Skip to main content

လမ်းလျှောက်ခြင်းဖြင့် ကျန်းမာခြင်းကို ဖန်တီးရယူကြပါစို့

လင်းလက်နေခြည်

“ကျန်းမာခြင်းသည် လာဘ်တစ်ပါး”ဆိုသည်နှင့်အညီ ပျော်ရွှင်ကျန်းမာသောဘဝကို ပိုင်ဆိုင်ရသူသည် ဘုရားပေးသောဆုလာဘ်ကို ရယူထားနိုင်သူနှင့်တူသည်။ စိတ်သွားတိုင်းကိုယ်ပါနိုင်ပြီး လိုရာဆန္ဒများကို ကြိုးစားပုံဖော်နိုင်ရေးအတွက် ကျန်းမာကြံ့ခိုင်သောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရန်လိုအပ်သည်။ လူ့ဘဝ၌ ကျန်းမာခြင်း၏တန်ဖိုးကို မကျန်းမာသည့်အချိန်တွင် ပိုမိုသိရှိနိုင်မည်ဖြစ်သည်။ ကျန်းမာခြင်း၏ တန်ဖိုးဟုဆိုလျှင် အနီးစပ်ဆုံးအနေဖြင့် ဆေးရုံဆေးခန်းသို့ သွားနေရသည့်အချိန်တွင် ခံစားရသည့်ခံစားချက်၊ ပေးဆပ်ရသည့်အချိန်နှင့် ငွေကြေးကုန်ကျစရိတ်တို့ကို လူတိုင်းအနည်းနှင့်အများဆိုသလို တွေ့ကြုံခံစားဖူးကြမည်ဖြစ်သည်။ ထိုအရာများသည် ကျန်းမာခြင်း၏ တန်ဖိုးကိုမသိ၍ မကျန်းမမာဖြစ်သည့်အချိန်တွင် ပေးဆပ်ရသည့် ဆုံးရှုံးမှုများပင်ဖြစ်သည်။

လူ့ခန္ဓာကိုယ်သည် စက်ပစ္စည်းနှင့် အလားသဏ္ဌာန်အတူတူပင်ဖြစ်သည်။ စနစ်တကျအသုံးပြုပြီး ပုံမှန်ပြုပြင်ထိန်းသိမ်းမှုပြုထားသော စက်ပစ္စည်းသည် အပျက်အစီးနည်းမည်ဖြစ်သည်။ ထို့အတူပင် မိမိတို့ရလာသည့် ခန္ဓာကိုယ်ကိုပြုပြင်ထိန်းသိမ်း၍ ယိုယွင်းပျက်စီးမှုမရှိအောင် ကာကွယ်စောင့်ရှောက် သင့်သည်။ ခန္ဓာကိုယ်ကို ပြုပြင်ထိန်းသိမ်းခြင်းသည် စက်ပစ္စည်းကို ပြုပြင်ထိန်းသိမ်းခြင်းထက်ပို၍ သိမ်မွေ့နက်နဲသည်။ စက်ပစ္စည်းတစ်ခု၏ အစိတ်အပိုင်းတစ်ခုပျက်စီးသည့်အခါ အလွယ်တကူအစားထိုးနိုင်သော်လည်း ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ပုံမှန်အခြေအနေမဟုတ်ဘဲ ပျက်စီးသွားသည့်အခါ ပြန်လည်ပြုပြင်ရန် အလွန်ခက်ခဲသည်။

စား၊ ဝတ်၊ နေရေး ဆိုသည့် အရေးသုံးပါးကို နေ့စဉ်ရင်ဆိုင်ဖြေရှင်းနေကြရသည့် လူတို့သည် လူမှုပတ်ဝန်းကျင်၌ နေ့စဉ်ပြုမူပြောဆိုလုပ်ကိုင်ဆောင်ရွက်ကြရာတွင် စိတ်ဖိစီးမှုအမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့ရတတ်ပြီး ထိုစိတ်ဖိစီးမှုများကြောင့်ပင် ခန္ဓာကိုယ်ကပန်းလာပြီး မကျန်းမမာဖြစ်လာတတ်သည်။ နေ့စဉ်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၊ အခက်အခဲများ၊ အကျပ်အတည်းများကြောင့် စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေရသည့် အချိန်တွင် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရေးကို မတွေးမိသတိမေ့နေတတ်ကြသည်။ စိတ်ဖိစီးမှုများရှိနေသည့်အချိန်တွင် ခန္ဓာကိုယ်သည် ပုံမှန်မဟုတ်သည့် “နှလုံးခုန်မြန်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အားအင်ကုန်ခန်းခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲလာခြင်း၊ အိပ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်း” စသည့် အမျိုးမျိုးသော ဆိုးကျိုးများကို ခံစားရစေသည်။ စိတ်ဖိစီးမှုကိုလျှော့ချနိုင် ရေးကြိုးစားကြရာတွင် လူတစ်ဦးနှင့်တစ်ဦး စိတ်ဖိစီးမှုများကို တုံ့ပြန်သည့် နည်းလမ်းများ မတူညီကြပေ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထားသည့် စိတ်ဖိစီးမှုလျော့နည်းစေရေး ဆောင်ရွက်သင့်သည့် အချက်ခြောက်ချက်ဖြစ်သည့် “တစ်နေ့တာလုပ်ငန်းဆောင်တာများကို စနစ်တကျပြုစုထားရှိခြင်း၊ အိပ်ရေးဝဝအိပ်ခြင်း၊ လူမှုပတ်ဝန်းကျင်နှင့် ထိတွေ့ဆက်ဆံခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်များစားသုံးခြင်း၊ လမ်းလျှောက်ခြင်းကဲ့သို့သော ကျန်းမာရေးအထောက်အကူပြု လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ လူမှုကွန်ရက်မီဒီယာများပေါ်တွင် ပျံ့နှံ့နေသည့် စိတ်ခွန်အားလျော့ကျစေနိုင်သည့် သတင်းများအပေါ်တွင် အချိန်ကုန်နေခြင်းကို ရှောင်ရှားခြင်း”တို့တွင် အလွယ်ကူဆုံးနှင့် အပေါ့ပါးဆုံးဖြစ်ပြီး လူတိုင်းပြုလုပ်နိုင်သည့် နည်းလမ်းမှာလမ်းလျှောက်ခြင်းပင်ဖြစ်သည်။

လမ်းလျှောက်ခြင်းဖြင့် “စိတ်ကြည်လင်ခြင်း၊ လန်းဆန်းတက်ကြွခြင်း၊ ခန္ဓာကိုယ်ပေါ့ပါးသွက်လက်လာခြင်း၊ စိတ်ဖိစီးမှုလျော့ကျခြင်း၊ နှလုံးကျန်းမာရေးကို အထောက်အကူပြုခြင်း၊ သွေးလည်ပတ်မှုကောင်းမွန်စေခြင်း၊ ဦးနှောက်ကြည်လင်လန်းဆန်းစေခြင်း၊ တွေးခေါ်နိုင်စွမ်းကို ပိုမိုတိုးတက်စေခြင်း၊ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်း၊ စိတ်ကျရောဂါကို ကုစားနိုင်ခြင်း၊ သွေးအတွင်းသကြားဓာတ်ကို လျော့နည်းစေခြင်း၊ အရိုးအဆစ်များနာကျင်စေခြင်းကို သက်သာစေခြင်း၊ ကြွက်သားနာကျင်မှုကို သက်သာစေခြင်း၊ ကြွက်သားများကို ပိုမိုသန်စွမ်းစေခြင်း” စသည့်အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်။ ထိုအကျိုးကျေးဇူးများသည် ငွေပေးကာဝယ်ယူ၍ မရနိုင်သော မိမိနေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်နေသည့် အချိန်များအနက်မှ အချိန်အနည်းငယ်ပေးရုံမျှဖြင့် ရရှိနိုင်သော တန်ဖိုးမဖြတ်နိုင်သည့် ကျန်းမာရေးဆိုင်ရာ ဆုလာဘ်များပင်ဖြစ်သည်။

ကိုရီးယားနိုင်ငံသတင်းစာတစ်စောင်ဖြစ်သည့် The Korea Herald သတင်းစာတွင် သတင်းထောက် Park Jun-hee တင်ပြထားသည့် သတင်းတစ်ပုဒ်အရ “အသက် ၄၀ မှ ၆၀ နှစ်ကြား လူပေါင်း ၆၈၈၆ ဦးကို ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ပူးပေါင်းကောက်ယူထားသည့် ကျန်းမာရေးဆိုင်ရာစစ်တမ်း ရလဒ်အရ ရက်သတ္တတစ်ပတ်လျှင် ငါးကြိမ်ခန့်လမ်းလျှောက်သူများသည် ပုံမှန်လမ်းမလျှောက်သူများထက် စိတ်ဖိစီးမှုများ လျှော့ချနိုင်ပြီး သက်လတ်ပိုင်းအရွယ် ပုံမှန်လမ်းလျှောက်သူများသည် ပုံမှန်လမ်းမလျှောက်သူများထက် မိမိကိုယ်မိမိသတ်သေမှု ရာခိုင်နှုန်း ၇၅ ရာခိုင်နှုန်းလျော့နည်းနိုင်သည်’’ဟု တင်ပြထားသည်။ ပုံမှန်လမ်းလျှောက်ခြင်းဖြင့် ရရှိနိုင်သည့်ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးသည် တားဆီးကာကွယ်ရန် နက်နဲခက်ခဲလွန်းသည့် မိမိကိုယ်မိမိ သေကြောင်းကြံစည်ခြင်းကိုပင် တားဆီးနိုင်သည်။

မိမိအသက် ၂၄ နှစ်ခန့်အရွယ်က ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံတစ်ခုကို ပြန်လည်မျှဝေလိုသည်။ ထိုအချိန်တွင် မိမိလုပ်ကိုင်နေသည့် အလုပ်၌ စိတ်ရောလူပါပင်ပန်းမှုကို ကြုံတွေ့နေရချိန်ဖြစ်ပြီး ကွန်ပျူတာအသုံးပြုသည့်အချိန်များလာခြင်း၊ အထိုင်များခြင်း၊ အနားယူချိန်နည်းပါးလာခြင်း၊ အိပ်စက်ချိန်ပုံမှန်မရှိခြင်းစသည့် ဖိစီးမှုများများပြားလာသည့်အခါ ကျန်းမာရေးထိခိုက်လာသည်။ နေထိုင်သည့် တိုက်ခန်းက ငါးထပ်သို့တက်ရသည့်အခါ အတက်အဆင်းလုပ်သည့်အချိန်တွင် အလွန်မောလာသည်။ နှလုံးရောဂါဟုထင်သဖြင့် သမားတော်နှင့်ပြသသော်လည်း အပင်ပန်းမခံနိုင်ဘဲ မောသည့် ရောဂါကမပျောက်ပေ။

တစ်နေ့ရုံးအပြန် အလွန်မောသည့်အပြင် ရင်ဘတ်အတွင်းက မခံမရပ်နိုင်အောင် အောင့်လာသဖြင့် ရပ်ကွက်အတွင်း နီးစပ်ရာဆေးခန်းသို့ သွားရောက်ပြသခဲ့သည်။ ထိုဆေးခန်းသို့ ရောက်ချိန်တွင် ဆရာဝန်က လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများပြုလုပ်ပြီး အဆုတ်၊ နှလုံး စသည့်ခန္ဓာကိုယ်တွင်း အားနည်းချက်မရှိသလို အခြားသော ပြင်ပရောဂါမရှိကြောင်းနှင့် လူပင်ပန်းစိတ်ပင်ပန်းဖြစ်ပြီး ခန္ဓာကိုယ်ပါ ပင်ပန်းလာခြင်းပင်ဖြစ်သဖြင့် ဆေးထိုး၊ ဆေးသောက်လုပ်သည်ထက် ပုံမှန်ကျန်းမာရေးထိန်းသိမ်းမှု လုပ်သွားပါက ပျောက်ကင်းသွားနိုင်ကြောင်းပြောပြီး ပုံမှန်လမ်းလျှောက်ခိုင်းသည်။ တစ်နေ့လျှင် အနည်းဆုံး ၄၅ မိနစ်၊ ၁ နာရီလောက် လမ်းလျှောက် ကြည့်သင့်ကြောင်းမှာကြားပြီး ဆေးမထိုးဆေးမပေးဘဲ ပြန်လွှတ်လိုက်သဖြင့် စိတ်ညစ်ညစ်ဖြင့် အိမ်ပြန်လာခဲ့ရသည်။

ဆေးလည်းမထိုးရ ဆေးလည်းမသောက်ရဘဲ အိမ်ပြန်လာရသဖြင့် ထိုဆရာဝန်ပြောသောစကားကို သိပ်တော့မယုံချင်သော်လည်း စမ်းသပ်သည့်သဘောဖြင့် တစ်လလောက်တော့ လမ်းလျှောက်ကြည့်မည်ဟု စိတ်ကူးပြီးနံနက်ခင်းစောစောထကာ ၄၅ မိနစ်ခန့် ပုံမှန်လမ်းလျှောက်လိုက်သည့်အခါတွင် အံ့ဩလောက်အောင်ပင် စိတ်ဖိစီးမှုတွေ လျော့ကျလာသကဲ့သို့မောခြင်း၊ ရင်ဘတ်အောင့်ခြင်းတို့ပါ လုံးဝပျောက်ကင်း သွားသဖြင့်အံ့ဩရ၏။

နယ်မြို့လေးတစ်မြို့တွင် တာဝန်ထမ်းဆောင်စဉ်က မိမိတို့နှင့်အမြဲတမ်းလိုလို လက်ဖက်ရည် သောက်လေ့ရှိသည့် အသက် ၆၇ နှစ်ခန့်ရှိ ပင်စင်စားဆရာတစ်ဦးကို ယခုအသက်အရွယ်အထိ ကျန်းကျန်းမာမာနေထိုင်နိုင်သည့် လျှို့ဝှက်ချက်ကိုမေးသည့်အခါ ရယ်ရယ်မောမောဖြင့် ပြန်ပြောသည့် ထိုဆရာ၏ စကားမှာ အသက်ပါလွန်းလှသည်။ “ထွေထွေထူးထူး ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတွေ ဘာတွေမလုပ်ခဲ့ဖူးဘူး၊ အားကစား ဘာတစ်ခုမှမလုပ်ဖူးဘူး၊ ပုံမှန်လုပ်ဖြစ်တာဆိုလို့ နံနက်ခင်းစောစောထပြီး ပုံမှန်လမ်းလျှောက်တာ ခုချိန်ထိပဲ။ ဆီးချိုလည်းမရှိဘူး၊ သွေးတိုးလည်းမရှိဘူး၊ ဘာရောဂါမှ ကြီးကြီးမားမား မရှိဘူး၊ ကျန်းမာရေးနဲ့ပတ်သက်လို့ ပုံမှန်လုပ်တာဆိုလို့ လမ်းလျှောက်တဲ့အကျိုးပဲလို့ ပြောရမယ်၊ ခုချိန်ထိတော့ အိပ်ပျော်၊ စားဝင်ပဲ”ဟု ပြောသည်။ ပင်စင်စားတွေ ဖြစ်လာသည့်အချိန်တွင် အများစုက ဝလာခြင်း၊ ဆီးချိုဖြစ်ခြင်း၊ သွေးတိုးရှိလာခြင်း စသည့်ရောဂါတွေ စုံအောင်ဖြစ်နေတတ်သည့်အရွယ်တွင် ပုံမှန်လမ်းလျှောက်ရုံနှင့်ပင် ထိုရောဂါများဖြစ်ပွားမှုမရှိသဖြင့် အကျိုးကျေးဇူးအလွန်များသည်ကို တွေးမိသည်။

မြတ်စွာဘုရားရှင်က ရဟန်းတော်များကို စင်္ကြံလျှောက်(လမ်းလျှောက်)ခြင်းဖြင့် တရားထူးတရားမြတ်ပင်ရနိုင်ကြောင်းနှင့် စင်္ကြံလျှောက်ခြင်းဖြင့် ရရှိနိုင်သော အကျိုးတရားများနှင့်စပ်လျဉ်း၍ “အဒ္ဓါနက္ခမော_ ခရီးဝေးကွာ ရှည်ကြာစွာသွားလာနိုင်ခြင်း၊ ပဓာနက္ခမော_ဇွဲ၊ လုံ့လ၊ ဝီရိယပြည့်ဝစွာဖြင့် ကြိုးစားအားထုတ်နိုင်ခြင်း၊ အပ္ပါဗာမော _ အနာရောဂါကင်း၍ ချမ်းသာရာရခြင်း၊ သမ္မာပရိဏာမဂစ္ဆတိ _ အစာအာဟာရ ကောင်းစွာကျေညက်ခြင်း၊ သမာဓိစိရဋ္ဌိတိကော_ကြာမြင့်စွာတည်တံ့ခိုင်မြဲသည့် သမာဓိကိုရရှိနိုင်ခြင်း” စသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း ဟောကြားခဲ့သည်။

ကျန်းမာခြင်းသည် လူတိုင်းအတွက် အရေးကြီးသကဲ့သို့ ကျန်းမာကြံ့ခိုင်သော နိုင်ငံသားတို့ဖြင့် တည်ဆောက်အပ်သော နိုင်ငံတော်သည်လည်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံသားတို့၏ စွမ်းအားဖြင့် တည်ဆောက်ရယူနိုင်မည်ဖြစ်သည်။ ထို့အတွက်ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်ပါ လူမှုရေးဦးတည်ချက်တစ်ရပ်တွင် “တစ်မျိုးသားလုံးသက်ရှည် ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး”ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ပြည်သူများ၏ ကျန်းမာကြံ့ခိုင်ရေးနှင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် အမျိုးသားအားကစားလှုပ်ရှားမှုကို တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး စိတ်ပါဝင်စားစွာ ပါဝင်လှုပ်ရှားနိုင်ရေး အဘက်ဘက်ကဆောင်ရွက်နေသည်ကို တွေ့ရသည်။ နှစ်စဉ် ဒီဇင်ဘာလတိုင်း နိုင်ငံတစ်ဝန်းတွင် လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲများကို ကျင်းပနေသည်ကိုလည်း တွေ့ရသည်။

University of Delaware ၏ ကျန်းမာရေးဆိုင်ရာ ဆောင်းပါးတစ်ပုဒ်တွင် စုပေါင်းလမ်းလျှောက်ခြင်းဖြင့် “ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ခြင်း၊ စိတ်ဓာတ်ကျန်းမာကြံ့ခိုင်ခြင်း၊ သဘာဝနှင့်တစ်သားတည်းကျခြင်း၊ လူမှုဆက်ဆံရေးကောင်းမွန်ခြင်း၊ နေ့စဉ်လုပ်ငန်း ဆောင်တာများကို တက်ကြွလန်းဆန်းစွာ ဆောင်ရွက်နိုင်ခြင်း”စသည့် အကျိုးကျေးဇူးရရှိနိုင်သည်ဟု တင်ပြထားသည်ကို တွေ့ရသည်။ သို့ဖြစ်ရာ ရလာသည့် လူ့ဘဝဇာတ်ခုံပေါ်၌ ဘဝမျိုးစုံတွင် ကျင်လည်ကာကပြနေကြရသော မိမိတို့အနေဖြင့် ဘဝတိုက်ပွဲကို အားမာန်အပြည့်ဖြင့် ဆင်နွှဲနိုင်ရေးအတွက် ကျန်းမာကြံ့ခိုင်ရေးသည် အထူးအရေးကြီးသဖြင့် လူတိုင်းဆောင်ရွက်နိုင်သော နည်းလမ်းဖြစ်သည့် လမ်းလျှောက်ခြင်းဖြင့် ကျန်းမာခြင်းကို ဖန်တီးရယူကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။ ။