အာဆီယံကို အသုံးချဖို့ ကြိုးစားနေတဲ့ အင်ဒိုနီးရှား
ပြည်သာကျော်
စွက်ဖက်မှု
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က အင်ဒိုနီးရှားပါလီမန်များ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (BKSAP) လက်ထောက်ဥက္ကဋ္ဌဖြစ်သူ အာမတ် ဟာဖစ် တိုဟီ (Achmad Hafisz Thohir) က မြန်မာနိုင်ငံရှိ ဘင်္ဂါလီတွေနဲ့ (ရိုဟင်ဂျာလူမျိုးစုဆိုတဲ့ စကားရပ်ကို သုံးထားပါတယ်) ပတ်သက်လို့ ကမ္ဘာက အထူးသဖြင့် အာဆီယံနိုင်ငံတွေက ခိုင်ခိုင်မာမာအရေးယူဖို့ တောင်းဆိုခဲ့တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံအပေါ် သာမန်ရှုတ်ချတာလောက်နဲ့ မလုံလောက်ဘဲ လက်တွေ့ကျတဲ့အဆင့်တွေကို ကမ္ဘာနဲ့ အာဆီယံက အရေးယူဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။
သူ့ရဲ့အကြံပြုချက်တွေထဲမှာဆိုရင် နိုင်ငံတကာဖိုရမ်တွေကနေ မြန်မာနိုင်ငံကို သီးခြားဖယ်ထုတ်ထားရေး၊ လက်နက်နဲ့ စီးပွားရေးပိတ်ဆို့ရေး နိုင်ငံကူးလက်မှတ်နဲ့ ဗီဇာတွေရပ်ဆိုင်းရေးနဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ ရုံးတင်စစ်ဆေးရေးတွေ ပါဝင်ပါတယ်။ နောက်ပြီးဘင်္ဂါလီတွေအပေါ် မြန်မာအစိုးရက ဆက်လက်လုပ်ဆောင်နေတဲ့ အကြမ်းဖက်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်တာတွေကို ရပ်ဆိုင်းဖို့ အာဆီယံနိုင်ငံတွေက စုပေါင်းအရေးယူဖို့ လိုအပ် ကြောင်း ပြောထားပါတယ်။
အာဆီယံပဋိညာဉ်
အာဆီယံအဖွဲ့မှာ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၀ နိုင်ငံ ပါဝင်ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုရဲ့ အခြေခံကျတဲ့ အရေးပါမှုနဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှု၊ နယ်မြေတည်တံ့ ခိုင်မြဲမှု၊ တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်မစွက်ဖက်မှု၊ တူညီသောဆန္ဒဖြင့်သာ ဆုံးဖြတ်မှုနှင့် ပုံစံကွဲပြားသော်လည်း ညီညွတ်မှု ရှိခြင်းဟူသည့် အခြေခံမူများကို လေးစား၍လည်းကောင်း အာဆီယံအဖွဲ့ကြီးကို ထူထောင်ခဲ့တာဖြစ်ပါတယ်။ အာဆီယံပဋိညာဉ်စာတမ်းရဲ့ ရည်ရွယ်ချက်မှာဆိုရင်လည်း အချက်ပေါင်း ၁၅ ချက်နဲ့ အပြည့်အစုံဖော်ပြထားပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ဆောင်ရွက်ရာမှာ လိုက်နာရမယ့် အခြေခံမူအနေနဲ့ ၁၄ ချက် ပါဝင်ပါတယ်။
အခြေခံမူ ၁၄ ချက်ထဲက အာဆီယံအဖွဲ့ဝင် နိုင်ငံအချင်းချင်းလိုက်နာရမယ့် အခြေခံမူတွေထဲအချို့ကို ဖော်ပြလိုပါတယ်။
(က) အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှု၊ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အမျိုးသားရေး လက္ခဏာများကို လေးစားလိုက်နာ ခြင်း၊
(ခ) ကျူးကျော်ခြင်း၊ အင်အားသုံးခြင်း သို့မဟုတ် အင်အားသုံးရန် ခြိမ်းခြောက်ခြင်း သို့မဟုတ် အပြည်ပြည်ဆိုင်ရာဥပဒေနှင့် ကိုက်ညီမှုမရှိသည့် အခြားလုပ်ဆောင်မှုမှန်သမျှကို စွန့်လွှတ်ခြင်း၊
(ဂ) အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ အဖြေရှာသည့် နည်းလမ်းအပေါ် အားထားခြင်း၊
(ဃ) အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုမရှိခြင်း၊
(င) ပြင်ပမှ ဝင်ရောက်စွက်ဖက်မှု၊ ဖျက်လိုဖျက်ဆီးပြုမှုနှင့် ဖိအားပေးမှုများ ကင်းရှင်းစွာဖြင့် အမျိုးသားရေး တည်ရှိမှုဆိုင်ရာ အဖွဲ့ဝင်နိုင်ငံတိုင်း၏ အခွင့်အရေးကို လေးစားခြင်းလို့ ဖော်ပြပါ ရှိပါတယ်။
အထက်က ဖော်ပြခဲ့တဲ့အချက်တွေဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတိုင်းက လိုက်နာရမယ့် အခြေခံမူတွေထဲက အချက်အချို့ကို ထုတ်နုတ်ဖော်ပြထားခြင်းဖြစ်ပါတယ်။
ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်
ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့မှာ အတည်ပြုခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်းက လိုက်နာဖို့ ရေးဆွဲထားတဲ့ နိုင်ငံတကာသဘောတူညီချက် ဖြစ်ပါတယ်။ အဲဒီပဋိညာဉ်မှာ တစ်နိုင်ငံရဲ့ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်မစွက်ဖက်ရဘူး။ နိုင်ငံကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ တန်းတူညီမျှဆက်ဆံရမယ်လို့ပါပါတယ်။ ဒီပြဋ္ဌာန်းချက်တွေကို ကုလသမဂ္ဂအဖွဲ့ဝင်တိုင်းက သဘောတူပြီးလည်းဖြစ်ပါတယ်။ ဒီလိုပြဋ္ဌာန်းထားတာဟာ ကမ္ဘာ့သမိုင်းအစဉ်အဆက်ကြုံတွေ့လာခဲ့ရတဲ့ နိုင်ထက်စီးနင်းပြုတာတွေ၊ ဝင်ရောက်စွက်ဖက်တာ၊ ကျူးကျော်သိမ်းပိုက်မှုတွေနဲ့ ကိုလိုနီကျွန်ပြုတာတွေနဲ့ ကမ္ဘာစစ်ကြီးတွေကို တားဆီးကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။
ဒါပေမယ့် အချို့နိုင်ငံတွေဟာ နိုင်ငံတကာသဘောတူညီချက်တွေကို ချိုးဖောက်ပြီး အမြတ်ထုတ်နေကြပါတယ်။ ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်နှင့် အခြေခံမူတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြပါတယ်။ အခြားနိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနဲ့ တန်းတူရည်တူရှိမှုဆိုတာတွေကို ထိပါးပြီး အခြားနိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်နေကြပါတယ်။
အခု အင်ဒိုနီးရှားပါလီမန်များ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (BKSAP) လက်ထောက်ဥက္ကဋ္ဌဖြစ်သူရဲ့ ပြောကြားချက်ကိုပဲ ကြည့်ပါ။ သူ့ပြောကြားချက်ရဲ့ နောက်ကွယ်က ရည်ရွယ်ချက်နဲ့ သူပြောကြားမှုဟာ အာဆီယံပဋိညာဉ်နဲ့ ကိုက်ညီမှု ရှိ၊ မရှိ စဉ်းစားစရာကောင်းပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာဖြစ်တဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ဖို့အတွက် အာဆီယံအဖွဲ့ကြီးကို ဖိအားပေးပြောလာခြင်းဟာ ရိုးသားတဲ့စိတ်နဲ့ မဟုတ်တာ သေချာပါတယ်။ သူ့ရဲ့ပြောကြားချက်တွေဟာ အာဆီယံပဋိညာဉ်၊ ကုလသမဂ္ဂပဋိညာဉ်တို့နဲ့လည်း ဆန့်ကျင်နေပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး
ဘင်္ဂါလီအရေးကိစ္စဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးဖြစ်ပါတယ်။ ဘင်္ဂါလီတွေဟာ တစ်ဖက်နိုင်ငံကနေ မြန်မာနိုင်ငံထဲကို ခိုးဝင်ရောက်ရှိလာသူတွေဖြစ်ပါတယ်။ ဘင်္ဂါလီတွေလို ရွှေ့ပြောင်းနေထိုင်သူတွေဟာ မြန်မာနိုင်ငံတစ်နိုင်ငံထဲမှာ ဖြစ်နေတာမဟုတ်ပါဘူး။ အမေရိကန်နိုင်ငံမှာတောင် တရားမဝင်ရွှေ့ပြောင်းအခြေချ နေထိုင်သူတွေ အရေးကိစ္စဟာ အမေရိကန်နိုင်ငံရဲ့ အဓိကပြည်တွင်းရေးပြဿနာအဖြစ် ရှိနေပါတယ်။ တစ်လောကပဲ အမေရိကန်နိုင်ငံထဲကို ဝင်ရောက်ဖို့ ကြိုးပမ်းကြတဲ့ အထောက်အထားမဲ့ ခိုးဝင်သူတွေ အနေနဲ့ နယ်စပ်အနားကို မကပ်ဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က သတိပေးခဲ့ပါသေးတယ်။ လူ့အခွင့်အရေးကို ကျယ်ကျယ်လောင်လောင်ပြောကြားတတ်တဲ့ အမေရိကန်နိုင်ငံတောင်မှ သူ့နိုင်ငံထဲ တရားမဝင်ခိုးဝင်လာတဲ့သူတွေကို မောင်းထုတ်နေတာတွေ့ရပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံရဲ့ ပြည်တွင်းရေးဖြစ်လို့ ဘယ်နိုင်ငံကမှ ဝင်ရောက်စွက်ဖက် မပြောကြားကြပါဘူး။
ဘင်္ဂါလီအရေးကိစ္စဟာလည်း အဲဒီလိုပါပဲ။ မြန်မာနိုင်ငံထဲကို အထောက်အထားမဲ့ ခိုးဝင်လာသူတွေကို လက်ခံ၊ လက်မခံဆိုတာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးဖြစ်လို့ မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေတွေနဲ့အညီ ဆုံးဖြတ်ရမှာပါ။ ဘင်္ဂါလီတွေဟာ မြန်မာနိုင်ငံတစ်နိုင်ငံထဲကိုပဲ ခိုးဝင်နေတာ မဟုတ်ပါဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ရေလမ်းကြောင်းကတစ်ဆင့် အခြားနိုင်ငံတွေဆီ ခိုးဝင်သွားရောက်နေကြပါတယ်။ ဒါပေမယ့် နယ်နိမိတ်ချင်းနီးစပ်နေတဲ့ မြန်မာနိုင်ငံဟာ အခြားနိုင်ငံတွေထက် တစ်ဖက်နိုင်ငံက ခိုးဝင်လာတဲ့သူတွေရဲ့ဒဏ်ကို ပိုခံရပါတယ်။ တကယ်တော့ ဘင်္ဂါလီကိစ္စဟာ မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိစ္စဖြစ်ပေမယ့် နိုင်ငံတကာအဖွဲ့အစည်းအချို့နဲ့ နိုင်ငံအချို့ဟာ အဲဒီကိစ္စအပေါ် အမြတ်ထုတ်ဖို့အတွက် နိုင်ငံတကာအရေးကိစ္စအနေနဲ့ ပုံဖော်ဖို့ ကြိုးစားနေကြပါတယ်။
နောက်ကွယ်မှ ဖန်တီးနေသူများ
ဘင်္ဂါလီကိစ္စနဲ့ပတ်သက်ရင် နောက်ကွယ်က ပံ့ပိုးကူညီနေသူတွေရဲ့ကဏ္ဍဟာ အရေးပါပါတယ်။ ဘင်္ဂါလီတွေကို မြန်မာတိုင်းရင်းသားအဖြစ် ဖန်တီးရေး၊ နယ်မြေရရှိရေး စတာတွေဟာ ဘင်္ဂါလီကိစ္စရဲ့ နောက်ကွယ်က ရည်ရွယ်ချက်တွေပါ။ ဒီရည်ရွယ်ချက် အောင်မြင်ဖို့အတွက် မြန်မာနိုင်ငံကို နိုင်ငံတကာအနေနဲ့ အဘက်ဘက်ကနေ ဖိအားပေးဖို့ ကြိုးစားနေကြပါတယ်။ ၂၀၁၂ ခုနှစ်က စပြီးဖြစ်ခဲ့တဲ့ ပြဿနာတွေဟာ နောက်ကွယ်က ကြိုးကိုင် သူတွေရဲ့အလိုကျ ဖန်တီးချက်တွေပဲ ဖြစ်ပါတယ်။ သာမန်ဖြစ်စဉ်ကို ပုံကြီးချဲ့ပြီး နိုင်ငံတကာအရေးဖြစ်အောင် ရည်ရွယ်ခဲ့ကြတာပါ။ တဖြည်းဖြည်း ကြီးမားလာတဲ့ပြဿနာကို အကြောင်းပြုပြီး မြန်မာနိုင်ငံကို ဖိအားပေးခဲ့ကြပါတယ်။ အထူးသဖြင့် အိုအိုင်စီအဖွဲ့ဟာ နောက်ကွယ်က အဓိကပံ့ပိုး ပေးနေသူဖြစ်ပါတယ်။
အိုအိုင်စီ (Organisation of Islamic Cooper-ation) အဖွဲ့အစည်းဟာ ၁၉၆၉ ခုနှစ်မှာ စတင်ဖွဲ့ စည်းခဲ့တာဖြစ်ပါတယ်။ အဖွဲ့ဝင်နိုင်ငံပေါင်း ၅၇ နိုင်ငံအနက် ၄၈ နိုင်ငံက မွတ်စလင်နိုင်ငံတွေ ဖြစ်ကြ ပါတယ်။ အဲဒီနိုင်ငံတွေထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ ပါဝင်ပါတယ်။ အိုအိုင်စီက ဘင်္ဂါလီကိစ္စမှာ ဝင်ရောက်စွက်ဖက်နေတာကြာပါပြီ။ မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ တရားစွဲဆိုဖို့ကြိုးပမ်းရာမှာ အိုအိုင်စီက အဓိကထောက်ပံ့ပေးသူဖြစ်ပါတယ်။ အဲဒီလိုပဲ ဘင်္ဂါလီကိစ္စကို နိုင်ငံတကာအရေးဖြစ်အောင် ကြိုးပမ်းရာမှာလည်း အိုအိုင်စီက အဓိကပါဝင်နေပါတယ်။ အိုအိုင်စီရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာလည်း အလားတူပါပဲ။ ဘင်္ဂါလီကိစ္စကို ပြန်လည် အစဖော်ပြီး အမြတ်ထုတ်ဖို့ကြိုးစားနေတာ အရင်ကထဲကပါ။ အဲဒီလိုအမြတ်ထုတ်ဖို့အတွက် ဘင်္ဂါလီ ပြဿနာကို နိုင်ငံတကာပြဿနာတစ်ရပ်လို ပုံဖော်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေကို အသုံးချဖို့ကြိုးပမ်းနေပါတယ်။
ဒေသတွင်း မတည်ငြိမ်အောင်လုပ်နေ
ကျွန်ုပ်တို့တွင် ထာဝရမဟာမိတ်ဆွေများမရှိသလို ကျွန်ုပ်တို့တွင် ထာဝရရန်သူလည်း မရှိပါ။ ကျွန်ုပ်တို့၏အကျိုးစီးပွားများသည် ထာဝရတည်မြဲနေပြီး ထိုအကျိုးစီးပွားများကို လိုက်နာရန်မှာ ကျွန်ုပ်တို့၏တာဝန်ဖြစ်သည် “We have no eternal allies, and we have no perpetual enemies. Our interests are eternal and perpetual, and those interests it is our duty to follow.” ဆိုတဲ့ ဗြိတိန်ဝန်ကြီးချုပ် Lord Palmerston (၁၇၄၈–၁၈၆၅) ပြောခဲ့တဲ့စကား ဒီကနေ့အထိ သွေးထွက်အောင် မှန်နေပါတယ်။ မြန်မာလိုဆိုရင်တော့ လိုရင်တစ်မျိုး မလိုရင်တစ်မျိုးလို့ ဆိုရမယ်ထင်ပါတယ်။ ဒီအယူအဆကို ကမ္ဘာ့နိုင်ငံတွေမှာ ကျင့်သုံးနေတာကို မျက်မြင်ကိုယ်တွေ့ တွေ့ရပါတယ်။
ဒီအယူအဆဟာ မှန်တယ်လို့ ပြောလို့မရသလို မှားတယ်လို့လဲ မဆိုနိုင်ပါဘူး။ ပြောင်းလဲနေတဲ့ အခြေအနေပေါ်မူတည်ပြီး ကိုယ့်ရဲ့အကျိုးစီးပွားကိုပဲ ကြည့်တဲ့အတွက် ကြည့်သူအတွက်တော့ မှန်ကောင်းမှန်မှာပါ။ ဒါပေမယ့် တစ်ဖက်ကကြည့်ရင်တော့ မမှန်နိုင်ပါဘူး။ နိုင်ငံတိုင်းက ကိုယ်ကျိုး စီးပွားကိုပဲ ကြည့်နေကြရင် ကမ္ဘာ့ငြိမ်းချမ်းရေးဆိုတာ မရှိနိုင်တော့ပါဘူး။ ကိုယ်ကျိုးစီးပွားအတွက် ထိပ်တိုက်ရင်ဆိုင်နေကြရတော့မှာပါ။ ဥပဒေစံနှုန်း၊ ကိုယ်ကျင့်တရားတန်ဖိုးတွေကို ဂရုစိုက်ကြတော့ မှာမဟုတ်ပါဘူး။ နိုင်ငံတကာဆက်ဆံရေးမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး၊ တန်းတူညီမျှမှု ဆိုတာတွေကို ကုလသမဂ္ဂပဋိညာဉ်မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် ကိုယ်ကျိုးစီးပွားဦးထိပ်ထားနေတဲ့ နိုင်ငံတွေကတော့ ဘယ်သူသေသေ ငတေမာပြီးရော ဆိုပြီး နိုင်ငံတကာ ဥပဒေ၊ စံနှုန်းနဲ့ အခြေခံမူတွေကို ချိုးဖောက်နေကြပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာလည်း နိုင်ငံတကာ ဥပဒေ၊ စံနှုန်းနဲ့ အခြေခံမူတွေကို ချိုးဖောက်ပြီး မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေပါတယ်။ ဝင်ရောက်စွက်ဖက်ရတာကလည်း သူတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက်ပါ။ အဲဒီလို ကိုယ်ကျိုးစီးပွားရှာရာမှာ အာဆီယံအဖွဲ့ကြီးနဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအကြား စိတ်ဝမ်းကွဲအောင် တွန်းပို့နေတာတွေ့ရပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ ပြောကြားချက်နဲ့ လုပ်ရပ်ဟာ အာဆီယံရဲ့ရည်မှန်းချက်နဲ့ ဆန့်ကျင်နေပြီး ဒေသတွင်း မတည်ငြိမ်မှုနဲ့ စိတ်ဝမ်းကွဲမှုတွေ ကို ဖြစ်စေပါတယ်။
အသုံးချဖို့ ကြိုးစားနေ
ယခု အာမတ် ဟာဖစ် တိုဟီရဲ့ ပြောကြားချက်တွေကိုကြည့်ရင် နိုင်ငံတကာအခြေခံမူတွေနဲ့ အာဆီယံအခြေခံမူတွေကို ချိုးဖောက်ပြီး မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကို ပြောင်ကျကျချိုးဖောက်နေတာဟာ အာဆီယံအဖွဲ့ကြီးနဲ့ အခြားအဖွဲ့ဝင်နိုင်ငံတွေ ကို မလေးစား၊ ဂရုမစိုက်တဲ့လုပ်ရပ်ပဲ ဖြစ်ပါတယ်။ တကယ်တော့ အင်ဒိုနီးရှားနိုင်ငံကိုယ်တိုင်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်ခဲ့ပါတယ်။ ဒါကြောင့်မို့ အင်ဒိုနီးရှားနိုင်ငံသမိုင်းမှာ လူ့အခွင့် အရေးချိုးဖောက်တာတွေ ရှိခဲ့တယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်လို့ အက်ဘ်ဒူရာဟ်မန် ဝါဟစ်ဒ်ကလည်း ၂၀၀၀ ပြည့်နှစ်တုန်းက လူသိရှင်ကြား ဝန်ချတောင်းပန်ခဲ့ဖူးပါတယ်။ စစ်အေးခေတ်တုန်းက အင်ဒိုနီးရှားနိုင်ငံမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့လို့ လူပေါင်း ငါးသိန်းလောက် အသေအပျောက်ရှိခဲ့တယ်လို့ သုတေသီတွေက ဆိုပါ တယ်။
အဲဒီလိုကိုယ်တိုင်လက်မှာ သွေးစွန်းနေတဲ့သူက မြန်မာနိုင်ငံအပေါ် စွပ်စွဲချက်တွေနဲ့ ဖိအားပေးဖို့ ပြောလာတာဟာ ရိုးသားတဲ့စိတ်နဲ့ မဟုတ်ပါဘူး။ အာဆီယံအဖွဲ့ကြီးနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို တစ်ဖက်လှည့်နဲ့ အသုံးချဖို့ ကြိုးစားနေခြင်းသာဖြစ်ပါတယ်။ ဒီကနေ့ ကမ္ဘာကြီးမှာ နိုင်ငံတကာအဖွဲ့အစည်းတွေကို အသုံးချပြီး ကိုယ်ကျိုးစီးပွားရှာ တဲ့ နိုင်ငံတွေကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဒေသတွင်းငြိမ်းချမ်းရေးဟာ ခြိမ်းခြောက်ခံနေရပါတယ်။ လက်ရှိမှာလည်း ကမ္ဘာကြီးမှာ မတည်ငြိမ်မှုတွေ၊ ပဋိပက္ခတွေ၊ တင်းမာမှုတွေနဲ့ စစ်ပွဲတွေ ဖြစ်နေပါတယ်။ အာမတ် ဟာဖစ် တိုဟီရဲ့ ပြောကြားချက်ဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အန္တရာယ်ဖြစ်ပါတယ်။ ဒါကြောင့် အင်ဒိုနီးရှားနိုင်ငံရဲ့ ပြောကြားချက်နဲ့လုပ်ရပ်တွေဟာ အာဆီယံ ဒေသတွင်းငြိမ်းချမ်းရေးကို ထိခိုက်လာစေနိုင်တဲ့အတွက် အာဆီယံအဖွဲ့ကြီးနဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ အင်ဒိုနီးရှားနိုင်ငံအပေါ် ပြန်လည်သုံးသပ်ဖို့ လိုအပ်နေပါပြီ။ ။