နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ကျေးရွာသစ်ငွေတိုက်များ တည်ထောင်စို့
စိုးမိုးဝင်း
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ၏အခြေခံယူနစ်များဖြစ်သော ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မှသာ နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်နိုင်ကြောင်း တောင်ကိုရီးယားနိုင်ငံက ကမ္ဘာတွင် သက်သေပြခဲ့ပြီးဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံသည် ကျေးရွာသစ်လှုပ်ရှားမှုနှင့် ကျေးရွာသစ်ငွေတိုက်လုပ်ငန်းများကို အခြေခံပြီး ကျေးရွာများကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရင်း နိုင်ငံဖွံ့ဖြိုးတိုးတက်လာခြင်းဖြစ်သည်။
မြို့နယ်ပေါင်း ၂၀ ၌ ဆောင်ရွက်
၎င်း၏အတွေ့အကြုံများကို အခြားနိုင်ငံများသို့လည်း ဝေမျှလျက်ရှိရာ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းများကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၄၃ နိုင်ငံတွင် ဆောင်ရွက်လျက်ရှိပြီး ကျေးရွာသစ်ငွေတိုက်လုပ်ငန်းများကိုလည်း မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံကျေးရွာငွေတိုက်အသင်းချုပ် (Korea Federation of Community Credit Cooperative-KFCC)တို့ ပူးပေါင်း၍ ကျေးရွာငွေတိုက်စနစ် တည်ထောင်ခြင်း စီမံကိန်းအဖြစ် ကမ္ဘာပေါ်တွင် ပထမဆုံး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
ဤစီမံကိန်းကို ၂၀၁၉-၂၀၂၀ မှ ၂၀၂၃-၂၀၂၄ ခုနှစ်အထိ ငါးနှစ်ကြာဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလအထိ တိုင်းဒေသကြီး၊ ပြည်နယ်ကိုးခု၊ မြို့နယ်ပေါင်း ၂၀ ၌ ကျေးရွာငွေတိုက်စုစုပေါင်း ၃၆ ခုရှိပြီး စုစုပေါင်းအသင်းဝင်ဦးရေ ၄၇၁၉ ဦးနှင့် စုဆောင်းငွေကျပ်သန်းပေါင်း ၁၁၇၄ သန်း ရှိပြီဖြစ်သည်။
ကိုယ်တိုင်ငွေစုဆောင်းခြင်း လုပ်ငန်းစဉ်
မြန်မာနိုင်ငံ ကျေးလက်ဒေသများတွင် နေထိုင်လျက်ရှိကြသည့် ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေးကဏ္ဍအခြေခံလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လိုအပ်လျက်ရှိသည့် ရင်းနှီးငွေရရှိစေရန် ကိုယ်တိုင်ငွေစုဆောင်းခြင်းလုပ်ငန်းစဉ်တွင် ကျေးရွာသူကျေးရွာသားများ အားလုံးပါဝင်သော လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်(၅)ရပ်ဖြင့် ဤစီမံကိန်းကို ဆောင်ရွက်နေပါသည်။
၁။ ကျေးလက်နေပြည်သူများ ကိုယ်ပိုင်အသိစိတ်ဓာတ်ဖြင့် ငွေစုဆောင်းသည့် အလေ့အကျင့်ကောင်းရရှိရန်
၂။ တစ်ဦးချင်း စုဆောင်းငွေများ စုဆောင်းမိခြင်းမှ ငွေအလုံးအရင်းရရှိလာရန်
၃။ စုဆောင်းငွေများကို ကုန်ထုတ်အရင်းအနှီးအဖြစ် သုံးစွဲနိုင်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်ပြီး အကျိုးစီးပွားဖြစ်ထွန်းလာရန်
၄။ အိမ်ထောင်စုတစ်စုချင်းမှသည် ကျေးရွာဖွံ့ဖြိုးတိုးတက်လာရန်
၅။ မြန်မာနိုင်ငံ ကျေးလက်ဒေသရှိ ပြည်သူများ၏ လူနေမှုဘဝမြင့်မားရေး၊ ကျေးလက်ဒေသဆင်းရဲမှု လျှော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်ရန်
ကျေးရွာသစ်ငွေတိုက်ဆိုသည်မှာ
လွန်ခဲ့သော ၁၉၆၀ ပြည့်နှစ်ဝန်းကျင်က ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနိုင်ငံအဆင့်(၃)အထိ ရောက်ရှိနေသော တောင်ကိုရီးယားနိုင်ငံကို ယနေ့တွင် ကမ္ဘာ့ချမ်းသာမှုအဆင့် (၁၃) အထိရောက်အောင် ကူညီပံ့ပိုးပေးခဲ့သော ကျေးရွာသစ်လှုပ်ရှားမှု၏ လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ယင်းသည် တောင်ကိုရီးယားပြည်သူများ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ဆယ်မာအူးလ်ဂွန်းမ်ဂို (Saemaul Geumgo) ငွေစုငွေချေး အဖွဲ့အစည်းတစ်ခုပင်ဖြစ်သည်။ “ဆယ်”ဆိုသည်မှာ “သစ်သော”၊ “မာအူးလ်”ဆိုသည်မှာ “ကျေးရွာ”၊ “ဂွန်းမ်ဂို”ဟူသည်မှာ “ငွေတိုက်”ဟူ၍ဖြစ်ပြီး မြန်မာလို “ကျေးရွာသစ်ငွေတိုက်”ဟု အဓိပ္ပာယ်ရပါသည်။ ကျေးရွာသစ်ငွေတိုက်သည် ကိုရီးယားနိုင်ငံတွင်သာရှိသည်ဟု ပြောနိုင်သော ကိုယ့်အားကိုယ်ကိုး ငွေစုငွေချေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။
ကျေးရွာသစ်ငွေတိုက် ဆောင်ရွက်နည်း
ကျေးရွာများတွင် အပြန်အလှန်ကူညီလိုစိတ်ကိုအခြေခံ၍ ရွာသူရွာသားများ၏ ရင်းနှီးမြှုပ်နှံငွေဖြင့် ကိုယ့်အားကိုယ်ကိုးထူထောင်ထားသော ငွေစုငွေချေးအဖွဲ့အစည်းဖြစ်ပြီး ယုံကြည်စိတ်ချရမှုနှင့် နှစ်ဦးနှစ်ဖက် အကျိုးရှိသောစနစ်ဖြစ်သည်။ ကျေးရွာသစ်ငွေတိုက်ကို အကြိုက်သဘောထားချင်းတူသူများကိုစုစည်းပြီး အဖွဲ့အစည်းတစ်ခုအဖြစ် ဖွဲ့စည်းရပါမည်။ အသင်းဝင်များသည် အသင်းဝင်ကြေးနှင့် ရင်းနှီးမြှုပ်နှံငွေထည့်ဝင်ရမည်။ စုငွေ(သို့မဟုတ်)အပ်နှံငွေကို စာရင်းသေအပ်ငွေနှင့် စာရင်းရှင်အပ်ငွေအဖြစ် စုနိုင်သည်။ အရစ်ကျစုငွေအဖြစ် ငွေသွင်းမည့် နေ့ရက်နှင့် စုငွေပမာဏကို ကြိုတင်သတ်မှတ်ပြီး တစ်နှစ် (သို့မဟုတ်) နှစ်နှစ်သက်တမ်းဖြင့် သတ်မှတ်ပြီးစုနိုင်သည်။
ကျေးရွာသူ ကျေးရွာသားများအား နေ့စဉ်ငွေကို အပိုသုံးခြင်း၊ ဖြုန်းခြင်း၊ မလိုဘဲသုံးခြင်း၊ အလျှံပယ်သုံးခြင်း စသည်တို့ မဖြစ်စေဘဲ ငွေကိုစနစ်တကျသုံးပြီး တတ်နိုင်သမျှချွေတာကာ စုဆောင်းသည့်စနစ်ကို ကျင့်သုံးစေခြင်းဖြစ်သည်။ အသုံးစရိတ်များကိုလျှော့ချပြီး စုဆောင်းကြရာတွင် နေထိုင်မှုပုံစံကို မြှင့်တင်၍ စုဆောင်းခြင်း၊ ပိုမိုကောင်းမွန်အောင်လုပ်မည်ဟု စဉ်းစားသောနည်းဖြင့် စုဆောင်းခြင်းနှင့် ခေတ်ရေစီးကြောင်းကို ပြောင်းလဲ၍ စုဆောင်းခြင်းဟူ၍ ကဏ္ဍသုံးမျိုးရှိသည်။
နေထိုင်မှုပုံစံကိုမြှင့်တင်၍ စုဆောင်းရာတွင် အရက်နှင့် ဆေးလိပ်သောက်ခြင်းကိုလျှော့ချခြင်း၊ တစ်ဆုပ်ဆန်စိတ်ဓာတ်ဖြင့် ဆန်စုဆောင်းခြင်း၊ ဆံပင်စုဆောင်းခြင်း၊ ရေဘူးခွံ၊ ကတ်ထူစက္ကူဘူးခွံစသည့် စွန့်ပစ်ပစ္စည်းများကို ပြန်လည်သိမ်းဆည်းစုဆောင်းခြင်း၊ ခရီးသွားလာစရိတ်များကို စုဆောင်းခြင်းဟူ၍ အမျိုးမျိုးစုကြပါသည်။
ပိုမိုကောင်းမွန်အောင်လုပ်မည်ဟု စဉ်းစားသောနည်းဖြင့် စုဆောင်းကြရာတွင် စီးပွားရေးလုပ်ရန် စုဆောင်းခြင်း၊ လစဉ်အစည်းအဝေးတွင် စုဆောင်းခြင်း၊ လုံ့လဝီရိယထားပြီးစုခြင်း၊ စီမံခန့်ခွဲမှုနည်းဖြင့်စုခြင်း၊ ပုံသေဝင်ငွေဖြစ်အောင်စုခြင်း၊ မွေးဖွားခြင်း/ မွေးနေ့ပွဲပြုလုပ်ခြင်း/လက်ထပ်ခြင်းစသည့် မိသားစုရိုးရာဓလေ့များကို လျှော့ချ၍စုခြင်း၊ ပူးပေါင်းဆောင်ရွက်သော လုပ်ငန်းများလုပ်၍ စုခြင်းဟူ၍ နည်းလမ်းမျိုးစုံဖြင့် စုကြပါသည်။
ခေတ်ရေစီးကြောင်းကို ပြောင်းလဲ၍ စုဆောင်းရာတွင် ဖြုန်းတီးမှု၊ လက်ဖွာမှု၊ ခမ်းနားကြီးကျယ်မှု စသည်တို့ကို ရှောင်ကြဉ်ခြင်း၊ လည်ဆွဲ/လက်စွပ်များ ဝယ်ယူသုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်းတို့ဖြင့် စုဆောင်းကြပါသည်။
အတိုးနည်းနည်းဖြင့် ချေးယူနိုင်အောင် စီစဉ်ထားသောစနစ်
စုဆောင်းရရှိလာသောအဖွဲ့၏ ငွေများကို အသင်းသားများအား အတိုးနှုန်းသက်သာစွာဖြင့် ချေးပေးသည့်အတွက် ကျေးရွာသူကျေးရွာသားများ ငွေလိုအပ်လာလျှင် အတိုးနှုန်းကြီးကြီး (၁၀ တိုး၊ ၂၀ တိုး)များဖြင့် ချေးယူရခြင်းမျိုးမှ လွတ်ကင်းအောင်အသင်းဝင်များအား အတိုးနှုန်းနည်းနည်း(တစ်ကျပ်တိုး၊ နှစ်ကျပ်တိုး)မျှဖြင့် အလွယ်တကူ ချေးယူနိုင်အောင် စီစဉ်ထားသော စနစ်တစ်ခုဖြစ်သည်။
အသင်းက ငွေစုသူများအားပေးရမည့် အတိုးများ၊ အသင်းမှချေးထားသူများဆီမှ ရရှိမည့်အတိုးများကို တစ်နှစ်တစ်ခါ ငွေစာရင်းရှင်းတမ်းများပြုလုပ်ပြီး အမြတ်ရှယ်ယာများ ခွဲဝေခြင်းတို့ကိုလည်း ဆောင်ရွက်ကြရသည်။ ထို့အပြင် အသင်းအတွက် လိုအပ်လျှင်သုံးရန် သီးသန့်ဖယ်ထားသည့်ငွေနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ငွေများကိုလည်း သင့်လျော်သောပမာဏဖြင့် ထိန်းသိမ်းထားရသည်။
အသင်း၏ အဓိကလုပ်ငန်းများအနေဖြင့် ငွေစုခြင်း၊ ငွေချေးခြင်း၊ အကျိုးအမြတ်ခွဲဝေပေးခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်တို့ဖြစ်ပြီး အသင်းဝင်များအနေဖြင့် ငွေစုခြင်း၊ ငွေချေးခြင်းနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရင်း မိမိတို့၏ လူနေမှုဘဝများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ပါသည်။ ကျေးရွာသစ်ငွေတိုက်လုပ်ငန်းသည် ကိုယ့်အားကိုယ်ကိုးသော ငွေစုငွေချေးလုပ်ငန်းဖြစ်သည့်အတွက် ကျေးရွာအတွင်း ငွေတိုးချေးစားနေသော သူဌေးများအနေဖြင့် နှစ်သက်ကြမည်မဟုတ်ပေ။ သာမန်လူတန်းစားများအတွက် အလွန်အဆင်ပြေပြီး ငွေစုခြင်းအပြင် အသင်းရန်ပုံငွေတိုးရန် အသင်းပိုင်ငွေဖြင့် အခြားဝင်ငွေတိုးလုပ်ငန်းများနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုလည်း လုပ်ကိုင်ဆောင်ရွက်နိုင်သောကြောင့် အသင်းအဖွဲ့များဖြင့် လုပ်ကိုင်ဆောင်ရွက်နေကြသော ယနေ့ခေတ်တွင် အလွန်ဆောင်ရွက်သင့်သော လုပ်ငန်းတစ်ခုဖြစ်သည်။
ကျေးရွာခေါင်းဆောင်များအား သင်တန်းပေးခြင်း
ကျေးရွာသစ် ငွေတိုက်များကို ဆောင်ရွက်ရာတွင် ပထမဦးစွာ ကျေးရွာသစ်ငွေတိုက် အသင်းအဖွဲ့ခေါင်းဆောင်များအား သင်တန်းပေးခြင်းကို ဆောင်ရွက်ရပါသည်။ သင်တန်းတွင် ကျေးရွာသစ် ငွေတိုက်၏ သဘောတရားများ၊ ငွေစုခြင်းနည်းလမ်းများ၊ ငွေချေးခြင်းနည်းလမ်းများ၊ ခေါင်းဆောင်မှုသဘောတရားများ၊ စာရင်းသွင်းခြင်းနှင့် စာရင်းရေးခြင်းနည်းလမ်းများကို သင်ကြားပေးပါသည်။ ကျေးရွာသစ်ငွေတိုက်သင်တန်းများကို နှစ်စဉ်ဖွင့်လှစ်ပေးလျက်ရှိပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ကျေးရွာငွေတိုက် အွန်လိုင်းသင်တန်းနှစ်ကြိမ်ကို စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချပေးခဲ့ပါသည်။
ကျေးရွာသစ်ငွေတိုက်၏ သဘောတရားသည် ကိုယ့်အားကိုယ်ကိုး ငွေစုငွေချေးအသင်း ပုံစံဖြစ်သော်လည်း အခြားငွေစုငွေချေးအသင်းများနှင့် လုံးဝခြားနားသော အချက်တစ်ချက်မှာ ကျေးရွာခေါင်းဆောင်များအား သင်တန်းပေးခြင်းပင်ဖြစ်ပါသည်။ ထို့အပြင် ကျေးရွာသစ်ငွေတိုက်သည် အသင်းသားများ၏ အကျိုး စီးပွားကိုတိုးတက်အောင် ဆောင်ရွက်ပေးခြင်း၊ ကျေးရွာသူကျေးရွာသားများအား အသိပညာပေးခြင်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းတို့သည်လည်း အခြားငွေစုငွေချေးအဖွဲ့ အစည်းများနှင့် မတူညီသောအချက်များ ဖြစ်ပါသည်။
ကျေးရွာသစ်ငွေတိုက်သည် ပထမအဆင့်အနေဖြင့် မိမိကိုယ်ကိုတိုးတက်စေခြင်း၊ ဒုတိယအဆင့်အနေဖြင့် မိမိဒေသ၊ ပတ်ဝန်းကျင်ကို တိုးတက်စေခြင်းနှင့် တတိယအဆင့်အနေဖြင့် မိမိနိုင်ငံတော်ကို တိုးတက်စေခြင်းတို့ဖြစ်ပြီး စိတ်ဓာတ်ရေးရာလှုပ်ရှားမှု၊ စီးပွားရေးဆိုင်ရာလှုပ်ရှားမှုမှတစ်ဆင့် မိမိ၊ ပတ်ဝန်းကျင်နှင့် နိုင်ငံတော်အထိ ဖွံ့ဖြိုးတိုးတက်စေနိုင်သော အကျိုးကျေးဇူးများရရှိစေနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ကျေးရွာသစ်ငွေတိုက်လုပ်ငန်းသည် ကျေးရွာသူကျေးရွာသားများ လူနေမှုအဆင့်အတန်းမြင့်မားစေရေး၊ ကျေးရွာများဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အလွန်ဆောင်ရွက်သင့်သော လုပ်ငန်းတစ်ခုဖြစ်ခြင်းကြောင့် ကျေးရွာသစ်ငွေတိုက်များကို တည်ထောင်လိုသော ကျေးရွာများအနေဖြင့် သက်ဆိုင်ရာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးများမှတစ်ဆင့် ကျေးရွာငွေတိုက်စနစ်တည်ထောင်ခြင်းစီမံကိန်းရုံးသို့ လျှောက်ထားနိုင်ပါကြောင်း နှိုးဆော်ရေးသားလိုက်ရပါသည်။ ။