်အောက်ကနေထွက်ခွာပြီး ပြည်သူတွေကို အကာအကွယ်ပေးရင်း သမိုင်းသစ်စိုက်ထူကြဖို့၊ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အာရုံစိုက်ပြီး ပိတ်ဆို့အရေးယူဖို့ တိုက်တွန်းတောင်းဆိုသွားပါတယ်။
အာဆီယံပဋိညာဉ်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်
ရာမို့စ်ဟော်တာရဲ့ ပြောကြားမှုက နိုင်ငံတစ်နိုင်ငံရဲ့သမ္မတတစ်ဦးအနေနဲ့ ကျင့်ဝတ်သိက္ခာမဲ့လွန်းလှပါတယ်။ ဒါ့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် တောင်မရောက်သေးဘဲ လေ့လာသူအဆင့်မှာတင် အာဆီယံရဲ့အခြေခံမူတွေနဲ့ ပဋိညာဉ်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့ခြင်းလည်းဖြစ်ပါတယ်။
အာဆီယံတင်းပြည့်အဖွဲ့ဝင်နိုင်ငံတွေကြားမှာတောင် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနဲ့ အမျိုးသားရေးလက္ခဏာများအပေါ် အပြန်အလှန်လေးစားရန်၊ တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို တခြားနိုင်ငံများမှ ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် စတဲ့လိုက်နာရမယ့် အာဆီယံရဲ့ အခြေခံမူတွေ၊ ပဋိညာဉ်စာတမ်းတွေရှိတယ်ဆိုတာကို သမ္မတရာမို့စ်ဟော်တာက မသိတာဘဲလား၊ သိလျက်နဲ့ တမင်ဂရုမစိုက်ခြင်းလားလို့ မေးခွန်းထုတ်စရာဖြစ်ရပါတယ်။
တကယ်တော့ အင်ဒိုနီးရှားလက်အောက်ကခွဲထွက်ပြီး ၂၀၀၂ ခုနှစ်ကမှ ကုလသမဂ္ဂကလွတ်လပ်တဲ့နိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုခဲ့တဲ့ အရှေ့တီမောဆိုတဲ့ တီမောလက်စ်တေနိုင်ငံငယ်လေးအနေနဲ့ နိုင်ငံတကာဆက်ဆံရေး သံခင်းတမန်ခင်းကဏ္ဍမှာ သမိုင်းအစဉ်အလာကြီးမားခဲ့တဲ့၊ နိုင်ငံအများစုရဲ့လေးစားခြင်းခံရတဲ့ မြန်မာနိုင်ငံကို ထိပ်ပုတ်ခေါင်းပုတ်စော်ကားခဲ့တာများပါပြီ။
တီမောလက်စ်တေအစိုးရရဲ့ လုပ်ဆောင်ချက်အပေါ် ကန့်ကွက်ကြောင်း သတိထောက်လွှာပေးအပ်
ဒီမိုကရေစီအရေးကို အကြောင်းပြပြီး ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်မှာ တီမောလက်စ်တေနိုင်ငံမှာ ကျင်းပခဲ့တဲ့ တီမောလက်စ်တေဒီမိုကရက်တစ်သမ္မတနိုင်ငံရဲ့ (၉)ကြိမ်မြောက်အစိုးရအဖွဲ့ ကျမ်းသစ္စာကျိန်ဆို ပွဲအခမ်းအနားမှာ မြန်မာနိုင်ငံကအကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ့ NUG ကိုယ်စားလှယ်တွေကို ဖိတ်ကြားတက်ရောက်စေခဲ့ပြီး သမ္မတကလက်ခံတွေ့ဆုံခဲ့တဲ့အတွက် တီမောလက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Avelino Fernandes Ximenes Pereira ကို ဇူလိုင် ၅ ရက်မှာ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနကို ဖိတ်ခေါ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက တီမောလက်စ်တေအစိုးရရဲ့ လုပ်ဆောင်ချက်အပေါ် ကန့်ကွက်ကြောင်းနဲ့ ယင်းသို့တွေ့ဆုံမှုမျိုးနောင်တွင် မပြုလုပ်ရေးတိုက်တွန်းပြောကြားပြီး ကန့်ကွက်တဲ့သတိထောက်လွှာကို ပေးအပ်ခဲ့ပါတယ်။
သတိထောက်လွှာမှာ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့ NUG ကို တီမောလက်စ်တေအစိုးရက ဖိတ်ကြားခဲ့မှုဟာ မြန်မာနိုင်ငံအတွင်း ၎င်းအဖွဲ့အစည်းမှ ကျူးလွန်ဆောင်ရွက်နေတဲ့ အကြမ်းဖက် လုပ်ရပ်များအား အားပေးအားမြှောက်ပြုလုပ်ရာ ရောက်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာစာချုပ်တွေကို ဖောက်ဖျက်ရာလည်းရောက်ကြောင်း ဖော်ပြပါရှိပါတယ်။
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာဆက်ဆံရေးမှာ မြန်မာ့ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာနဲ့အညီ“ချစ်စကို ရှည်စေ၊ မုန်းစကိုတိုစေ” ဆိုတဲ့သဘောအတိုင်း တီမောလက်စ်တေနိုင်ငံအစိုးရကို သတိထောက်လွှာအဆင့်သာပေးအပ်ခဲ့မှုအပေါ် အချို့သော ဝါရင့်သံတမန်ဟောင်းကြီးများက သံတမန် ရေးရာပြောဆိုတဲ့နေရာမှ အဆင့်(၅)ဆင့်ရှိတဲ့အနက် သတိထောက်လွှာဟာ ဒုတိယအဆင့်လောက်ပဲရှိကြောင်း၊ သတိထောက်လွှာအပြင် သတိပေးချက်ထုတ်ပြန်ခြင်း၊ သံရုံးအဆင့်လျှော့ချခြင်း၊ သံတမန်ဆက်သွယ်မှုဖြတ်တောက်ခြင်းများလည်း ပြုလုပ်နိုင်ကြောင်း မှတ်ချက်ပြုပြောဆိုခဲ့ကြပါတယ်။
ဒါပေမယ့် တီမောလက်စ်တေအစိုးရဟာ မြန်မာနိုင်ငံက သတိပေးပြောဆိုမှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့ကြားက NUG နဲ့ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်နေရုံမက မြန်မာ့ပြည်တွင်းရေးကို ပေါ်ပေါ်တင်တင် ဝင်ရောက်စွက်ဖက်နှောင့်ယှက်မှုများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတောင်မဖြစ်သေးဘဲ အာဆီယံမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး မဟုတ်မမှန်သတင်းများ အမြဲတစေထုတ်လွှင့်အပုပ်ချနေမှုများကြောင့် နိုင်ငံတော်အစိုးရက တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံကို ပြီးခဲ့တဲ့စက်တင်ဘာ ၁ ရက်မတိုင်ခင် မြန်မာနိုင်ငံကထွက်ခွာဖို့ ဩဂုတ်လ ၂၇ ရက်နေ့မှာ အမိန့်ထုတ်ပြန်ခဲ့ရပါတယ်။
တကယ်တော့ သံတမန်အဖွဲ့အစည်းဆိုတာ နိုင်ငံအချင်းချင်းဆက်ဆံရာမှာ အစဉ်ချောမွေ့ပြေပြစ်စေရန်အတွက် သက်ဆိုင်ရာနိုင်ငံများမှ နိုင်ငံ့ကိုယ်စားတာဝန်ပေးစေလွှတ်ထားတဲ့ အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါတယ်။
သံတမန်များကို နိုင်ငံခေါင်းဆောင်အား ကိုယ်စားပြုစေလွှတ်သော သံအမတ်ကြီး (Ambassadors)၊ အထူးအာဏာကုန်လွှဲအပ်ထားသော သံတမန်များ(Minister Plenipotentiary & Envoy Extraordinary)၊ သံအမတ်များ (Minister Resident) နဲ့ နိုင်ငံခြားရေးသံရုံးမှ တာဝန်ပေးစေလွှတ်သောသံမှူးများ(Charge d’ Affaires) ဆိုပြီး ခွဲခြားထားလေ့ရှိပါတယ်။ သံတမန်အဖွဲ့အစည်းများအတွင်းမှ ဝါအရင့်ဆုံးပုဂ္ဂိုလ်ကိုလည်း ခေါင်းဆောင် (Doyen)အဖြစ် သတ်မှတ်လေ့ရှိပါတယ်။
သံတမန်တစ်ဦးဟာ လက်ခံတဲ့နိုင်ငံရဲ့ တည်ဆဲဥပဒေဘောင်များအတွင်းကသာ သံတမန်ရေးရာကိစ္စရပ်များ ဆောင်ရွက်ရမှာဖြစ်
သံတမန်တွေဟာ နိုင်ငံတစ်နိုင်ငံကို ကိုယ်စားပြုလာရောက်ရတဲ့ ပုဂ္ဂိုလ်များဖြစ်တာနဲ့အညီ သူတို့ရဲ့တာဝန်တွေကို ပြည့်ဝစွာထမ်းဆောင်နိုင်ဖို့အတွက် လက်ခံတဲ့နိုင်ငံက သံတမန်ဆိုင်ရာကင်းလွတ်ခွင့်များ (Diplomatic Immunity)လည်း ပေးထားရပါတယ်။ ဒါပေမယ့် သံတမန်တစ်ဦးဟာ မိမိကြိုက်နှစ်သက် သလိုပြုမူနိုင်တဲ့ အခွင့်အရေးရှိတယ်လို့ ယူဆလို့မရပါဘူး။ လက်ခံတဲ့နိုင်ငံရဲ့ တည်ဆဲဥပဒေဘောင်များအတွင်းကသာ မိမိရဲ့သံတမန်ရေးရာကိစ္စရပ်များကို ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။
လက်သင့်ခံထားတဲ့နိုင်ငံရဲ့ ပြည်တွင်းအေးချမ်းတည်ငြိမ်မှုကို နှောင့်ယှက်ချိုးဖောက်လာပါက မလိုလားအပ်သော သံတမန်တစ်ဦး (Persona non grata) အဖြစ်သတ်မှတ်ပြီး သူ့ကိုပြန်လည်စေလွှတ်ခြင်း၊ စေလွှတ်ထားတဲ့နိုင်ငံမှ ပြန်လည်ခေါ်ယူစေရန် (Recall) တောင်းဆိုခြင်းတွေ ဆောင်ရွက်ခွင့်ရှိပါတယ်။ လက်သင့်ခံတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အရေးအခင်းတွေကို ထိခိုက်အောင်ဆောင်ရွက်ခဲ့တဲ့အတွက် ပြန်လည်စေလွှတ်သော၊ သို့မဟုတ် ပြန်လည်ခေါ်ယူရန်တောင်းဆိုခဲ့သော ဖြစ်စဉ်များဟာ သံတမန်များ သမိုင်းတစ်လျှောက်မှာများစွာရှိခဲ့ပါတယ်။ သံတမန်တွေဟာ မိမိကိုလက်ခံထားတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေးရာကိစ္စရပ်တွေမှာ ဝင်ရောက်စွက်ဖက်နှောင့်ယှက်မှု မပြုလုပ်ရဆိုတဲ့အချက်ကို ကမ္ဘာတစ်ဝန်းလုံးက အသိအမှတ်ပြုထားကြပါတယ်။
သံတမန်တစ်ဦးတစ်ယောက်မှာတောင် လိုက်နာရမယ့် သံတမန်ရေးဆိုင်ရာ ကျင့်ဝတ်တွေရှိတယ်ဆိုရင် နိုင်ငံခေါင်းဆောင်များအဖို့ နိုင်ငံတကာဆက်ဆံရေးကဏ္ဍမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အပြန်အလှန်လေးစားရေး၊ ပြည်တွင်းရေးအပေါ် ဝင်ရောက်စွက်ဖက်နှောင့်ယှက်ခြင်းမပြုရေးဆိုတဲ့ နိုင်ငံတကာကျင့်ဝတ်တွေကို လေးစားလိုက်နာဖို့ လိုအပ်တာပေါ့။
နိုင်ငံ့ခေါင်းဆောင်သမ္မတတစ်ဦးရဲ့ ဂုဏ်သိက္ခာနဲ့ မလျော်ညီတဲ့ပြုမူပြောဆိုမှု
တီမောလက်စ်တေသမ္မတ ရာမို့စ်ဟော်တာရဲ့ ယခုမြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြုမူ ပြောဆိုမှုတွေကတော့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ် နိုင်ငံရဲ့လိုက်နာရမယ့် ကျင့်ဝတ်စံနှုန်းတွေ၊ ဒေသတွင်းအာဆီယံနိုင်ငံများကြားမှာ လိုက်နာရမယ့်အခြေခံမူတွေ၊ ပဋိညာဉ်စာတမ်းတွေကို ဘေးချိတ်ပြီး နိုင်ငံ့ခေါင်းဆောင်သမ္မတတစ်ဦးရဲ့ ဂုဏ်သိက္ခာနဲ့ မလျော်ညီတဲ့ ပြုမူပြောဆိုမှုတွေပဲလို့ဆိုရမှာ ဖြစ်ပါတယ်။
၁၆ ရာစုအတွင်းက ပေါ်တူဂီတို့ရဲ့ ကိုလိုနီပြုမှုကိုခံရပြီး ၁၉၇၅ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ အင်ဒိုနီးရှား လက်အောက်မှာ အင်နိုနီးရှားစစ်တပ်နဲ့ တီမောနယ်မြေခွဲထွက်ရေးအုပ်စုများကြား ကာလကြာရှည် ပဋိပက္ခများကြောင့် လူနေမှုအဆင့်အတန်းနိမ့်ကျလာရာကနေ ဩစတြေးလျနိုင်ငံရဲ့ ထောက်ခံမှု၊ ကုလ သမဂ္ဂရဲ့စေ့စပ်မှုအရ ၂၀၀၂ ခုနှစ် မေလ ၂၀ ရက်နေ့ မှာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ် ပေါ်ထွက်လာတဲ့တစ်ချိန်က အရှေ့တီမောလို့ခေါ်တဲ့ တီမောလက်စ်တေနိုင်ငံငယ်လေးအနေနဲ့ ကမ္ဘာ့နိုင်ငံ တွေနဲ့ ဒေသတွင်းနိုင်ငံတွေကြားမှာ မိတ်ဝတ်မပျက်ဆက်ဆံရေးကို ထူထောင်နိုင်ဖို့ဆိုရင် နိုင်ငံတကာဆက်ဆံရေးနဲ့ သံခင်းတမန်ခင်းကဏ္ဍမှာ နိုင်ငံတိုင်းလေးစားလိုက်နာရမယ့် ကျင့်ဝတ်စံနှုန်းတွေကို လေ့လာသင်ယူဖို့၊ သင်ယူပြီးရင်လည်း မမေ့မလျော့နဲ့ လေးစားလိုက်နာဖို့ သတိပေးစကား ဆိုပါရစေ။ ။