Skip to main content

ပျော်မဆုံး မော်မဆုံး ဘောလုံးကစားကြမည်

အားကစားဝါသနာရှင်တစ်ဦး

ပလတ်စတစ်ဘောလုံးလေးတစ်လုံး ကျွန်တော်ရှိရာသို့ ဝဲပျံလာသည်။ စက်ဘီးကို အသာထိန်းရင်း ခြေတစ်ဖက်ကို ပင့်မြှောက်၍ ဘောလုံးလာရာလမ်းအတိုင်း အသာအယာ ပြန်ကန်ပို့ပေးလိုက်သည်။ “ဟာ”၊ မူလတန်းအရွယ်သားသားလေးနှစ်ဦး၏ အာမေဋိတ်အံ့ဩသံနှင့်အတူ ချီးမွမ်းသံလေးများ ညံစီသွားသည်။ ပြီးတော့ သူတို့ ကျွန်တော့်ကို ငေးမောရင်း ကျန်ရစ်ခဲ့သည်။

ကျွန်တော်တို့ငယ်စဉ်ကလည်း သည်လိုပင်။ လူကြီးများဘောလုံးကစားကြသည်ကို ညနေတိုင်း ကွင်းဘေးက ငေးမောကြည့်ရင်း အားကျနေမိသည်။ ကျွန်တော်နေထိုင်ရာရပ်ကွက်တွင် ရွှေခေတ်လူကြီးလူငယ် မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်းကြီးများ၊ ပထမတန်းကစားသမားများ၊ ဝါသနာရှင်လူငယ်ကစားသမားများဖြင့် စုဖွဲ့မှုကောင်းသည်။ သူတို့က ညနေတိုင်းဘောလုံးကစားလေ့ရှိသည်။ ကျွန်တော်ကလည်း ကစားဖော်များကိုစောင့်ရင်း အဖေဝယ်ပေးထားသည့် မှော်ဘီဘောလုံးစက်ရုံထုတ် ၁၆ ကျပ် ပြား ၄၀ တန် ဒဗလျူဘောလုံးလေးကိုပိုက်ရင်း ကွင်းဘေးက ထိုင်ကြည့်လေ့ ရှိသည်။

သူတို့ထဲက ကမ္ဘာကျော်ဘောလုံးသမားကြီး မာရာဒိုနာနှင့် အရပ်အမောင်း၊ ကိုယ်လုံးကိုယ်ပေါက် ကအစတူသည့် အစ်ကိုကြီးတစ်ဦးကို အလွန်သဘောကျခဲ့သည်။ Jumping အလွန်ကောင်းသည်။ Control အလွန်ညက်သည်။ Speed ကလည်း လှစ်ခနဲ၊ လှစ်ခနဲ။ မြန်မှမြန်။ သူဘောလုံးကစားပုံမှာ အမြဲကြွရွလို့နေသည်။ နောက်ပိုင်းတွင် ပထမတန်းဆိပ်ကမ်းကလပ်အသင်းတွင် သူပါဝင်ကစားခဲ့သည်အထိ အောင်မြင်ခဲ့သည်။ အလားတူပင် ဝါရင့်ကစားသမားကြီးများနှင့်တွဲဖက်၍ လိုက်ပါကစားခဲ့ကြသေ  ဝါသနာရှင်လူငယ်အချို့မှာလည်း မြို့နယ်လက်ရွေးစင်၊ ရန်ကုန်တိုင်းလက်ရွေးစင်များအဖြစ် တက်လှမ်းနိုင်ခဲ့ကြပါသည်။

ရပ်ကွက်နေလူကြီးများကလည်း ဘောလုံးအပါအဝင် အားကစားလှုပ်ရှားမှုများကို အထူးအားပေးမြှောက်စားခဲ့ကြသည်။ ယခုလို ဒီဇင်ဘာလ၊ ဇန်နဝါရီလဆိုလျှင် ရပ်ကွက်ထဲတွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ အပြေးပြိုင်ပွဲစသည်ဖြင့် အားကစားပြိုင်ပွဲမျိုးစုံကို စည်ကားသိုက်မြိုက်စွာ ကျင်းပပေးလေ့ရှိသည်။

ကြိတ်ကြိတ်တိုးအားပေးလေ့ရှိ

ဘောလုံးပြိုင်ပွဲဆိုလျှင် ကျွန်တော်တို့ မူလတန်းအရွယ်ကလေးများအတွက် ၄ ပေ ၉ လက်မ၊ ၅ ပေ ၂ လက်မဘောလုံးပြိုင်ပွဲလေးများကို နှစ်စဉ်မပျက်မကွက် ကျင်းပပေးသည်။ မည်ကာမတ္တ တော်ရိလျော်ရိကျင်းပပေးခြင်းမျိုး မဟုတ်ပါ။ ဒိုင်လူကြီးဆိုလျှင် ရပ်ကွက်တွင်နေထိုင်သည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဒိုင်လူကြီးတစ်ဦးက ဖွင့်ပွဲနှင့် ဗိုလ်လုပွဲအပါအဝင် ပွဲကြီးပွဲကောင်းပွဲစဉ်များကို ကိုယ်တိုင်ပါဝင်ကြီးကြပ်ပေးခဲ့သလို အခြားသူများကိုလည်း ဒိုင်လူကြီးသင်တန်း ပို့ချပေးခဲ့ပါသည်။ လက်ရွေးစင်ဟောင်းကြီးအချို့ကမူ နီးစပ်ရာအသင်းများတွင် နည်းပြအဖြစ် စေတနာ့ဝန်ထမ်းပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြပါသည်။ သို့ဖြင့်ပြိုင်ပွဲမှာ အကြိတ်အနယ်ရှိလှသလို ပရိသတ်မှာလည်း ကွင်းလေးဖက်လေးလံ အပြည့်အလျှံကြိတ်ကြိတ် တိုးအားပေးလေ့ရှိကြသည်။

ကျွန်တော်တို့ ကလေးသူငယ်များအဖို့မှာလည်း ထိုပြိုင်ပွဲက ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတမျှ အရေး ပါလှသည်။ အုပ်စုပွဲစဉ်ကို ကျော်ဖြတ်နိုင်ပြီဆိုပါက ပျော်လို့မဆုံး မော်လို့မဆုံးနိုင်ဖြစ်ရသကဲ့သို့ အုပ်စုအဆင့်က ထွက်ရပြီဆိုပါကလည်း မျက်ရည်စက်လက် ဝမ်းနည်းပက်လက်ဖြစ်၍မဆုံး။ ထိုသို့ ရပ်မိရပ်ဖ ရပ်ကွက်လူကြီးများ၊ လက်ရွေးစင်ဟောင်းကြီးများ၊ ဘောလုံးအားကစားဝါသနာရှင်များ၏ မြေတောင်မြှောက်အားပေးမှုများကြောင့် ကျွန်တော်နှင့် ခေတ်ပြိုင်ကလေးငယ်များသည် ထွန်းထွန်းပေါက်ပေါက် မဖြစ်ခဲ့သည့်တိုင် အားကစားကို ချစ်မြတ်နိုးသည့်စိတ်က ဘဝတစ်လျှောက်လုံးတွင် ပန္နက်ရိုက်လိုက်သလို စွဲမြဲခိုင်မာသွားခဲ့ပါသည်။

ထိုမှအစပြု၍ ဘောလုံးမှဘောလုံး၊ နေပူမရှောင် မိုးရွာမရှောင်၊ နေ့နေ့ညည၊ အချိန်မရွေး နေရာမရွေး ဆယ်စုနှစ်ပေါင်းများစွာ ပျော်မဆုံးမော်မဆုံး ဘောလုံးကစားဖြစ်ခဲ့ကြသည်။ ယခုအသက် (၅၀) ကျော်သည့်တိုင် ရံဖန်ရံခါငယ်သူငယ်ချင်းများ၊ ရပ်ကွက်အတွင်းရှိ လူငယ်များနှင့် ဖူဆယ်ကစား လို့ကောင်းဆဲပင်။

ဦးလေးက ကစားနိုင်သေးတယ်နော်” ဟု လူငယ်အချို့ကဆိုပါလျှင် ကျွန်တော်သည် ငယ်စဉ်ကလေးဘဝကတည်းက အားကစားလိုက်စားလာစေရန် မြေတောင်မြှောက် ပြုစုပျိုးထောင်ပေးခဲ့ကြပါသော တစ်ချိန်ကလူကြီးမိဘများကို အမှတ်တရတမ်းတမိပါသည်။ လူကြီးမိဘများ၏ ဦးဆောင် လမ်းပြမှုများကြောင့် ဘောလုံးကိုအပျော်တမ်းအဆင့်၊ ဝါသနာရှင်အဆင့်ဖြင့် ဆယ်စုနှစ်ပေါင်းများစွာကစားခဲ့ရာမှ ကျွန်တော့်တွင် ယခုအသက် (၅၀) ကျော်အရွယ်အထိ ဆီးချိုမရှိ၊ သွေးတိုးမရှိ၊ နှလုံး၊ အဆုတ်တို့နှင့်ပတ်သက်သည့်ရောဂါမရှိသေး။ အချို့သက်တူရွယ်တူ အဝလွန်ဗိုက်ပူမိတ်ဆွေ သူငယ်ချင်းများကြားတွင်လည်း ပိန်ပိန်ပါးပါး၊ စိတ်သွားတိုင်းကိုယ်ပါ လိုရာကို မမောမပန်းနိုင် သွားလာနိုင်ဆဲဖြစ်ရသည်။

စိတ်ကြွဆေးဝါးများ လက်တည့်စမ်းမှီဝဲသုံးစွဲ

တစ်ချိန်က ရပ်မိရပ်ဖလူကြီးမိဘများ၏ ကျေးဇူးတရားများက ဤမျှမကပါ။ ၁၉၈၀ ပြည့်နှစ် ကျော် ကာလ ကျွန်တော်တို့ဆယ်ကျော်သက်အရွယ်လူငယ်ဘဝတွင် အရက်၊ ဆေးခြောက်၊ ဖန်စီဒိုင်း၊ ကွန်မက်သာဇင်၊ ဒဗလျူစိတ်ကြွရူးသွပ်ဆေးဝါးများက လူငယ်များကြားတွင် ခေတ်စားလာသည်။ သူငယ်ချင်းအချို့ အရက်၊ ဆေးခြောက်နှင့် ဒ‌ဗလျူစိတ်ကြွဆေးဝါးများကို လက်တည့်စမ်းမှီဝဲသုံးစွဲ လာကြသည်။

အခြားသူများကိုလည်း သူတို့နည်းတူ စိတ်ပါလာအောင် ဆွဲဆောင်စည်းရုံးခဲ့ကြသည်။ အချို့လည်း သူတို့ဆွဲဆောင်ရာနောက် ကောက်ကောက်ပါသွားပြီး လက်တည့်စမ်းသုံးစွဲကြရာမှ မသုံးရမနေနိုင်သည့် မူးယစ်ဆေးဝါး၏သားကောင်ဘဝသို့ရောက်မှန်းမသိရောက်သွားရင်း ရောဂါပေါင်းစုံ စွဲကပ်ကာ ငယ်ငယ်ရွယ်ရွယ်နှင့် အသက်ဆုံးရှုံးသွားခဲ့ရသည့် သူငယ်ချင်းအချို့လည်း ရှိခဲ့သည်။

ကျွန်တော်ကမူ ရပ်ကွက်ထဲက လူကြီးအချို့ခေါ်လေ့ရှိသည့် “ဘောရူး” ဟူသည့်အတိုင်း ကလေးဘဝကလည်း ကစားဖော်တွေရှိရှိ၊ မရှိရှိ ဘောလုံးတစ်လုံးနှင့် မိုးချုပ်နေဝင်သည်အထိ တစ်ယောက်တည်း ဘောလုံးကို တော့လိုက်ကန်လိုက်၊ လေ့ကျင့်လိုက်နှင့်။ ဆယ်ကျော်သက်အရွယ် လူငယ်ဘဝ ရောက်တော့လည်း မြို့နယ်ဥက္ကဋ္ဌဖလားရပ်ကွက် ပေါင်းစုံဘောလုံးပြိုင်ပွဲတွင် ရပ်ကွက်လက်ရွေးစင်အဖြစ် ရွေးချယ်ပါဝင်ခွင့်ရ၍ ညနေတိုင်း ထရိန်နင်ဆင်းလိုက်၊ ခြေစမ်းပွဲများကစားလိုက်နှင့် ဘောလုံးကစားရန်သာ စိတ်ထဲရှိနေခဲ့၍ ရှောင်လေဝေးဝေး မူးယစ်ဆေးဟူသည့်ဆောင်ပုဒ်နှင့်အညီ မူးယစ်ဆေးဝါးအန္တရာယ်ကျော့ကွင်းမှ လွတ်ကင်းခဲ့ပါ သည်။

မူးယစ်ဆေးဝါးအန္တရာယ်

ယနေ့မျက်မှောက်ကာလတွင် မူးယစ်ဆေးဝါးအန္တရာယ်က မြန်မာအပါအဝင် ကမ္ဘာတစ်ခွင် ပို၍ကြီးမားလာသည်။ ခေတ်မီဓာတုဆေးဝါးများဖြင့်ပေါင်းစပ်ထုတ်လုပ်ထားသည့် စိတ်ကြွရူးသွပ်ဆေးဝါးများက သုံးစွဲမိသူများကို မသုံးရမနေနိုင်အောင် စွဲလမ်းစေသကဲ့သို့ အသက်အန္တရာယ်ကိုလည်း အချိန်တိုအတွင်း ဆုံးရှုံးထိခိုက်စေပါသည်။

မိတ်ဆွေတစ်ဦး၏ သားတစ်ဦးဆိုပါလျှင် အပေါင်းအသင်းမှားပြီး စိတ်ကြွရူးသွပ်ဆေးစွဲသွား၍ လူရုပ်ပင် မပေါက်တော့ဘဲ မျက်ကွင်းများ ညိုမည်းကာ လူမှာလည်း မေးရိုးငေါငေါနှင့် တဖြည်းဖြည်းလုံးပါးပါးလာသည်။ မိဘများက အချိန်မီသိရှိလိုက်၍သာ မလွန်ခင်တားဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

လူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေပြီး ကျန်းမာကြံ့ခိုင်စေရန်အတွက် ငယ်စဉ်ကလေးဘဝကတည်းက အားကစားကို ဝါသနာပါပြီး လေ့လာလိုက်စားနိုင်စေရန် အားပေးကြရပါမည်။ ယနေ့မျက်မှောက်ကာလတွင် နိုင်ငံတော်အစိုးရကလည်း တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့်ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးနှင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးစသည့် လူမှုရေးဦးတည်ချက်များနှင့်အညီ လူငယ်ရေးရာမူဝါဒများ၊ လူငယ်ဖွံ့ဖြိုးရေးအစီအမံများကို ချမှတ်ဖော်ဆောင်ပေးလျက်ရှိရာ အထူးသဖြင့် အားကစားကဏ္ဍတွင် ပြိုင်ပွဲများကို စဉ်ဆက်မပြတ်ကျင်းပပေးနေသကဲ့သို့ ဆုရရှိသူများ ကိုလည်း ထိုက်ထိုက်တန်တန်ချီးမြှင့်မြှောက်စားလျက်ရှိပါသည်။

အားကစားလှုပ်ရှားမှုများတွင် ဝါသနာပါလာစေရန် ပြုစုပျိုးထောင်

ဘောလုံးပြိုင်ပွဲများကလည်း ကျွန်တော်တို့ငယ်စဉ်ကနှင့်မတူ ပြိုင်ပွဲများက မျိုးစုံလှပါသည်။ သက်တမ်းအလိုက်ပြိုင်ပွဲများ၊ တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ပြိုင်ပွဲများ၊ ကျောင်းသားအားကစားပွဲတော်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ)၊ ဝန်ကြီးဌာန ပေါင်းစုံစသဖြင့် ထူးချွန်လျှင်ထူးချွန်သလို အဆင့်ဆင့်တက်လှမ်းနိုင်မည့် လှေကားထစ်များက အရန်သင့်။ မိဘများကလည်း မိမိရင်သွေးငယ်များ ငယ်စဉ်ကတည်းက အားကစားကို ဝါသနာပါပြီး လေ့လာ လိုက်စား၊ ဆော့ကစားနိုင်စေရန် နည်းပေးလမ်းပြ ပြုစုပျိုးထောင်ပေးကြရန်လိုအပ်ပါသည်။ KG မူလ တန်းကလေးငယ်များကို လက်ကိုင်ဖုန်းအစား ဘောလုံး၊ ဘက်တံ၊ ကြက်တောင်၊ ခြင်းလုံးစသည့် အားကစားပစ္စည်းများ၊ အားကစားဝတ်စုံ၊ ကင်းပတ် ဖိနပ်စသည့်အားကစားအသုံးအဆောင် ပစ္စည်းများ ဝယ်ပေးခြင်းဖြင့် ရင်သွေးငယ်များကို ငယ်စဉ်ကလေးဘဝကတည်းက အားကစားလှုပ်ရှားမှုများတွင် ဝါသနာပါလာစေရန် ပြုစုပျိုးထောင်ပေးကြရပါမည်။

ငယ်စဉ်က အဖေဝယ်ပေးခဲ့သော ၁၆ ကျပ် ပြား ၄၀ တန် ဒဗလျူဘောလုံးလေးကို ကျွန်တော် အမှတ်ရလာသည်။ ထိုဘောလုံးလေးက ကျွန်တော့်ဘဝကို ယခုတိုင် ကျန်းကျန်းမာမာနေထိုင်ခွင့်ရအောင်၊ မူးယစ်ဆေးဝါးအန္တရာယ်မှ လွတ်ကင်းအောင်၊ အနိုင်မခံအရှုံးမပေးသော ဇွဲသတ္တိများ၊ အားကစားစိတ်ဓာတ်များ တိုးပွားစေအောင် လမ်းပြပေးခဲ့ပါသည်။

ယခု အသက် (၃၈) နှစ်အရွယ်တိုင် ဆော်ဒီကလပ် အယ်လ်အယ်လ်နက်ဆာအသင်းတွင် ခြေစွမ်းတွေပြပြီး ဂိုးတွေသွင်းယူနေဆဲ ခရစ္စတီယာဒိုရိုနယ်ဒို (CR7) သည်ပင်လျှင် သားဖြစ်သူ ဂျူနီယာရိုနယ်ဒိုကို သူ့နည်းတူ ကမ္ဘာကျော်ဘောလုံးသမားတစ်ဦး ဖြစ်လာစေရန် ဖုန်းကိုင်ဆောင် သုံးစွဲခွင့်မပြုဘဲ လက်ရှိဂျူနီယာကလပ်အသင်းအဆင့်တွင် ဘောလုံးအားကစားတစ်ခုတည်းကိုသာ အချိန်ပြည့်အာရုံစိုက်ကစားနိုင်အောင် ပြုစုပျိုးထောင်ပေးထားသည် မဟုတ်ပါလား။ ။