စာဖတ်ပါ
ကိုဇော်ဌေး(ယဉ်ကျေးမှု)
မိဘတို့သည်သားသမီးများ စကားပြောတတ်သည့်အရွယ်သို့ရောက်လျှင်ပင် စာရေးတတ်၊ စာဖတ်တတ်လေအောင် ကျောင်းသို့စေလွှတ်၍ စာသင်စေသည်။ ကလေးများကျောင်းသို့ရောက်သော် ဆရာ ဆရာမတို့သည် ထိုကလေးများကို စာရေးတတ်၊ စာဖတ်တတ်ကြစေရန် ပထမဦးဆုံး ဗျည်းအက္ခရာများမှစ၍ စာကြီးပေကြီးများအထိ သင်ကြားပို့ချကြလေသည်။ ဤသို့ ငယ်စဉ်ကအစပြု၍ မိဘဆရာသမားတို့က စာဖတ်တတ်အောင် သင်ကြားပေးကြသည်မှာ စာဖတ်တတ်ခြင်းကြောင့် ကလေးတို့၏ အနာဂတ်ကောင်းကျိုးကို ဖန်တီးနိုင်စေရန် ရည်သန်သောကြောင့်ဖြစ်လေသည်။ လူမျိုးအသီးသီး၊ ဘာသာအသီးသီးတို့တွင် အများအားဖြင့်စာနှင့် စာပေဟူ၍ရှိကြသည်။ စာပေသည် စာမှပေါ်ပေါက်လာသည်။ စာသည်စကား၏ သင်္ကေတဖြစ်သော အက္ခရာများကို စုပေါင်းဖွဲ့စည်း၍ စနစ်တကျ စီစဉ်ရေးသားတင်မှတ်ထားသော အမှတ်အသားဖြစ်သည်။ အချို့နိုင်ငံများတွင် ရုပ်ပုံသင်္ကေတများမှ ဆင်းသက်လာသည့် အရေးအမှတ်များကိုပါ စာဟုခေါ်ကြသည်။
စာကို သုခုမအရာမြောက်အောင် (ဝါ) အနုပညာသက်ဝင်အောင် ဖွဲ့စည်း စီရင်တီထွင်သော် ‘စာပေ’ ဖြစ်လာသည်။ စာမရှိဘဲ စာပေလည်းမရှိနိုင်ဟု ဆိုကြသည်။ ထို့ကြောင့် စာဖတ်တတ်ရန် စာကို သင်ကြရသည်။ စာတတ်မြောက်သော် စာပေကိုဖတ်ရှုကြသည်။ မြန်မာတို့တွင် စာပေဟူသော စကားသည် ရှေးခေတ် များ၌ တရားစာပေဟူ၍ အနက်ရခဲ့သည်။ ကိုးခန်းပျို့၌ “စာပေနားဝင်၊ ငါ့ကိုသင်သည်၊ လင်လည်းစွန့်ထား၊ ယခုသွားခဲ့”ဟု စပ်ဆိုထားရာ ‘တရားစာပေကို နားလည်အောင် သင်ပြပေးသောလင်’ဟု အဓိပ္ပာယ်ဖွင့်ကြသည်။ တစ်ဖန် နေမိ ငရဲခန်းပျို့၌ ‘ပုထိုးဘုရား၊ ကျောင်းကန် သွား၍၊ တရားစာပေ၊ နာပါချေအံ့’ဟု စပ်ဆိုထားရာ စာပေဟူလျှင် တရားစာစုဖြစ်သည်ဟု ကျမ်းဂန်တတ်ပုဂ္ဂိုလ်များက နားလည်ယူဆခဲ့ကြသည်။ လောကုတ္တရာနှင့်ဆိုင်သော စာစုကိုစာပေဟုခေါ်ခဲ့သည့်ခေတ်မှ လောကီနှင့်ဆိုင်သော စာစုများ ပေါ်ပေါက်ခေတ်စားချိန်၌ စာပေဟူသော ဝေါဟာရအနက်လည်း ပြောင်းလဲခဲ့ရသည်။ ဝေါဟာရအနက်ပြောင်းလဲခြင်းနှင့်အတူ စာဖတ်သည့်အလေ့သည်လည်း ရေချိန်မြင့်တက်လာခဲ့တော့သည်။
စာဖတ်ရာတွင် ပညာဗဟုသုတတိုးပွားစေရန်နှင့် အတွေးအခေါ် ရင့်သန်စေရန်ဟူသော ရည်ရွယ်ချက်နှစ်မျိုးရှိသည်။ ပညာဗဟုသုတမရှိလျှင် မိမိတို့၏ သက်ဆိုင်ရာလုပ်ငန်းကို တိုးတက် ကောင်းမွန်အောင်လုပ်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။ စိတ်ကူးဉာဏ်အတွေးအခေါ် ရင့်သန်ခြင်းမရှိပါလျှင်လည်း လူ့လောကတွင် တိုးတက်မှုခဲယဉ်းပေလိမ့်မည်။ ထို့ကြောင့် လိမ္မာရေးခြား ဗဟုသုတကြွယ်ဝစေရန်အတွက် စာဖတ်ခြင်းအလေ့သည် အလွန်အရေးပါ အရာရောက်လေသည်။
စာနယ်ဇင်း
ယခုခေတ်၌ စာဖတ်ခြင်းကို အထောက်အပံ့ဖြစ်စေသော သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ စာအုပ် ဟူသည်တို့သည် အမြောက်အမြား ထွက်ပေါ်လျက်ရှိသည်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း ဟူသော စကားတို့၏ အဆုံးစကားသုံးလုံးကို စုပေါင်း၍ စာနယ်ဇင်းဟု ခေါ်ကြခြင်း ဖြစ်သည်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းဟူ၍ ခွဲခြားထားသည့် သုံးမျိုးအပြင် စာ၊ နယ်၊ ဇင်းများမှလည်းကောင်း၊ စာအုပ်များမှလည်းကောင်းထုတ်နုတ်၍ အနှစ်သာရပေါ်လွင်အောင် အကျဉ်းချုံးကာ ပြန်လည်ထည့်သွင်း ထုတ်ဝေသည့် သတင်းစုံမဂ္ဂဇင်းနှင့် မဂ္ဂဇင်းပဒေသာ စာစောင်များလည်း ရှိသေးသည်။
မျက်မှောက်ခေတ်၌ စာနယ်ဇင်းလုပ်ငန်းသည် ကမ္ဘာတွင်အရေးပါအရာရောက်လာပြီ ဖြစ်သည့်အလျောက် စာနယ်ဇင်းများကိုလည်း လူအများသည် လေးစား၍ စိတ်ထက်သန်စွာ လေ့လာ လိုက်စား ဖတ်ရှုနေကြပြီဖြစ်သည်။ သတင်းစာတစ်စောင်လုံးတွင် ခေါင်းကြီးသို့မဟုတ် သတင်းစာအာဘော်သည် မဖတ်မဖြစ် ဖတ်သင့်သည့်နေရာ ဖြစ်သည်။ ခေါင်းကြီး သို့မဟုတ် သတင်းစာအာဘော်သည် နိုင်ငံရေးကို ၎င်းတို့သတင်းစာ၏ ဝါဒနှင့်ချိန်ထိုးကြည့်ရှု၍ ပြတ်သားစွာ ဝေဖန်သုံးသပ် ရေးသားထားခြင်းဖြစ်ရာ ထိုစာဖတ်ခြင်းဖြင့် မိမိနိုင်ငံ၏နိုင်ငံရေးကို မိမိသည်လည်း ချိန်ထိုးသုံးသပ်လာနိုင်မည် ဖြစ်သည်။ တိုင်းပြည်တစ်ပြည်၌ မဏ္ဍိုင်ကြီးလေးခုရှိရာတွင် စတုတ္ထမဏ္ဍိုင်ဖြစ်သော သတင်းစာများ တစ်နည်း စာနယ်ဇင်းများသည် တိုင်းပြည်တွင် အရေးအကြီးဆုံးဖြစ်သည်ဟု အင်္ဂလန်ပြည် ပါလီမန်လွှတ်တော်တွင် ‘အက်ဒမန်ဗတ်သည် တစ်ခါက အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။ ထို့ကြောင့် စာဖတ်ရာတွင် သတင်းစာပဲ၊ စာစောင်ပဲဟူ၍ လျစ်လျူရှုကျော်လွှားခြင်းမပြုမိစေ ရန်လိုသည်။ သတင်းစာ၏ အရေးအသားဖြင့် လူမျိုးအချင်းချင်း သို့မဟုတ် လူတန်းစားအချင်းချင်း မုန်းတီးရေးကိုလည်း တည်ဆောက်ပေးနိုင်သည်။ ချစ်ကြည်လေးမြတ်ရေးကိုလည်း တည်ဆောက်ပေး နိုင်သည်။ နိမ့်ကျနေသော စိတ်ဓာတ်ကိုလည်း မြှင့်တင်ပေးနိုင်သောကြောင့် စာနယ်ဇင်းသည် စာဖတ်ရာတွင်များစွာ အထောက်အပံ့ဖြစ်စေသည်။ ခေတ်နှင့်လျော်ညီစွာ နေ့စဉ်ဖြစ်ပျက် ပေါ်ပေါက်လျက်ရှိသော ကိစ္စမြားမြောင် ကိုလည်း သိနိုင်ပေသည်။
စာအုပ်
ပုံနှိပ်စာများမပေါ်မီက ပညာဗဟုသုတဆည်းပူးရန်ကိစ္စသည် များစွာခဲယဉ်းလှသည်။ အရေးအသားဟူ၍ မရှိသေးသောခေတ်တွင် လူတို့သည် တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကြားရ သမျှသော ပညာဗဟုသုတတို့ကို နှုတ်ငုံဆောင်ကြသည်။ ထို့နောက် ရွှံ့ပြား၊ကျောက်ပြားများပေါ်တွင်ရေးကြ၊ ထွင်းကြသော အရေးအသားများပေါ်လာသည်တို့ကို လူတို့သည် ကြည့်ရှုမှတ်သားကြရသည်။ ထို့နောက် ပေရွက်၊ ကျူရွက်၊ ပုရပိုက်စသည်တို့အပေါ်တွင်ရေးမှတ် ထားသည်ကို လူတို့ဖတ်ကြရသည်။ စက္ကူနှင့် ပုံနှိပ်စက်ခေတ်သို့ ရောက်လာ သောအခါလူအများ၌ စာဖတ်ခြင်းအလေ့ သည် ပိုမိုကျယ်ပြန့်လာလေသည်။ ခရစ် နှစ် ၁၂၀၀ ပြည့်နှစ်ကျော်လွန်သောအခါတွင် စာပေလိုက်စားခြင်း၊ ကျမ်းပြုခြင်း၊ ပညာသင်ကြားခြင်း စသည့်ကိစ္စများမှာ တက္ကသိုလ်များတွင် ပိုမိုထွန်းကားလာလေသည်။ ကျောင်းသားများသည် စာအုပ်ဌာန များမှ စာအုပ်များကို ငှားဖတ်ရသည်။ စာအုပ်များကို ကိုယ်ပိုင်ပစ္စည်းအဖြစ် အခြားသို့ယူသွားခွင့်မရှိချေ။ တဖြည်းဖြည်းနှင့် စာအုပ်များကို အပိုင်ရောင်းချသော အလေ့အထပေါ်လာလေရာ စာအုပ်ဌာနမှ စာအုပ်ဆိုင်ဖြစ်သွားတော့သည်။
၁၅၅၀ ပြည့်နှစ်အရောက်တွင် ယခုခေတ်စာအုပ်များ၏ ပုံသဏ္ဌာန်အတိုင်း စာအုပ်များ ပေါ်ပေါက်လာခဲ့သည်။ စာအုပ်တစ်အုပ်ကို ဖတ်ရှုရာတွင် စာမျက်နှာအစီအစဉ်နှင့် စာများကို တစ်ဆက်တည်း ဖတ်ရှုနိုင်သည်။ အသိဉာဏ်ပညာတိုးတက်မြင့်မားရေးအတွက် စာဖတ်ခြင်းအလေ့ကို ယခင် ရှေးကတည်းက ဆောင်ကြဉ်းကြသည်။ ခေတ်မီနည်းပညာတို့ဖြင့် ဝေဆာလျက်တိုးတက်မြင့်မားခြင်းသဘောကို ဆောင်နေသောလောကကြီးကို ကြည့်မြင် နိုင်ရန်အတွက် စာဖတ်ခြင်းသည်သာ မျက်မှန်ကောင်းတစ်လက်ဖြစ်ပါသည်။ ယခုအခါ မျက်မမြင်များအတွက်ပင်လျှင် လက်ဖြင့်စမ်း၍ ဖတ်ရသော အပိမ့်အဖု အမှတ်အသားများဖြစ်သည့် ဗရေးလ စနစ်သည် ထွန်းကားလျက်ရှိပြီဖြစ်သည်။
စာအုပ်သည် စာဖတ်သူ၏ မိတ်ဆွေကောင်းမည်ပေသည်။ စာအုပ်များမှာ ပညာဗဟုသုတအမျိုးမျိုးကိုပေးသော ပညာပဒေသာပင်များဖြစ်သည်။ စာဖတ်၍ ပညာဗဟုသုတ ကြွယ်ဝလာသောအခါ စာဖတ်သူသည် မိမိ၏စိတ်ကို မိမိဆုံးမပဲ့ပြင်လာတတ်သည်။ အမှားအမှန်ကို ပိုင်းခြားဝေဖန်လာတတ်သည်။ နေ့စဉ်ကြုံတွေ့ရသော ပြဿနာတို့ကို ဖြေရှင်း နိုင်တတ်သည်။ အတွေးအခေါ်ရင့်သန်လာသည်နှင့်အမျှ မိမိပြုမူပြောဆို လုပ်ကိုင်သောအကြောင်းခြင်းရာတို့သည် လူ့လောကနှင့ဝင်ဆံ့လာတတ်သည်။ ဤအချက်ကို သိမြင်သောခေတ်မီ နိုင်ငံတို့သည် လူတိုင်းစာဖတ်သော အလေ့အထပြန့်ပွားအောင် တိုက်တွန်းနှိုးဆော်ပေးကြသည်။ ထို့ကြောင့်လည်း နိုင်ငံတကာတွင် စာကြည့်တိုက်များ အဓွန့်ရှည်စွာတည်တံ့အောင် ထူထောင်ခြင်းအလုပ်ကို အလေးဂရုပြု၍ လုပ်ဆောင်ကြခြင်းဖြစ်သည်။
စာကြည့်တိုက်
စာကြည့်တိုက်သည် ပုံနှိပ်စာအုပများ၊ လက်ရေးစာမူများကို လူခပ်သိမ်းတို့ လေ့လာရန် စုဆောင်းထားရာဌာန ဖြစ်သည်။ ယခုခေတ် စာကြည့်တိုက်များသည် မည်သူမဆို ဝင်ထွက်သွားလာနိုင်၍ စာအုပ်များငှားရမ်းဖတ်ရှုနိုင်သဖြင့် စာကြည့်တိုက်များသည် စာဖတ်ရာကောင်းသော နေရာတစ်ခုပင် ဖြစ်တော့ သည်။ စာကြည့်တိုက်များတွင် နိုင်ငံတော်စာကြည့်တိုက် တစ်နည်း အမျိုးသားစာကြည့်တိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက်၊ ကျောင်းနှင့်တက္ကသိုလ်များက ထူထောင်ထား သော စာကြည့်တိုက်၊ ကလေးစာကြည့်တိုက်၊ နယ်လှည့်စာကြည့်တိုက်ဟူ၍ မြားမြောင်စွာရှိနေပြီဖြစ်ရာ မိမိနှင့်နီးစပ်သည့် မည်သည့်စာကြည့်တိုက်မဆို သွားရောက်ငှားရမ်း ဖတ်ရှုနိုင်နေပြီဖြစ်သည်။ စာဖတ်ခြင်းအလေ့ကို မိမိဘာသာပြုစုပျိုးထောင်နိုင်ရန် စာကြည့်တိုက်ကို အားကိုးနိုင်မည်ဖြစ်သည်။
သို့ရာတွင် စာဖတ်ခြင်းမှအကျိုးများ ပြည့်ပြည့်ဝဝရနိုင်ရန်မှာ စာဖတ်ရာတွင် နည်းစနစ်ကျရန် လိုအပ်သည်။ ဦးစွာ၌စာအုပ်ကောင်းများကို မိတ်ဆွေကောင်းများအား ရွေးချယ်ရသကဲ့သို့ ရွေးချယ်ရပေလိမ့်မည်။ စာအုပ်များ၌ မိမိစိတ်ကို ဖြေဖျော်ပေးသည့် စာအုပ်ကတစ်မျိုး၊ မိမိအား ဉာဏ်ပညာဗဟုသုတ အတွေးအခေါ် ရင့်သန်အောင် သွန်သင်ပေးသည့် စာအုပ်ကတစ်မျိုးဟူ၍ ရှိလေသည်။ အခါ ကာလအားလျော်စွာ မိမိစိတ်ကြိုက်လည်းဖြစ်၍ မိမိအားလည်း အကျိုးတရား ပွားများစေသော စာအုပ်ကိုရွေးချယ် တတ်ရမည်။
စာဖတ်ခြင်းနည်းကို ပညာရှင်အမျိုးမျိုးတို့ကညွှန်ပြခဲ့ကြရာတွင် ဂမ္ဘီသာရပျို့လာ ရှင်မဟာရဋ္ဌသာရ၏ “သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ၊ အက္ခရာစွဲသုံး၊ ဤ ရှစ်လုံးကို၊ သီကုံးပန်းသွင်၊ နေ့တိုင်း ဆင်လော့၊ စာသင်ပျိုနု၊ အခြေပြုတို့” ဟူသော ဩဝါဒသည် တန်ဖိုးအရှိဆုံးဖြစ်သည်ဟု ယူဆထိုက်လေသည်။ ထိုအက္ခရာရှစ်လုံးမှာ အကျဉ်းပြသော ပါဠိစကားများဖြစ်သည်။ အဓိပ္ပာယ်မှာ-
သု သုဏေယျ ကြားနာရာ၏။
စိ စိန္တေယျ ကြံစည်ရာ၏။
ပု ပုစ္ဆေယျ မေးမြန်းရာ၏။
ဘာ ဘာသေယျ ပြောဆိုရာ၏၊
ဝိ ဝိစာရေယျ ဆင်ခြင်ရာ၏။
လိ လိခေယျ ရေးသားရာ၏။
သိ သိက္ခေယျ လေ့ကျင့်ရာ၏။
ဓာ ဓာရေယျ နှုတ်ငုံဆောင်ရာ၏ ဟူ၍ပင်ဖြစ်သည်။ ထိုအင်္ဂါရှစ်ပါးမှာ စာဖတ်ခြင်း၏ အခြေခံဖြစ်သည်။ ထိုရှစ်ပါးတို့အနက် စာဖတ်၍ ကြားသိ ရသော ဗဟုသုတတို့ကို ကြံစည်ပြီးလျှင် မရှင်းမလင်းသည်တို့ကို သူတစ်ပါးအား မေးမြန်း၍ ဆွေးနွေးပြောဆိုသင့်သည်။ သို့မှသာလျှင် အကောင်းအဆိုးတို့ကို ဆင်ခြင်ဝေခွဲနိုင်မည်ဖြစ်သည်။ ဤသို့ ပိုင်းခြားဝေဖန်ကြည့်ပြီးသော် စာ၏ အမြုတေတို့ကို ရေးမှတ်ခြင်း၊ လေ့ကျင့် ခြင်း၊ အာဂုံဆောင်ခြင်းတို့ကို ပြုလုပ်သင့် သည်။
သကြားသည် ချိုသည်။ ဆားသည်ငန်သည်။ ချိုခြင်း၊ ငန်ခြင်းကို သာမန် အားဖြင့် သိကြသည်။ ချိုသောအရသာ သိဖို့ရာအတွက် သကြားကို စားသင့် သည်။ ငန်သောအရသာ သိဖို့ရာအတွက် ဆားကို မြည်းသင့်သည်။ သို့မှသာ ချိုခြင်းငန်ခြင်းသည် ပီပြင်မည်ဖြစ်သည်။ ထို့နည်းတူ စာကိုလည်းဖတ်ပါဟု တိုက်တွန်းလိုသည်။ မည်သည့်အကျိုး ကျေးဇူးရမည်နည်းဟူသည် သင်စာဖတ် ပါမှ သိမည်ဖြစ်သည်၊ ထို့ကြောင့် စာဖတ်ပါ ဟု တိုက်တွန်းရခြင်းဖြစ်ပါသည်။ ။
မှီငြမ်း
၁။ မြန်မာ့စွယ်စုံကျမ်းအတွဲ (၃)