Skip to main content

မြန်မာ့လက်ဖက်ထုတ်ကုန်တစ်ခုအတွက် အောင်မြင်မှုလမ်းစ

တင်ထက်ထက်ဇော်

တရုတ်နိုင်ငံ ရှင်ကျန်းမြို့၌ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာလက်ဖက်ပြပွဲ Global Tea Fair Shenzhen (Autumn) 2023 တွင် မြန်မာ့လက်ဖက်မှာ အထူးရွှေတံဆိပ်ဆုရရှိခဲ့ပါသည်။ အဆိုပါပြပွဲကို တရုတ်နိုင်ငံ ရှင်ကျန်းမြို့တွင် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပခြင်းဖြစ်ရာ မြန်မာနိုင်ငံက ပါဝင်ပြသသည့် မန္တလေးမြို့မှ TGT Tea ၏ Jade Leaf လက်ဖက်က အထူးရွှေတံဆိပ်ဆုရရှိခဲ့ကြောင်း မြန်မာနိုင်ငံလက်ဖက်အသင်းက ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။ ယခုဆုမှာ TGT Tea ၏ Jade Leaf လက်ဖက်ခြောက်အနေဖြင့် သုံးကြိမ်မြောက် ရွှေတံဆိပ်ဆုရရှိခြင်းဖြစ်ကာ ယခုနှစ်တွင် ထူးခြားစွာ “အထူးရွှေတံဆိပ်ဆု” ရရှိခဲ့ခြင်းဖြစ်ပြီး ကြယ်ငါးလုံးနှင့် ညီမျှသည့်ဆုကို ရရှိခဲ့ခြင်းဖြစ်ပါသည်။

ပြပွဲတွင်ကျင်းပသည့် Shenzhen Exhibition & Convention Centre, Shenzhen Guangdong သည် တရုတ်နိုင်ငံတွင် အကြီးဆုံးလက်ဖက်ခြောက် ဈေးကွက်နှင့် လက်ဖက်ရောင်းဝယ်ရေးစင်တာဖြစ်ပြီး ရှင်ကျန်းမြို့သည် အပြိုင် အဆိုင်အရှိဆုံးနှင့် စီးပွားရေးအချက်အချာ အကျဆုံးနေရာတစ်ခုဖြစ်ကာ ကွမ်တုံ-ဟောင်ကောင်-မကာအို Greater Bay Area ၏ လက်ဖက်ဖြန့်ဖြူးရေးစင်တာလည်းဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာလက်ဖက်ပြပွဲ Global Tea Fair Shenzhen (Autumn) 2023 တွင် နိုင်ငံ အသီးသီးမှ ပြခန်းပေါင်း ၄၇၀၀ ကျော် ပါဝင်ပြသကြကာ အဆိုပါပြပွဲတွင် မြန်မာနိုင်ငံက Bio-trade Project ၏ အကူအညီဖြင့် မြန်မာ့လက်ဖက်နှင့်ပတ်သက်၍ ပုံစံမျိုးစုံကို ပြခန်းပေါင်းခုနစ်ခန်းဖြင့် ပါဝင်ပြသခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အထူးပြပွဲတစ်ခုအဖြစ် မြန်မာ့လက်ဖက်အစိုကို တိုင်းရင်းသားဝတ်စုံများဝတ်ဆင်ပြီး ပြပွဲလာဧည့်သည်များ အမြည်းစားသုံးနိုင်ရန် ထုတ်ဖော်ပြသခွင့် ရရှိခဲ့သည်။

အထူးသဖြင့် ကမ္ဘာလုံးဆိုင်ရာလက်ဖက်ပြပွဲ Global Tea Fair Shenzhen (Autumn) 2023 သည် ကမ္ဘာ့ထိပ်တန်းလက်ဖက်ရောင်းဝယ်ရေး ပလက်ဖောင်းတစ်ခုအဖြစ် တည်ရှိနေ ခြင်းဖြစ်သည်။ ယခုနှစ်ပြပွဲတွင် မြန်မာနိုင်ငံအပါအဝင် ဆွစ်ဇာလန်၊ သြစတြီးယား၊ သြစတြေးလျ၊ နယူးဇီလန်၊ ဒူဘိုင်း၊ ရုရှားအပါအဝင် နိုင်ငံနှင့် ဒေသ ၃၂ ခု မှ လက်ဖက်လုပ်ငန်းအသင်းများနှင့် အဖွဲ့အစည်းများက ပါဝင်ပြသခဲ့ခြင်းဖြစ်ရာ ၎င်းတို့အနက် မြန်မာနိုင်ငံက အထူးရွှေတံဆိပ်ဆုရရှိခဲ့ခြင်းသည် လက်ဖက်ထုတ်ကုန်တစ်ခု အောင်မြင်မှုအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ဖြစ်ပါသည်။

လက်ဖက်ဒဏ္ဍာရီများ

လက်ဖက်ပင်နှင့်ပတ်သက်၍ အာရှတိုက်တွင် ဒဏ္ဍာရီပုံပြင်များစွာရှိကြရာ ၎င်းတို့အနက် မှတ်မှတ်ရရဖြစ်နေမိသည့် မြန်မာ့လက်ဖက်ဒဏ္ဍာရီအကြောင်းကို တင်ပြလိုပါသည်။

မြန်မာတို့၏ သမိုင်းကြောင်းအရမူ အလောင်းစည်သူမင်းကြီးက လက်ဖက်မျိုးစေ့လေးများကို ပေါင်းလောင် (ပလောင်) လူမျိုးများအားပေးသနား၍ စိုက်ပျိုးရန်အမိန့်ပေးခဲ့သည်ဟုဆိုပါသည်။ မင်းကြီးလည်း အဆိုပါလက်ဖက်ရွက်နုများကို စားကြည့်ရာ အိပ်မပျော်ဘဲရှိသည်။ ထိုအခါ လက်ဖက်ရွက်ကို လက်ရုံးပေါ်တင်ပြီး လက်နှင့်ဖက်၍ အိပ်စက်ရာနှစ်ခြိုက်စွာ အိပ်ပျော်သွားသည်။ ထိုစဉ်မှစ၍ ထိုအပင်ကို “လက်ဖက်ပင်” ဟု သမုတ်ကြောင်း လီနတ္ထဒီပနီကျမ်းတွင်  ညွှန်းဆိုထားပါသည်။

မြန်မာနိုင်ငံတွင် လက်ဖက်အစိုနှင့် အခြောက်ဟူ၍ရှိရာ ထိုနှစ်မျိုးစလုံးကိုပင် သုံးစွဲကြသည်။ အထူးသဖြင့် လက်ဖက်စိုမှာ ရိုးရာအလိုက် ပွဲဝင်သောခဲဖွယ်တစ်ခုဖြစ်သည်သာမက လွှတ်ရုံးများ၏ အဆုံးအဖြတ်များ၌ပင်လျှင် လက်ဖက်စား၍ အမှုပြေငြိမ်းခြင်း၊ လက်ဖက်စား၍ အမှုပြတ်ကင်းခြင်းတို့ကို ပြုလုပ်ဆောင်ရွက်လေ့ရှိကြသည်။ ရပ်ရွာအတွင်း၌လည်း ဘာသာရေးပူဇော်ပွဲ၊ နတ်ပူဇော်ပွဲများတွင် လက်ဖက်မပါလျှင် မပြီးသကဲ့သို့ဖြစ်သည်။ မြန်မာ့ရိုးရာအလိုက် ထိမ်းမြားမင်္ဂလာပွဲများအတွက် ဖိတ်ကြားရာဝယ် လက်ဖက်ထုပ်များဖြင့် ဖိတ်ကြားလေ့ရှိခဲ့သည်။ တောင်သူလယ်လုပ်တို့မှာ လက်ဖက် တစ်ရိုး ကွမ်းတစ်ယာပေးပြီးလျှင် သမီးပေးသားယူ ထိမ်းမြားလေ့ရှိကြသည်။

မြန်မာဘုရင်များသည် လက်ဖက်စိုကို အထူးမွန်မြတ်သော အာဟာရတစ်ခုအဖြစ် မှီဝဲသုံးဆောင်လေ့ရှိခြင်းကြောင့် မင်္ဂလာမင်းခမ်းမင်းနားများတွင် လက်ဖက်အိုး၊ လက်ဖက်ခွက်များကို ဘုရင့်အသုံးအဆောင် ပစ္စည်းတစ်ခုအဖြစ်ထား၍ သုံးစွဲခဲ့ကြသည်။ ဆင်းရဲသား၊ လယ်လုပ်၊ ကုန်သည်များအဖို့လည်း လက်ဖက်ကို ဧည့်သည်တည်ခင်းစရာတစ်ခုအနေဖြင့် သုံးစွဲကြခြင်းကြောင့် အိမ်တိုင်းလိုလိုမှာပင် လက်ဖက်အိုး၊ လက်ဖက်ခွက်များထားရှိကြသည်။

မြန်မာ့လက်ဖက်ပင်

မြန်မာနိုင်ငံတွင် ရှမ်းပြည်မြောက်ပိုင်း တောင်ပိုင်နယ်၊ မိုးမိတ်နယ်နှင့် မိုင်းလုံနယ်များတွင် လက်ဖက်ပင်များကို စိုက်ပျိုးသည်။ မိုးမိတ်နယ်နှင့် မိုင်းလုံနယ်တို့မှ ထွက်ရှိသော လက်ဖက်ခြောက်၊ လက်ဖက်စိုများကို “အပြင်တောင်”ဟုခေါ်၍ တောင်ပိုင်နယ် သို့မဟုတ် နမ့်ဆန် နှင့် မိုင်းငေါ့အပါအဝင် ဒေသများမှ ထွက်သော လက်ဖက်ခြောက်၊ လက်ဖက်စိုတို့ကို “အတွင်းတောင်”ဟု ခေါ်သည်။ နမ့်ဆန်နှင့် မိုင်းငေါ့တို့ဘက်မှ ထွက်ရှိသော လက်ဖက်ခြောက်၊ လက်ဖက်စိုများမှာ အရည်အသွေးကောင်းသည့်အလျောက် လူကြိုက်လည်းများသည်။ ထိုဒေသ၌ လက်ဖက်လည်း အများဆုံးထွက်၍ နယ်လည်းအကျယ်ဆုံးဖြစ်ပါသည်။ လက်ဖက်ပင်ရွက်သစ်နုချိန်မှာ နှစ်စဉ်တန်ခူးလဆန်းစအခါ၌ဖြစ်စေ၊ သင်္ကြန်ရက်မတိုင်မီ၌ဖြစ်စေ အနည်းအကျဉ်းသာနု၍ သင်္ကြန်ရက်အတွင်း သင်္ကြန်မိုးရွာချပြီးနောက် အပင်တိုင်း၌ ဝေဝေဆာအောင် ရွက်နုများ ထလာကြသည်။

ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်လည်း လက်ဖက်ထွက်ရှိပါသည်။ လက်ဖက်စိုက်ခင်းများကို လှေကားထစ်စိုက်ခင်းအဖြစ် တောင်ခါးပန်းများတွင် စိုက်ပျိုးလေ့ရှိကြသည်။ အပင်ငယ်မျိုးဖြစ်၍ အမြဲထာဝရစိမ်းလန်းစိုပြည်နေပြီး မပြုပြင်ဘဲထားရှိပါက ပေ ၃၀ အထိ မြင့်မားသောအပင်များကိုလည်း တွေ့ရတတ်ပါသည်။ သို့သော် လက်ဖက်ရွက်ကို ဆွတ်ခူးသူအများစုမှာ အမျိုးသမီးများနှင့် လူငယ်များဖြစ်ကြ၍ ဆွတ်ခူးရလွယ်ကူစေရန်အတွက် အပင်ကို အလွန်ဆုံး ငါးပေခန့်အထိသာ အမြင့်ထားကြပါသည်။

လေဓာတ်အားပေးသော လက်ဖက်ရွက်

မြန်မာသက္ကရာဇ် ၁၁၆၂ ခုနှစ်တွင် သီဟိုဠ်ကျွန်း (ယခုသီရိလင်္ကာနိုင်ငံ)မှ ရဟန်းသံဃာတော်များသည် အမရပူရမြို့တော်သို့ ကြွလာကြသည်။ ထိုအခါ လက်ဖက်ကိုပြ၍ မေးမြန်းလျှောက်ထားကြည့်ရာ “ဝတဝဍ္ဎန”ဟု ခေါ်ဆိုကြောင်း မိန့်တော်မူလေသည်။ အဓိပ္ပာယ်မှာ “လေကိုပွားစေသောအရွက်”ဟု မိန့်ဆိုခြင်းဖြစ်ပါသည်။ ထို့ကြောင့် လက်ဖက်ကို (၁)နီလဗီဇံ၊ (၂)သေသဇံ၊ (၃)ဝါတဝဍ္ဎနံဟု ပါဠိလို ခေါ်ဆိုကြောင်း လေ့လာမှတ်သားရပါသည်။

လေဓာတ်၏ အရေးပါပုံ

ကျန်းမာသောလူတစ်ယောက် ဖြစ်စေရန်အတွက် သွေးအားသည် အဓိကကျသလို လေအားကပို၍ပဓာနကျပါသည်။ အဘယ်ကြောင့်ဆိုသော် လေအား၏ တွန်းပို့မှုကြောင့် သွေးများလှုပ်ရှားသွားလာနိုင်ပါမည်။ သွေးလေလှုပ်ရှားပါမှ စိတ်ရောကိုယ်ပါ ကျန်းမာနိုင်ပါလိမ့်မည်။ လက်ဖက်ရွက်က လေအားကောင်းစေသော အရွက်တစ်မျိုးဖြစ်သည့်အတွက် လူကိုကျန်းမာစေပါသည်။

တစ်နည်းဆိုရလျှင် လူ့ခန္ဓာကိုယ်ကို ပထဝီ(အစိုင်အခဲ)၊ တေဇော(အပူ)၊ အာပေါ(အရည်)၊ ဝါယော(လေ)ဟူသည့် ဓာတ်ကြီးလေးပါးဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။ လက်ဖက်၏ ရုက္ခမူလသဘောသဘာဝမှာ ပထဝီဓာတ်အားကောင်းစေမည့် အဆိမ့်အရသာ၊ အာပေါဓာတ်အားကောင်းစေမည့် အဖန် အရသာနှင့် ဝါယောဓာတ်အားကောင်းစေမည့် အခါးအရသာ စသည့် “ဆိမ့်၊ ဖန်၊ ခါး” ရသာသုံးမျိုးကို လက်ဖက်က တစ်ပြိုင်တည်းပေးစွမ်းနိုင်ပါသည်။ အထူးသဖြင့် လက်ဖက်တွင် အဖန်နှင့် အခါးတို့ ဦးဆောင်နေကြသည်။ ထို့ကြောင့် လက်ဖက်စားခြင်းက သွေးလေလည်ပတ်စေပြီး ကျန်းမာရေးကို အထောက်အကူဖြစ်စေပါသည်။

သက်ကြီးတို့အတွက် လက်ဖက်ရွက်

လူသားတို့၏ ဇီဝဖြစ်စဉ်သည် ဇရာအရွယ်သို့ ရောက်လာသည်နှင့်အမျှ သွေးအား၊ လေအားများ ဆုတ်ယုတ်သွားသည်။ အသက်ရလာလေ ခံတွင်းပျက်လေဖြစ်ကာ မစားချင်မသောက်ချင် ဖြစ်တတ်ကြသည်။ ငယ်စဉ်က ခုံခုံမင်မင် ကြိုက်နှစ်သက်ခဲ့သော အစားအသောက်တို့ကို ခံတွင်းမတွေ့နိုင်တော့ဘဲ အရသာသစ်ကို အာသီသရှိလာကြသည်။ ရသာခြောက်ပါးအနက် ဖန်၊ ခါး၊ ဆိမ့် သုံးမျိုးသည် သက်ကြီးရွယ်အိုများ၏ သည်းခြေကြိုက်ဖြစ်သည်။ ထိုရသာသုံးမျိုးကို လက်ဖက်တွင် လုံလောက်စွာရရှိနိုင်သဖြင့် “အသက်ကြီးလျှင် လက်ဖက်အုပ်ကိုပြင်” ဟူသောစကားပုံက အထင်အရှားရှိပါသည်။ ကျန်းမာရေးရှုထောင့်အရ ကြည့်လျှင်လည်း သွေးလေဆုတ်ယုတ်လာသော ဇရာအရွယ်မှာ သွေးလေပွားစေမည့် လက်ဖက်က ဓာတ်စာဖြစ်ပေသည်။

သို့သော် “တန်လျှင်ဆေး၊ လွန်လျှင်ဘေး” ဖြစ်တတ်ပေရာ လက်ဖက်ကို နှမ်းဆီစစ်စစ်ဖြင့် စားပေးသင့်ပါသည်။ နှမ်းဆီ၏ သဘောသဘာဝက ပူ၊ ခါး၊ ဆိမ့် အရသာဖြစ်ရာ အပူဟူသောတေဇော ဓာတ်ဖြင့် သွေးလေကြွယ်သောလက်ဖက်ကို ထိန်းအုပ်ပေးနိုင်ပါသည်။ ထို့ပြင် နှမ်းဆီဖြင့် လက်ဖက်သုပ်စားခြင်းက အရသာလည်းပိုရှိကာ သက်ကြီးပိုင်းတွင် ဖြစ်လေ့ရှိသော နှုတ်မမြိန်(ခံတွင်းမလိုက်ခြင်း)၊ အသံတုန်ခြင်း၊ parkinson’s disease (ခေါ်) အသက်ကြီး၍ လေအားနည်းကာ ခြေတုန်လက်တုန်ဖြစ်ခြင်း၊ အစာနင်ခြင်း၊ ကြို့ထိုးခြင်း စသည်တို့ကို လျော့ပါးသက်သာစေပါသည်။

လက်ဖက်သုပ်တစ်ပွဲ၏ ကျန်းမာရေးအကျိုးကျေးဇူးများ

ခေတ်အဆက်ဆက် မတိမ်ကောဘဲ မြန်မာ့ရိုးရာယဉ်ကျေးမှုနယ်ပယ်တွင် လက်ဖက်သည် အလွန်အရေးပါအရာရောက်ပါသည်။ လက်ဖက်အစိုကို ရှေးအခါကနှမ်းဆီနှင့်စိမ်ထားပြီးလျှင် စားသုံးလေ့ရှိကြသည်။ ထိုမှနောက်ခေတ်များတွင် ကြက်သွန်ဖြူကြော်၊ နှမ်းလှော်၊ ပဲလှော် စသော အဆာများဖြင့် ရောနှောသုံးဆောင်လေ့ရှိကြသည်။

လက်ဖက်သုပ်ထဲသို့ တေဇောဓာတ်ကြွယ်ဝသည့် နှမ်းဆီစစ်စစ်နှင့် နှမ်းလှော်ထည့်စားခြင်းက လေကိုနိုင်၍ ဝမ်းမီးတောက်စေပါသည်။ ထို့ပြင် နှမ်း၏အရသာမှာ ဆိမ့်ခြင်း၊ စပ်ခြင်း၊ ခါးခြင်း၊ ငန်ခြင်း၊ ပူခြင်းသဘောရှိ၍ အေးသောလက်ဖက်ကို ကောင်းစွာထိန်းထားနိုင်ပါသည်။ လက်ဖက်ပွဲတွင် မပါမဖြစ်မှာ ကြက်သွန်ဖြူကြော် ဖြစ်ပါသည်။ ၎င်းက စပ်ငန်ချိုဟူသော ရသာသုံးပါးရှိ၍ လက်ဖက်၏ ဖန်ခါးအရသာကို ဖြေလျှော့ပေးပါသည်။ ထို့ပြင် ကြက်သွန်ဖြူက အစာကြေဝမ်းမီးအားကောင်းစေပြီး ဆီးကောင်းစေကာ လေသက်ခြင်းကိုလည်း တွန်းအားပေးသဖြင့် ဓာတ်ကြီးလေးပါးမျှတစေပါသည်။ လက်ဖက်စားသည့်အခါ ပဲကြီးကြော်ထည့်စားမှ လက်ဖက်သုပ်၏ ဂုဏ်အင်္ဂါနှင့် ပြည့်စုံစေပါမည်။ မောင်မခေါ်ပဲ(ခေါ်) ပဲကြီးကြော်သည် ဆိမ့်သောအရသာရှိ၍ အတန်ငယ်ပူပါသည်။ ထိုအခါ ဖန်ခါးအေးသဘောသဘာဝရှိသော  လက်ဖက်ကို ပဲကြီးကြော်ဖြင့် ထိန်းအုပ်ပေးနိုင်သဖြင့် လေသက်လေလည်စေပါမည်။

ချင်းကို ခပ်ပါးပါးလှီး နုပ်နုပ်စဉ်း၍ရေထဲတွင် ခေတ္တမျှစိမ်ပြီးနောက် လက်ဖက်သုပ်ထဲထည့်စားကြည့်ပါ။ ပူစပ်ပွင့်ရသာဂုဏ်ရှိသော ချင်း၏ အစွမ်းသတ္တိကြောင့် ဓာတ်ကြီးလေးပါး ညီညွတ်မျှတသွားပါသည်။ ထို့ပြင် လက်ဖက်သုပ်များများစားပြီးနောက် မစာမကြေရင်ကြောတင်းမှုကိုလည်း ချင်းအာနိသင်ကြောင့် ပြေပျောက်စေပါသည်။

လက်ဖက်သုပ်ထဲ ရှောက်ရည်ညှစ်ထည့်စားခြင်းက ပြီးပြည့်စုံသောအရသာကို ရရှိစေကာ လေကြေဝမ်းပျော့စေပါမည်။ အချို့က လက်ဖက်သုပ်ထဲ မြေပဲ၊ သီဟိုဠ်စေ့ စသည့် အစေ့အဆန်များကိုလည်း ထည့်စားတတ်ကြသည်။ ၎င်းအခွံမာသီး အစေ့အဆန်များ စားသုံးခြင်းက နှလုံး၊ သွေး၊ လေကောင်းစေသလို လက်ဖက်အရသာကိုလည်း ပိုမိုစွဲလမ်းပေါ်လွင်စေသည်။ ပုစွန်ခြောက် သို့မဟုတ် ငါးနီတူခြောက် မိမိနှစ်သက်ရာ အဆင်ပြေသလို ထည့်စားတတ်ကြသည့်အတွက် ပရိုတင်းဓာတ် ရရှိနိုင်ပါသည်။

အချုပ်အားဖြင့်ဆိုသော် လက်ဖက်ထွက်ရှိသော နိုင်ငံများစွာ(အထူးသဖြင့်တရုတ်နိုင်ငံအပါအဝင်) ရှိကြသည့်အနက် ကမ္ဘာပေါ်တွင် မြန်မာလူမျိုးများသာ လက်ဖက်သုပ်ကို နှစ်ခြိုက်စွာ စားသုံးလျက်ရှိကြပါသည်။ ထို့ပြင် လက်ဖက်သည် မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် အရေးပါအရာရောက်လှသော ခဲဖွယ်တစ်ခုဖြစ်ရုံမျှမက တော်ဝင်အစားအစာလည်းဖြစ်ပါသည်။

ယခုအခါ တရုတ်နိုင်ငံ ရှင်ကျန်း မြို့၌ ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ လက်ဖက်ပြပွဲ Global Tea Fair Shenzhen (Autumn) 2023 တွင် မြန်မာ့လက်ဖက်မှာ အထူးရွှေတံဆိပ်ဆုရရှိခဲ့ပြီးဖြစ်ရာ ဂုဏ်ရှိန်ဝင့်လှသည့် မြန်မာ့ရိုးရာ ဓလေ့အလှူပွဲအမျိုးမျိုးနှင့် ဒွန်တွဲလေ့ရှိသော မြန်မာ့လက်ဖက်ထုတ်ကုန်တစ်ခုအတွက် အောင်မြင်မှုလမ်းစပင်ဖြစ်ပါသည်။

ကျန်းမာရေးအကျိုးကျေးဇူးများကိုပေးနိုင်သော ဆေးဖက်ဝင်လက်ဖက်စို၊ လက်ဖက်ခြောက်တို့အား ထုတ်ကုန်တိုးမြှင့်ထုတ်လုပ်ကာ နိုင်ငံ့စီးပွားကိုတစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။