Skip to main content

စမ္ပာနဂိုရ်က ပေါင်ကျိုးနွားမကြီး သို့မဟုတ် အမြီးပြတ်မြေခွေး

မောင်သောမန

လူတစ်ဦးတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာကို အခြားသူတစ်ယောက်က ဝင်ရောက်စွက်ဖက်ရင် စွက်ဖက်ခံရသူအနေနဲ့ လက်မခံနိုင်တဲ့အပြင် မဆီမဆိုင်စွက်ဖက်သူကို မကျေမနပ်ဖြစ်မယ်၊ စိတ်ဆိုးမယ်၊ ဒေါသဖြစ်မယ်၊ စိတ်ရှိလက်ရှိ ပြောလိုက်ရမှ ကျေနပ်ပါတယ်။ စွက်ဖက်သူအနေနဲ့ သိက္ခာမဲ့ရာရောက်တယ်။ လိပ်ပြာမသန့်ဖြစ်မယ်။ ဒါကြောင့် ကိုယ်နဲ့မသက်ဆိုင်တဲ့ သူတစ်ပါးအရေးမှာ ဝင်ရောက်မစွက်ဖက်တာ ကောင်းပါတယ်။ စည်းလုံးညီညွတ်တဲ့ မိသားစုတစ်စုကို သွေးခွဲ စကားလာပြောတဲ့ လူတစ်ယောက်ဟာ ကိုယ့်အရှက်ကို ကိုယ်လုံဖို့မချိသွားဖြဲသလို မျက်နှာပြောင်တိုက်လုပ်ရပါတယ်။ တကယ်တော့ သူတစ်ပါးပျက်စီးရာ ပျက်စီးကြောင်းပြောတဲ့သူဟာ ကိုယ့်မှာအပြစ်ကင်းသလားဆိုတာကို ဆင်ခြင်နိုင်စွမ်းအားနည်းပါတယ်။ ဒါမှမဟုတ် နောက်ကွယ်ကအကြောင်းတွေကြောင့် မကောင်းမှန်းသိရက်နဲ့ လုပ်နေတာလည်း ဖြစ်နိုင်ပါတယ်။

ဆိုးယုတ်တဲ့အကြံ

သူတစ်ပါးမကောင်းကြောင်း၊ ပျက်စီးရာပျက်စီးကြောင်း ပြောချင်တဲ့သူဟာ ကိုယ့်မျက်ချေး ကိုယ်မမြင်ဘဲမစားရဝခမန်း ပြောတတ်ပါတယ်။ အဲဒီပုဂ္ဂိုလ်ဟာ အရှေ့တောင်အာရှရဲ့အစွန်ဆုံးမှာရှိတဲ့ ပင်လယ်ထဲက အရှေ့တီမော သို့မဟုတ် တီမောကျွန်းနိုင်ငံလေးရဲ့ သမ္မတဆိုတဲ့သူပဲဖြစ်ပါတယ်။ သမိုင်းကြောင်း အစဉ်အလာမကောင်းခဲ့တဲ့ သူ့နိုင်ငံနဲ့ သူ့တပ်မတော်အကြောင်းကို မသိကျိုးကျွံပြုပြီး သူတစ်ပါးနိုင်ငံနဲ့ သူတစ်ပါးတပ်မတော်ကို ပျက်စီးရာပျက်စီးကြောင်း သွေးခွဲ၊ အသံကောင်းဟစ်လိုက်တာဟာ သူ့နိုင်ငံလိုပဲဖြစ်ပါစေဆိုတဲ့ မကောင်းတဲ့ဆိုးယုတ်တဲ့အကြံအစည်နဲ့ လုပ်လိုက်တာတော့သေချာပါတယ်။

“ညောင်ဦးက ကမ်းပါးပြိုတာ စမ္ပာနဂိုရ်က နွားမကြီးပေါင်ကျိုး”ဆိုတဲ့ မြန်မာစကားပုံတစ်ခုရှိပါတယ်။ ညောင်ဦးက ကမ်းပါးပြိုတာနဲ့ ဟိုးဝေးလံတဲ့ စမ္ပာနဂိုရ်ကနွားမကြီး ပေါင်ကျိုးတာဟာ ဘယ်လိုမှမဆက်စပ်ပါဘူး။ မြန်မာနိုင်ငံရဲ့ ဒေသအချို့မှာ တပ်မတော်ကသောင်းကျန်းသူတွေကို တိုက်ခိုက်နှိမ်နင်းနေတဲ့အချိန်မှာ ဟိုးအရှေ့တောင်ဘက် ပင်လယ်ထဲက ကျွန်းနိုင်ငံငယ်လေးတစ်နိုင်ငံရဲ့ အကြီးအကဲတစ်ယောက်က မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံက တပ်မတော်သားတွေကို သွေးခွဲတဲ့စကား၊ နှိမ့်ချတဲ့စကားပြောခဲ့တာဟာ စမ္ပာနဂိုရ်က နွားမကြီးပေါင်ကျိုးလို့ အော်နေသလို မျိုးဖြစ်နေပါတယ်။ ဒါပေမဲ့ တီမောနိုင်ငံရဲ့ သမိုင်းကြောင်းကို လေ့လာကြည့်မယ်ဆိုရင် အဆက်အစပ်ရှိလာပြန်ပါတယ်။

အားနည်းသည့်နိုင်ငံ

တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံဟာ အရှေ့တောင်အာရှ အစွန်အဖျားမှာတည်ရှိတဲ့ ကျွန်းနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး တီမောကျွန်းရဲ့ အရှေ့ဘက်မှာတည်ရှိပါတယ်။ အနောက်ဘက်မှာ အင်ဒိုနီးရှားနိုင်ငံရဲ့ အနောက်တီမောနဲ့ တောင်ဘက်မှာ ဩစတြေးလျနိုင်ငံရှိပါတယ်။ တီမောပင်လယ်ခြားပြီး တည်ရှိနေပါတယ်။ နိုင်ငံဟာ စတုရန်းမိုင် ၅၄၀၀ ကီလိုမီတာ ၁၅၄၁၀ ကျယ် ဝန်းပြီး မြန်မာနိုင်ငံက ဒေသသေးသေးတစ်ခုစာမျှ လောက်ပဲရှိပါတယ်။ နိုင်ငံဟာ နောက်ခံသမိုင်းကြောင်း မကောင်းဘဲလက်ရှိအခြေအနေမှာလည်း ချို့ယွင်းအားနည်းချက်တွေ များစွာရှိပါတယ်။

တီမောနိုင်ငံရဲ့ သမိုင်းကြောင်းမှာ ကမ္ဘာ့ဘဏ်ရဲ့ သတ်မှတ်ချက်အရ အရှေ့တီမောနိုင်ငံရဲ့ စီးပွားရေးဟာ နိမ့်ကျပါတယ်။ ၂၀၁၅ ခုနှစ် သန်းခေါင်စာရင်းအရ အရှေ့တီမောနိုင်ငံရဲ့ လူဦးရေဟာ ၁၁၈၃၆၄၃ ဦးဖြစ်ပါတယ်။ နိုင်ငံလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းဟာ အလုပ်လက်မဲ့တွေဖြစ်ပါတယ်။ တိုင်းပြည်လူဦးရေရဲ့ တစ်ဝက်ခန့်ဟာ စာတတ်မြောက်မှုမရှိပါဘူး။ အစိုးရရဲ့အသုံးစရိတ်ဟာ ငွေကြေးဖောင်းပွမှုမှာ များစွာသက်ရောက်မှုရှိပါတယ်။ နိုင်ငံသားတွေဟာ ဆင်းရဲမွဲတေမှုနဲ့ ကြုံနေရကာ အထူးသဖြင့် လယ်သမားတွေနဲ့ ငါးဖမ်းသမားတွေဟာ ကျေးလက်ဒေသတွေမှာ အနေများပါတယ်။ မြို့ပြဧရိယာမှာ အများစုဟာ ဆင်းရဲကြပါတယ်။ အမျိုးသမီးတွေဟာ ဆင်းရဲပြီး လုပ်အားခအလွန်နည်းတဲ့ အလုပ်တွေမှာ အလုပ်လုပ်ရပါတယ်။ ကလေးငယ်တွေဟာ ကြီးထွားမှုနှေးကွေးပြီး အာဟာရချို့တဲ့ နေကြပါတယ်။

ကုလတပ်စေလွှတ်

၂၀၀၁ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့မှာ အရှေ့တီမောနိုင်ငံရဲ့ ပထမဆုံးရွေးကောက်ပွဲကို ကုလသမဂ္ဂက ကြီးမှူးပြီးကျင်းပပေးခဲ့ပါတယ်။ ၂၀၀၂ခုနှစ် မေလ ၂၀ ရက်နေ့မှာ ကုလသမဂ္ဂက အရှေ့တီမောနိုင်ငံရဲ့ လွတ်လပ်ရေးကို တရားဝင်အသိအမှတ်ပြုခဲ့ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ဇာနာနာ ဂတ်စမိုဟာ အရှေ့တီမောရဲ့ ပထမဆုံးသမ္မတဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့မှာ နိုင်ငံအမည် အရှေ့တီမော (East Timor) ကို တီမောလက်စ်တေ (Timor-Leste)လို့ ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ ထိုစဉ်က သမ္မတနဲ့ ဝန်ကြီးချုပ်တို့အကြားမှာ မပြေလည်မှုများရှိခဲ့ပါတယ်။

၂၀၀၆ ခုနှစ်မှာ အရှေ့တီမောနိုင်ငံအနောက်ပိုင်းမှ စစ်သားအများစုပါဝင်တဲ့ စစ်သားတွေရဲ့ ဆူပူအုံကြွမှုတွေနဲ့ ဂိုဏ်းကွဲမှုတွေဖြစ်ခဲ့ပါတယ်။ တပ်တွင်းဆူပူမှု ဖြစ်ပွားရတဲ့အကြောင်းကတော့ အစိုးရကနိုင်ငံအရှေ့ပိုင်းက စစ်သားတွေကို ပိုပြီးမျက်နှာသာပေးတယ်လို့ နိုင်ငံအနောက်ပိုင်းက စစ်သားတွေက စွပ်စွဲခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် တပ်တွင်းပုန်ကုန်မှု ပဋိပက္ခတွေဖြစ်ပြီး ကြီးမားတဲ့ပြဿနာ ဖြစ်ခဲ့ရပါတယ်။ ၂၀၀၆ ခုနှစ် မတ်လက နိုင်ငံအနောက်ပိုင်းက စစ်သားအများစုပါဝင်တဲ့ စစ်သားတွေရဲ့ ဆူပူအုံကြွမှုတွေနဲ့ ဂိုဏ်းကွဲမှုတွေကြောင့် နိုင်ငံလူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းဖြစ်တဲ့ လူပေါင်း ၁၅၅၀၀၀ ခန့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးတပ်တွေ စေလွှတ်ပြီး ထိန်းသိမ်းခဲ့ရပါတယ်။

နိုင်ငံရေးစတန့်ထွင်

၂၀၀၆ ခုနှစ် မေလမှာ သမ္မတကအရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ သမ္မတဇာနာနာဂတ်စမိုက သူ့အနေနဲ့ နောက်ထပ်သမ္မတသက်တမ်းကို တာဝန်မထမ်းဆောင်တော့ကြောင်း ပြောကြားခဲ့ပါတယ်။ ထိုကာလမှာ ဝန်ကြီးချုပ်လည်း နုတ်ထွက်ခဲ့ပါတယ်။ အဲဒီတုန်းက နိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့ပြီး ယခုလက်ရှိသမ္မတက ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက် ၂၀၀၇ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ သမ္မတဖြစ်လာခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလမှာ သမ္မတရာမို့စ်ဟော်တာဟာ လုပ်ကြံသတ်ဖြတ်ခံရမှုမှာ ပါဝင်ခဲ့ပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပါတယ်။ ဝန်ကြီးချုပ်ကတော့ မထိခိုက်ဘဲ လွတ်မြောက်သွားခဲ့တယ်။ အခြေအနေကို ထိန်းသိမ်းဖို့ ဩစတြေးလျတပ်ဖွဲ့တွေ ချက်ချင်းစေ လွှတ်ခဲ့ပါတယ်။

ထိုစဉ်ကာလ တီမောနိုင်ငံရဲ့ မတည်မငြိမ်ဖြစ်ခဲ့တဲ့အခြေအနေတွေကို အကြောင်းပြုလို့ အရှေ့တီမောပြဿနာကို လက်ညှိုးထိုးပြီး မြန်မာနိုင်ငံကိုလည်း အရှေ့တီမောလို အရေးယူသင့်ပါတယ်ဆိုတဲ့ စကားမျိုးပြောခဲ့တဲ့ မြန်မာနိုင်ငံက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်တစ်ဦး ရှိခဲ့ဖူးပါတယ်။ အခုလည်း မြန်မာနိုင်ငံကို အရှေ့တီမောလိုဖြစ်အောင် တပ်မတော်သားတွေကို သွေးခွဲစကားပြောဆိုလာတဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရ တီမောသမ္မတက ဖန်တီးလာပြန်ပါတယ်။ မြန်မာနိုင်ငံပြိုကွဲပျက်စီးအောင်ပြုလုပ်ပြီး ကုလသမဂ္ဂတပ်ဖွဲ့တွေ၊ အနောက်အုပ်စုတွေ ဝင်ရောက်ပတ်သက်လာအောင် နိုင်ငံရေးစတန့်ထွင်လိုက်တာ ဖြစ်ပါတယ်။

အရှက်မရှိတဲ့စကား

ပုံပြင်တစ်ပုဒ်မှာ အမြီးပြတ်နေတဲ့ မြေခွေးတစ်ကောင်ဟာ ကိုယ့်အမြီးပြတ်နေတာကို ရှက်ရ ကောင်းမှန်း မသိဘဲ တခြားမြေခွေးတွေရဲ့ အကဲ့ရဲ့ကနေလွတ်အောင် သူ့လိုအမြီးတွေပြတ်အောင် အကြံပေးနေတာနဲ့လည်း တူပါတယ်။ မိမိရဲ့ ချို့ယွင်းချက်၊ အားနည်းချက်တွေကို ဖုံးကွယ်ထားနိုင်အောင် လူလူသူသူအထင်ကြီးအောင်၊ ကယ်တင်ရှင်ဖြစ်သယောင် ဖန်တီးနေတာဖြစ်ပါတယ်။ သူ့နိုင်ငံမှာဖြစ်တဲ့အဖြစ် မျိုးလို မြန်မာနိုင်ငံကိုလည်း ဖြစ်စေလိုတာကြောင့် မြန်မာနိုင်ငံက တပ်မတော်သားတွေလက်နက်ချပြီး ပြည်သူလူထုဘက်ကရပ်တည်ဖို့ တီမောသမ္မတက အရှက်မရှိတဲ့စကား ပြောဆိုလိုက်တာဖြစ်ပါတယ်။

တီမောသမ္မတဟာ သမ္မတအဆင့်နဲ့မဆီလျော်တဲ့ အရှက်မရှိတဲ့စကားတွေပြောခဲ့သလို သူ့ရဲ့နောက်ခံ သမိုင်းကြောင်းမှာလည်း မကောင်းတဲ့လုပ်ရပ်တွေရှိခဲ့ပါတယ်။ သူသမ္မတမဖြစ်မီ ၁၉၉၄ ခုနှစ်တုန်းက မြန်မာနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာပြီး သောင်းကျန်းသူနယ်မြေ ကရင်ပြည်နယ် မာနယ်ပလောမှာ နေထိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့အစိုးရအား ဆန့်ကျင်ခဲ့တဲ့သူတွေကို လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး သင်တန်းတွေပို့ချပေးခဲ့ပါတယ်။ ဒါကြောင့်သူဟာ မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို အစောကတည်းကဝင်ရောက်ပြီး မြေခွေးလိုအကောက်ကြံ ကြံစည်အားထုတ်နေခဲ့တဲ့သူ တစ်ယောက်ဖြစ်ပါတယ်။

ဒေါသဖြစ်ကြရ

ဒီလောက်ဆိုရင် တီမောနိုင်ငံရဲ့ နောက်ခံသမိုင်းကြောင်းအကျဉ်းနဲ့ တီမောသမ္မတရဲ့အကြံအစည်ကို ရိပ်စားမိလောက်ပြီဖြစ်ပါတယ်။ တီမောသမ္မတမသိသေးတဲ့အချက်ကတော့ မြန်မာနိုင်ငံရဲ့ နောက်ခံသမိုင်းကြောင်းကို မလေ့လာဘဲ အရည်မရ၊ အဖတ်မရ ငပေါကြီးဖြစ်အောင် ပြောခဲ့တာဖြစ်ပါတယ်။ နောက်တစ်ခုက စုတ်ပြတ်နေတဲ့ သူ့နိုင်ငံအတ္ပက် အနောက်နိုင်ငံတွေရဲ့ထောက်ပံ့မှုကို ရမလားဆိုပြီး လေလည်ပြတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်သမ္မတမှမလုပ်ဘူးတဲ့ အလုပ်ကိုလုပ်ပြလိုက်လို့ နိုင်ငံတကာမှာ ဟီးရိုးဖြစ်လာမလားလို့ စိတ်ကူးယဉ်တာလည်းဖြစ်နိုင်ပါတယ်။ သမ္မတဆိုတဲ့ ဂုဏ်သိက္ခာကို မထောက်ထားဘဲ သူတစ်ပါးနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ၊ သူတစ်ပါးနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးစော်ကားတာဖြစ်လို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအနေနဲ့ ဒေါသဖြစ်ကြရပါတယ်။  

မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတချို့ ဖြစ်နေတဲ့ကာလအတွင်း စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ တပ်မတော်ကို သွေးခွဲတဲ့လုပ်ရပ်တွေကို ပြုလုပ်နေကြတာဟာ သူတင်မကပါဘူး။ အခြေမလှတဲ့ သောင်းကျန်းသူတွေကလုပ်တာတစ်မျိုး၊ အမျိုးသားသစ္စာဖောက်တွေက လုပ်တာတစ်ဖုံ၊ အထူးသဖြင့် ပြည်ဖျက်မီဒီယာတွေက အမျိုးမျိုးပုံဖျက်လုပ်နေကြတာတစ်သွယ်၊ အခုပဲတပ်မတော် ကြီး ပြိုကွဲသွားတော့မယောင်၊ တိုင်းပြည်ကြီး ပြိုလဲသွားတော့မလို စိတ်ပျက်စရာသတင်းတွေ ခဏခဏ တွေ့မြင်ကြား သိနေရပါတယ်။ အခုမြန်မာ့တပ်မတော်က တပ်မတော်သားတွေကို လက်နက်တွေစွန့်လွှတ်ပြီး ပြည်သူ့ရင်ခွင်ကို ခိုလှုံပါဆိုတဲ့ ရီစရာပျက်လုံးစကားကို ပြောလိုက်တာဟာ ပေါင်ကျိုးနွားမကြီး အော်တာထက်တောင် ဆိုးနေပါတယ်။

ရန်မှန်သမျှတွန်းလှန်

ဘယ်လိုပဲအော်နေအော်နေ အင်အားတောင့်တင်းခိုင်မာပြီး စည်းလုံးညီညွတ်စွာ ရပ်တည်လျက်ရှိတဲ့ အစဉ်အလာကြီးမားတဲ့ မြန်မာ့တပ်မတော်သားတွေဟာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နဲ့ တိုင်းပြည်ကို သစ္စာရှိစွာ ကာကွယ်စောင့်ရှောက်နေကြသူတွေဖြစ်ပါတယ်။ ဆွမ်းဆန်စိမ်းထဲ ကြွက်ချေးရောသလို အစွန်းအထင်းတွေလည်းရှိတတ်ပါတယ်။ သိုးဖြူတစ်အုပ်မှာ သိုးမည်းတစ်ကောင်ပါလာတတ်သလို တပ်မတော်အပေါ် သစ္စာဖောက်တဲ့ သူအချို့ရှိတတ်ပါတယ်။ တပ်မတော်ကို သစ္စာဖောက်ဖျက်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင် တပ်မှူးကြီးတစ်ဦးဟာ သမိုင်းမှာ မထင်မရှား တိမ်မြုပ်ကွယ်ပျောက်ခဲ့ရပါတယ်။ အခြားအဆင့်ဆိုလျှင်လည်း သစ္စာဖောက်သူတို့ သွားရာလမ်းအတိုင်းသွားကြရတဲ့ ရာဇဝင်ရှိပါတယ်။ တပ်မတော်ဟာ ဘယ်သူခွဲခွဲသွေးမကွဲဘဲ ပြည်တွင်း၊ ပြည်ပ ရန်စွယ်အန္တရာယ်မှန်သမျှကို ပြောင်မြောက်စွာ တွန်းလှန်နိုင်ခဲ့ပါတယ်။

ဒီလိုလုပ်ခဲ့တာဟာလည်း သူ့ရဲ့ဖြစ်စဉ်နဲ့ သူ့နိုင်ငံရဲ့နောက်ခံသမိုင်းကြောင်းတွေအပေါ်မှာ အကြောင်းခံပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံကိုချစ်တဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေနဲ့ တပ်မတော်သားတွေဟာ နွားမပေါင်ကျိုးကြီး သို့မဟုတ် အမြီးပြတ် မြေခွေးကြီးအဖြစ်ကို သိလိုက်ရရင် ဟားတိုက်ရယ်မောကြမှာဖြစ်ပါတယ်။ မဆီမဆိုင် မိမိနိုင်ငံကို ဝင်ရောက်စော်ကားတဲ့လုပ်ရပ်ကို ဒေါသဖြစ်ကြမှာ အမှန်ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုလို မြန်မာနိုင်ငံနဲ့ မြန်မာ့တပ်မတော်သားတွေကို သွေးခွဲရန်တိုက်ပေးတဲ့၊ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တဲ့၊ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါးစော်ကားတဲ့ အနှီသမ္မတကို ဝိုင်းဝန်းရှုတ်ချကန့်ကွက်ကြရမှာ ဖြစ်ပါတယ်။

သံတမန်နှင်ထုတ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တီမောနိုင်ငံနဲ့ သံတမန်ဆက်ဆံရေးရပ်တန့်ပြီး သံအရာရှိကို မြန်မာနိုင်ငံမှ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်က နောက်ဆုံးထား ထွက်ခွာခိုင်းခဲ့တာကို အားလုံးကြားသိကြရမှာဖြစ်ပါတယ်။ အဲဒီတုန်းကလည်း အရှေ့တီမောနိုင်ငံအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှာရော၊ အာဆီယံအသိုင်းအဝိုင်းမှာပါ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ မဟုတ်မမှန်သတင်းတွေ၊ တစ်ဖက်သတ် စွပ်စွဲချက်တွေ စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဒါကြောင့် လိုအပ်တဲ့သံတမန်ရေးအရ တုံ့ပြန်ဆောင်ရွက်ခဲ့ပါတယ်။ ဒီနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရော၊ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာ၊ အချုပ်အခြာအာဏာကိုပါ ထိပါးလာတာဖြစ်တဲ့အတွက် အရေးယူဆောင်ရွက်ရခြင်းဖြစ်တယ်။ သမ္မတရာမို့စ်ဟော်တာဟာ ၂၀၀၇ ခုနှစ် စက်တင်ဘာလကတည်းက အာဆီယံမှာ တင်းပြည့်အဖွဲ့ဝင်ဖြစ်ဖို့ ကြိုးပမ်းခဲ့သော်လည်းပဲ ၂၀၂၂ ခုနှစ် မေလ ၂၀ ရက်နေ့ ၎င်း နောက်ထပ်သမ္မတ သက်တမ်းတိုးပြီးတာတောင် တင်းပြည့်အဖွဲ့ဝင်မဖြစ်သေးပါဘူး။

ဆိုးညစ်ယုတ်မာ

တပ်မတော်သားတွေကို အဓိကသတင်းစကားပါးထားတဲ့ သွေးခွဲတဲ့ရုပ်သံဖိုင်ကို NUG အကြမ်းဖက် အဖွဲ့ကနေတစ်ဆင့် တီမောသမ္မတက မျှဝေဖန်တီးပေးလိုက်တာဖြစ်ပါတယ်။ ရုပ်သံဖိုင်မှာ နိုင်ငံတကာအသိုင်းအဝိုင်းတွေအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို ဒဏ်ခတ်ပိတ်ဆို့ဖို့လည်း ထပ်မံတိုက်တွန်းထားပါတယ်။ မကြာခင်ကူးပြောင်းတော့မယ့် ၂ဝ၂၄ ခုနှစ်မှာ မြန်မာပြည်သူတွေ ဒီမိုကရေစီနဲ့ လွတ်လပ်ခြင်းတွေပြန်ရဖို့ ဝိုင်းဆုတောင်းပေးနေတယ်လို့လည်း သမ္မတဟိုဆေးရာမို့စ် ဟော်တာက သူတော်ကောင်းယောင်ဆောင်ပြီး ပြောခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စာရေးသူအမြင်အနေနဲ့ ပြောရမယ်ဆိုရင် တီမောသမ္မတဟာ သူ့နိုင်ငံရဲ့အဖြစ်မျိုးလိုပဲ မြန်မာနိုင်ငံကို ဖြစ်စေလိုတဲ့ ဆိုးညစ်ယုတ်မာတဲ့အကြံ အစည်နဲ့လုပ်ဆောင်ခဲ့တဲ့ အမြီးပြတ်မြေခွေး သို့မဟုတ် ပေါင်ကျိုးနွားမကြီးလို့ ဆိုလိုက်ချင်ပါတယ်။ ။